>Nyi Min Yu – Articles

>

ဆုံးရှုံးခဲ့သောညများစွာနှင့် အိပ်မက်ဆိုးမှနိုးထသော် – အပိုင်း (၂)
ညီမင်းယု
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

အခန်း (၄)

၁၉၈၉ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် အဖွဲ့ချုပ်ရုံးတည်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတွင် မဟာသင်္ကြန်သံချပ်ပြိုင်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သန်လျင်မြို့နယ် (လူငယ်) များကို ဦးဆောင်ကာ သံချပ်ပြိုင်ပွဲဝင်ရောက်ခဲ့ပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သတ် ပြီး ကျနော်အား သန်လျင်မြို့နယ်အဖွဲ့ချုပ်ရုံးတည်ရှိရာ ဈေးအရှေ့ဘက်ရုံးခန်းသို့ စစ်အ၀တ်အစားအပြည့်အစုံဖြင့် သက်ဆိုင်ရာမှ အဖွဲ့ ချုပ်မြို့နယ်ရုံးခန်းအတွင်း လက်နက်ဖြင့်ဝင်ရောက်၍ဖမ်းဆည်းသည့်အခါ ကျနော်သည် မျက်နှာချင်းဆိုင်မှရှောင်တိမ်းသွားခဲ့ပါသည်။ ၎င်း နောက်မြို့နယ်/ ရပ်ကွက်/ ကျေးရွာများကို ပုန်းခိုနေရာမှ စည်းရုံးရေးဆင်းခြင်း၊ မြို့နယ် NLD ၏နိုင်ငံရေးလုပ်ဆောင်ချက်များပြုလုပ်နေခဲ့ ပါသည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ “၁”ရက်နေ့တွင် သန်လျင်မြို့နယ် NLD လူငယ်များ၏ နိုင်ငံရေးပါတီတွင်ထုတ်ဝေသည့် 7 July အထိမ်းအမှတ် စာအုပ်ထုတ်ဝေရေးသားရာတွင် ကိုယ်တိုင်ရေးလက်ရေးဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။

၁၉၈၉ ခုနှစ် ဇူလိုင်လ “၇” ရက်နေ့တွင် သန်လျင်မြို့နယ် ဒီမိုရေစီအင်းအားစုများမှ ကျင်းပသော ဇူလိုင် (၇) ရက် အခမ်းအနားသို့ အဖွဲ့ ချုပ်မြို့နယ်ရုံးတွင် ဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပြီး မိမိယာယီနေထိုင်လျက်ရှိသော တာမွေမြို့နယ် အောင်မင်္ဂလာသို့ အပြန်ခရီးတွင် သန်လျင်ြ မို့နယ်လူငယ်အဖွဲ့ဝင် အောင်ကြည်စိုး၊ မရီရီချိုတို့နှင့်အတူ မြင်းလှည်းဌားစီး၍ပြန်ခဲ့ပါသည်။ ရေနံအရာရှိရိပ်သာ ဆင်ကျုံး ကုန်းဆင်း အရောက်တွင် သေနတ်သံဟုထင် မှတ်ရသော အသံကြားရ၍ “ရေနံချက်စက်ရုံမှ နေ့ခင်းကြောင်တောင် ဆီသူခိုးများကို ပစ်သတ်လိုက်ပြန်ပြီ ငါတောင် နားရွက်လှုပ်သွားတယ်” ဟုမြင်းလှည်းပေါ်ရှိသော လူငယ်များအားနောက်ပြောင်ပြောဆိုပြီး ကြားသဘောင်္ခေါက် ၁၂း ၃၀ နာရီ တွင် ရန်ကုန်သို့လိုက်ပါခဲ့ပါသည်။ ၎င်းနောက် ကျနော်အား လိုက်လံပို့ဆောင်သူလူငယ်နှစ်ဦးအား မနက်ဖြန်အဖွဲ့ချုပ် (လူငယ်) တိုင်းအစည်း အဝေးကိုတက်ရောက်ရန် မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့အား ခေါ်ဆောင်ခဲ့ပါရန်နှင့် ကျနော်သည် ညောင်တန်းသင်္ဘောဆိပ်မှ စောင့်နေ မည်ဖြစ်ကြောင်းပြောဆို၍ ယာယီနေထိုင်ရာ တာမွေသို့ရောက်ရှိ၍ ညအိပ်ခဲ့ပါသည်။

၉၈၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ကျနော်မှာကြားထားသော လူငယ်များအား သွားရောက်စောင့်ကြိုရန် သီတာသင်္ဘောဆိပ်သို့ လမ်း လျှောက်ခဲ့ပါသည်။ ၎င်းအချိန်တွင် ကျနော်၏အိတ်ထဲတွင် အသုံးစရိတ်ငွေ (၁၀၀) ကျပ်သာရှိသည်အတွက် ကားမစီးပဲ ကုန်းကြောင်းလျှောက် ၍ သွားစောင့်ခဲ့ပါသည်။

မနက် (၇) နာရီကျော်ကျော် သင်္ဘောဆိုက်သောအခါ မြို့နယ်လူငယ်များဖြစ်သော “မိုးကျော်သူ၊ အောင်ကြည်မိုး၊ ဆန်းဦး၊ ရီရီချို၊ ဘိုအောင် မြင့်၊ မဇာနည်အပါဝင် လူငယ်(၁၀) ဦးနီးပါးသည် ကျနော်အားမြင်သည်နှင့် ငိုကြွေးကြခြင်း၊ ဒေါသဖြစ်ကြခြင်းနှင့် ကြိတ်မနိုင်ခဲမရဖြစ်ကာ“မနေ့ က သန်လျင်တွင် ဗုံးပေါက်ကွဲတယ်။ အဲဒါကို ညီသွားမှဖြစ်တဲ့အတွက် သက်ဆိုင်ရာက သတင်းလွှင့်ကြသလို မြို့နယ်တွင်းလူကြီးအချို့ ဖြစ် သော“မခ” (မျိုးချစ်ရဲဘော်ဟောင်းများ) မှ လူအချို့ကလည်း မလိုမုန်းတီးသတင်းလွှင့်ကြသလို မြို့နယ်တွင်းတာဝန်ရှိသူများအား စွပ်စွဲမှု၊ သံသယတို့အား ကျိုးကြေပျက်စေရန်နှင့် မိမိမဟုတ်သောဖြစ်စဉ်ကိစ္စရပ်အား ပါတီတွင်းတာဝန်ရှိသူများအား အသိပေး၍ တက်ရောက်လာ သောလူငယ်များနှင့်အတူ လက်မှတ်ရေးထိုးတင်ပြခဲ့ပါသည်။ ၎င်းတို့နှင့် ရေးထိုးထားသောစာရွက်များကို ရန်ကုန်တိုင်းစည်း ဦတင်မောင် ၀င်းနှင့် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၀င်းလှိုင်၊ မောင်မောင်ဦး၊ ဇော်မျိုးအောင်တို့အားပေးအပ်ခဲ့ကာ “၎င်းတိုင်းအဖွဲ့မှ ကျနော်အား သန်လျင် ပြန်၍ ပါတီတွင်းနိုင်ငံရေးကိစ္စရပ်များဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။ မိမိနှင့်အတူပါလာသူများအား မြို့နယ် ယာယီလုပ်ငန်း အဖွဲ့ဖွဲ့၍ ပြန်လည်လုပ်ဆောင်ခွင့်ပေးအပ်ပါသည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် (၉) ရက်နေ့တွင် သန်လျင်မြို့နယ်သို့သွားရောက်ခဲ့ပြီး သင်္ဘောဆိပ်အနီးကမ်းနားဈေးရှေ့ရှိ ဆေးကုခန်းဖွင့်ထားသော ဒေါက်တာဝင်းနိုင်ထံ မနက် (၉) နာရီလောက်တွင် ရောက်ရှိခဲ့ပါသည်။ ဒေါက်တာဝင်းနိုင်မှ ဖားကူးကျေးရွာတွင်း NLD ပါတီတွင် ပဋိပက္ခများ ရှိနေကြောင်း၊ လူငယ်များနှင့် လူကြီးများပြဿာနာများ၊ (၁၉) ဇူလိုင်အခမ်းအနား မြို့နယ်တွင်း ပြုလုပ်ရန်ဖိတ်ကြားစေပြီး စည်းရုံးရေး ခရီးစဉ်များကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အဖော်အဖြစ် ဘိုအောင်မြင့်အား ခေါ်ဆောင်ကာ ကျေးရွာများသို့ စတင်ခရီးဆက်ခဲ့ပါသည်။ ၎င်းနေ့တွင် ညောင်လေးပင်ကျေးရွာ ဦးမြင့်ဆွေအိမ်တွင် ညအိပ်တည်းခိုခဲ့ပါသည်။

၁၉၈၉ ခုနှစ် ဇူလိုင် (၁၀) ရက်
ကုလားဝဲ၊ ငပ၊ ငပြေမ၊ ညောင်လေးပင်ကျေးရွာများတွင် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာလုပ်ငန်းကိစ္စများအား ပြောဆိုခြင်း၊ ရပ်ကျေး များ၏အခြေအနေများ ဆွေးနွေးညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပြီးနောက် စီကုန်းကျေးရွာသို့ခရီးဆက်ကာ စီကုန်းကျေးရွာမှ ဒေါက်တာဘိုင် လေးအိမ်တွင် ညအိပ်တည်းခိုခဲ့ပါသည်။ ဒေါက်တာဘိုင်လေးအိမ်တည်းခိုနေစဉ် ည (၈) နာရီသတင်းတွင် မြို့တော်ခမ်းမ ဗုံးပေါက်ကွဲခြင်း သတင်းကိုကြားရ၍ အံ့သြတုန်လှုပ်ဖြစ်မိပါသည်။ ၎င်းအိမ်မှာနောက်တစ်နေ့ မနက်တွင် ကဒတ်ဖျား၊ လဟာရက်၊ သပြေကုန်းနှင့် နီးစပ်ရာ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြီးနောက် စီကုန်းကျေးရွာ ဒေါက်တာဘိုင်လေးအိမ်တွင် ညပြန် အိပ်ခဲ့ပါသည်။

၁၉၈၉ ခုနှစ် ဇူလိုင် (၁၂) ရက်နေ့တွင် စီကုန်းရွာ ဒေါက်တာဘိုင်လေးအိမ်မှာ မနက်စောစောခရီးဆက်ကာ နေ့လည် (၁၂) နာရီလောက်တွင် ဒေးဇတ်ရွာသို့သွားရောက်ခဲ့ပါသည်။ နေ့လည် (၂:၃၀) နာရီ ပတ်ဝန်းကျင်တွင် ဖားကုးရွာသို့ရောက်ရှိခဲ့ပြီး မော်တော်ဆိပ်တွင် ဖားကူး အရှေ့ကျေးရွာ NLD တာဝန်ခံ ဒေါက်တာထွန်းသူနဲ့တွေ့ပါသည်။ “ဆရာမှ ငါမော်တော်ဆိပ်မှာ ရေခဲယူပြီးလိုက်ခဲ့မယ်။ အိမ်ကိုသွားနှင့်ကြ” ဟုပြော ပြီး ကျနော်၌ပါလာသော အ၀တ်အစားအိတ်အား ကျေးရွာလူငယ်တစ်ဦးအား သယ်ယူသွားစေပါသည်။

ကျနော်နှင့် ဘိုအောင်မြင် တို့သည် ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာရာ ဖားကူးအရှေ့ အနောက်ကျေးရွာနှစ်ရွာ၏ ရွာလယ်တံတား ထိပ်အရောက်တွင် နောက်နားဆီမှ “ကိုညီ….ကိုညီ” ဟုခေါ်သံကြား၍ လှည့်ကြည့်မိပါသည်။ မိမိ၏နာမည်ခေါ်သူမှာ မြို့နယ်လူငယ်အဖွဲ့ဝင် မရီရီချိုအားတွေ့ သောအခါ ကျနော်မှ “နင်က ဘာဖြစ်လို့လိုက်လာတာလဲ။ ညအိပ်၊ ညနေခရီးများတွင် အမျိုးသမီးအဖွဲ့ဝင်များအား ကျေးရွာများသို့မလိုက်ရန် ပြောထားလျက် ဘာကိစ္စရောက်နေတာတုန်း” ဟုပြောသောာအခါ ၎င်းမှ “ဒီရွာတွင် နာရီဝက်အတွင်း ကိုညီကိုဖမ်းမည်ဖြစ်ကြောင်း၊ ယခုတံ အားအောက်တွင် မော်တော်ရှိနေ၍ အမြန်ဆုံးတိမ်းရှောင်ရန်” ဟုပြောသောအခါ ကျနော်သည် “အဲဒါအရေးမကြီးဘူး။ ကိုမင်းကိုနိုင်၊ ကိုကို ကြီး၊ စိုးသိန်းတို့တောင်ဖမ်းထားပြီပဲ ဖမ်းချင်ဖမ်းပါစေ ပြဿနာမရှိပါဘူး။ လောလောဆယ် ကော်ဖီဝင်သောက်မယ်” ဟုပြောကာ ဖားကူးရွာ တံတားထပ်ရှိ ကော်ဖီဆိုင်သို့ဝင်ခဲ့ပါသည်။ ကျေးရွာကော်ဖီဆိုင်များဖြစ်သည့်အတွက် ခုံတန်းရှည်တွင်ထိုင်ရပြီး ကျနော်တို့ (၃) ဦးသည် လမ်းဘက်ကိုမျက်နာမူကာ ထိုင်သောက်ပါသည်။

မိမိထိုင်ရာခုံတန်းမျက်နှာစာ အခြား ဘက်အခြမ်းတွင် ယောက်ျား (၃) ဦးထိုင်နေပြီး ၎င်းတို့ထဲမှ အစွန်က ကျနော်နှင့်မျက်နှာချင်းဆိုင်လူသည် ကျနော်အား “မင်း….ညီညီ…ညီညီဦး၊ ဟံသာဝတီ ညီမင်းယု မဟုတ်လား” ဟု ပြောပြောဆိုဆို နားထင်ကို ခြောက်လုံးပြူးသေနတ်ဖြင့် ထိုးချိန်ထားပါသည်။ ကျန်ရှိနေ သောလူများကလည်း ၀ုန်းကနဲထကာ ကျနော်၏ခန္ဓာကိုယ်အား (Body Search) ရှာဖွေရေးလုပ်ပါသည်။ ကျနော်ထံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အင်အားစုဆောင်းရေးဖောင်များမှလွဲပြီး အခြားမည်သည့်လက်နက်၊ စာရွက်စာတမ်းများ မတွေ့ရှိပါ။ ချွန်ထက်သောအရာဆိုလို့ ဘောပင်သာပါရှိပါသည်။ ၎င်းနောက် တစ်ဦးက “မင်းကိုမေးစရာရှိလို့”… “မေးပါ မေးရင်လိုက်မှာပေါ့။ ခင်ဗျားချိန်ထားတဲ့သေနတ်ကြီးကို ဖယ်လိုက်ပါ။ ကျနော်လိုက်ခဲ့မှာပါ” ဟုပြောခဲ့ပါသည်။ ချက်ချင်းဆိုသလို လက်နောက်ပြန် လက်ထိပ် ခတ်ပြီး နွားနဖားကြိုးချည်သောကြိုးများဖြင့် ဆိုင်းနှောင်တုတ်ကာ ဖားကူးရွာမော်တော်ဆိပ်သို့ ခေါ်ဆောင်သွားပါသည်။ မော်တော်ဆိပ် တွင်ခေတ္တထိုင်စေပြီး ၎င်းတို့ကွယ်ဝှက်ထားသော တပ်မတော်ရေတပ်ပိုင် မော်တော်ဘုတ်ပေါ်တင်ဆောင်၍ သန်လျင်သဘောင်္ဆိပ်သို့ ခေါ် ဆောင်သွားခဲ့ကြပါသည်။ သန်လျင်သဘောင်္ဆိပ်မှ ဆိပ်ခံဘောတံတားပေါ်တွင် ရပ်ထားသောဂျစ်ကားဖြင့် မိမိအားခေါင်းစွပ်စွပ်၍ သန်လျင် မြို့နယ် SB သတင်းမှုခင်းတပ်ဖွဲ့ တင်အေးရုံးထိုင်ရာသို့ ခေါ်ဆောင်သွားကြပြီး ရှာဖွေပုံစံထပ်မံပြုလုပ်ကာ ချက်ချင်းဆိုသလို သီတာ သဘောင်္ဦးခန်းမှ ရန်ကုန်မြို့ အောင်သပြေတပ်ခွဲစစ်ကြောရေးစခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ SB တင်အေးနှင့် ဖမ်းဆီးလာသူများ တီးတိုး ပြောနေကြသည်ကို တွေ့ရပါသည်။ ၎င်းအချိန်တွင် ခေါင်းစွပ်မစွပ်ထားပါ။

အောင်သပြေ တပ်ခွဲရုံးသို့ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး ရောက်လျင်ရောက်ချင်းဆိုသလို ဗလတောင့်တောင့် အသက် (၃၅) ၀န်းကျင် လူတစ်ဦးသည် ကျနော်အား လက်မြှောက်၊ လက်ထိပ်ခတ်ပြီး ကျနော်၏ကျောကုန်းကို ဖွဲအိတ်အလားစတင်၍ ထိုးကြိတ်ပါတော့သည်။ ၎င်းနောက် ညပိုင်းမှစ၍ လက်ထိပ်နှစ်ကွင်းခတ်ကာ ရိုက်နှက်စ်ဆေး ပါတော့သည်။ ၎င်းလက်ထိပ်နံပါတ်များမှာ (၁၀၇၃) နှင့် (၁၀၇၅) တို့ဖြစ်ကြပါသည်။ ထို့နောက် ရိုက်နှက်စစ်ဆေးခြင်းအား မပြုလုပ်ရန်နှင့် မိမိကိုယ်တိုင်လုပ်ခဲ့သော စာအုပ်ထုတ်ဝေ ခြင်းသည် မှန်ကန် ကြောင်း၊ ၀န်ခံပါသော်လည်း ၎င်းတို့မှ သိချင်တာဒါမဟုတ်ဘူး “သန်လျင်ရေနံချက်စက်ရုံကို ဗုံးခွဲခြင်း၊ မြို့တော်ခမ်းမကို ဗုံးခွဲခြင်းကိုသိချင် နေတာ” “မင်းကလက်ရေးမျိုးစုံရေးတတ်တယ်။ ဒီတော့မင်းမလိမ်နဲ့ ရေးစမ်း”ဟုပြောကာ ကျနော်အား လက်ရေးများရေးခိုင်းပါသည်။ ကျနော်သည် ရေးတတ်သောလက်ရေးမျိုးစုံအား ရေးကာပြသော်လည်း “ဒါမင်းလိမ်နေတာ” ဟုပြောကာ ရိုက်နှက်စစ်ဆေးပါသည်။ မည် သည့်အစားအသောက်ကိုမျှမကျွေးဘဲ နေ့ဆိုတာ မသိ၊ ညဆိုတာမမြင်ရအောင် မျက်နှာကိုစည်းနှောင်ထားပါသည်။ ၎င်းတို့စာရေးခိုင်းချိန် တွင် လင်းခြင်း၊ မှောင်ခြင်းသာသိရပါသည်။ မည်သည့်ရက်ကိုမျှ မသိရပါ။

ထို့နောက် သက်ဆိုင်ရာ စစ်ကြောရေးအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ မောင်မောင်စိုး၊ ရဲမှူးအဆင့်ရှိသူ မျိုးလွင်တို့မှ “မင်းကို ငါတို့အရာရှိနဲ့ တွေ့ ပေးမယ်” ဟုပြောပြီး ပေးတွေ့ပါသည်။ ၎င်းအရာရှိမှ “မင်း အမှန်အတိုင်းပြောရန်” ပြောသည့်အခါ “ကျနော်သည် ကိုယ်တိုင်ကျူးလွန်ခြင်းမရှိကြောင်း၊ မပတ်သတ်ကြောင်း၊ မတရားလုပ်ခြင်းကို ပြန်၍တရား စွဲမည်ဖြစ်ကြောင်း” ပြောမိပါသည်။ ကျနော်၏စကားကို မကျေနပ်၍ စစ်ကြောရေးအဖွဲ့ဝင်များသည် ပို၍ပြင်းထန်သော ရိုက်နှက်ခြင်းများ၊ စိတ်ပိုင်းဆိုင်ရာထိတ်လန့်စေသော စစ်ဆေးခြင်းများ ပြုမူဆောင်ရွက် ကာ နှိပ်စက်ပါတော့သည်။ ၎င်းနောက်တွင် စစ်ကြောရေးအဖွဲ့ဝင်များသည် ဓါတ်ပုံဖလင် ရိုက်ကူးထားသော လက်ရေးမူတစ်ခုအားပြကာ ကျနော်အား ဗလာစာရွက်အလွတ်ပေါ်တွင် ကူးယူရေးခိုင်းပါသည်။ ကျနော်မှကူးယူနေစဉ် “အောင်နိုင်” ဟု လက်မှတ်ထိုးပေးရပါသည်။ ရက်စွဲတပ်ထားပုံမှာ လက်မှတ်၏အောက်ခြေတွင်တည်ရှိနေပြီး ဓာတ်ပုံဖလင်ပေါ်မှ ရက်စွဲသည် 7.7.89 ဟုပါရှိပြီး ခုနှစ်ဂဏန်းကို အလယ်မှ အဖြတ်ထည့်ထားပါသည်။ ကျနော်၏လက်မှတ်လက်ရေးသည် အောင်နိုင်ဟုတူအောင် ဆင်တူရိုးမှားထိုးခဲ့ရသော်လည်း ခုနှစ်ဂဏန်းကို အဖြတ်မထားသော 7.7.89 ဟုလုပ်ခဲ့ပါသည်။ ၎င်းစာသည်“ဦးကျော်စိန်ဝင်း၊ အင်ဂျင်နီယာချုပ်၊ ရေနံချက်စက်ရုံ၊ သန်လျင်”ဟုမော်လမြိုင်စာ တံဆိပ် ပါရှိခဲ့ပါသည်။ ၎င်းတို့သည် ဆက်လက်ရိုက်နှက်စစ်ဆေးပြီး မှတ်မှတ်ရရ မုန့်ဟင်းခါးတစ်ပွဲကျွေးပါသည်။ ပြီးနောက်တွင်“၎င်းဗုံးကွဲခြင်း ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် စေခိုင်းခြင်းလား၊ ဦးတင်ဦးစေခိုင်းတာလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင်လုပ်တာလား” ဟု တစ်ခုခုကို အဓမ္မ၀န်ခံခိုင်းပါသည်။ ကျနော်မှ ၎င်းကိစ္စရပ်ကို တာဝန်ယူရမည့်သူဖြစ်သည့်အားလျှော်စွာ ကိုသန်းဇော် (ယခု သရက်ထောင်တွင်ရှိနေသူ)အား တွေ့ခွင့်ပြုရန် ပြောပါသည်။ ၎င်းတို့သည် ကျနော်နှင့်ကိုသန်းဇော်အားပေးတွေ့စေပြီး နှစ်ဦးစလုံးအား တင်းမာကြောင်းပြောကာ ရိုက် နှက်ကျောက်ကြပါသည်။ ထိုအချိန်တွင် ကျနော်မှ “သည်ကိစ္စကို ကျနော်ကြည့်ပြီးလုပ်မယ်” “ကိုသန်းဇော် အဆင်ပြေသလိုလုပ်တော့” ဟုပြောပြီး လမ်းကြောင်းရွေးချယ်ကာ လုပ်ကြံဇာတ်လမ်းစတင်ခဲ့ပါသည်။ ၎င်းဗုံးသည် “မိုးသီဟထံမှရရှိကြောင်း” ပြောသည့်အခါ မိုးသီဟ အား ထောက်လှမ်းရေးအဖွဲ့မှစတင်ရှာဖွေပါသည်။ အမှန်စင်စစ် မိုးသီဟသည် ၁၉၈၉ ခုနှစ် မတ်လ အကုန်တွင် အဝေးသို့ထွက်ခွာသွားသော တောခိုကျောင်းသားတစ်ဦး ဖြစ်ပါသည်။ ကျနော်မှ နောက်ဆက်တွဲကိစ္စများအားဖြတ်သည့်အနေဖြင့် မြန်မာပြည်တွင်း၌ရှိမနေသော မိုးသီဟဆိုသူအား လှီးလွှဲခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ မိုးသီဟသည်ပင် ကိုယ်တိုင်ပါဝင်ခြင်းမရှိသော အဝေးတစ်နေရာမှ ရှင်းချက်ထုတ် မည်ကိုတွက်ဆ၍ မိမိသည်ပင် အခက်အခဲများကြောင့်ပြောခြင်းကိုနားလည်မည်ဟု ယုံကြည်စွာဖြင့်“ကိုမိုးကြီး/မိုးသီဟ”အား ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

၎င်းနောက်ထပ်မံရိုက်နှက်စစ်ဆေးရာတွင် မေ့မျောသွားခဲ့ပါသည်။ကျနော်သတိရသည့်အခါ ထောက်လှမ်းရေးဝင်းအစောင့် လုံထိန်းတပ် သားတစ်ဦး၏ ပြောကြားချက်အရ (၁၇) ရက်နေ့ဖြစ်ကြောင်း သိရပါသည်။ သတိရချိန် မနက်စောစောပိုင်းတွင် ကျနော်၊ သန်းဇော်၊ မိုး ကျော်သူအား ထမင်းကျွေးပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့တောင်ခဲ့ပါသည်။ အင်းစိန် အကျဉ်းထောင်တိုက်နံပါတ် (၆)၊ အခန်း (၁) တွင် ထည့်သွင်းထားပါသည်။ ထောင်တွင်းသို့ရောက်လျှင်ရောက်ခြင်း အုတ်နံရံကိုမှီ၍ တွေဝေနေစဉ် ဘေးအခန်းမှ သီချင်းဆိုသံကြားရပါသည်။

“နေညိုနေပြီ … ညီမလေးရေ … တို့ တိုင်းပြည်သွားပြီလေ”
“သေနတ်သံကြားရင်… အသက်စွန့်သွားတဲ့ … ညီအကိုများအတွက် … အဆုံးကမ္ဘာမကြေ …”

ဆိုသည့်သီချင်းသံကြောင့် ဆတ်ကနဲထထိုင်ပြီး နားစွင့်မိပါသည်။ ၎င်းဘက်အခန်းမှ …
“ဘယ်သူလဲ” “ကျနော် ညီညီဦး သန်လျင်ကပါ”
“OK ငါက မြတ်စံ၊ ဘာဘာကြီးနှင့် သုံးရောင်ချယ် ခြံထဲရှိကျောင်းသားများ ဖြစ်ကြောင်း” သိရပါသည်။

၎င်းတို့အား အဖွဲ့ချုပ်ထံသို့ ယခုဖြစ်ပွားခဲ့သော ပြစ်မှုသည် ကျနော်တို့မဟုတ်ကြောင်း၊ ပါဝင်ပါတ်သတ်ခြင်းလုံးဝမရှိကြောင်း၊ စကားပြောခွင့် မပေးဘဲ တိုက်ခန်းရှေ့ သစ်သားတံခါးအား ပိတ်ကာ အမှောင်ထားခဲ့ပါသည်။ရက်မမှတ်မိတနေ့တွင် သက်ဆိုင်ရာထောင်ဝါဒါနှင့် ထောက် လှမ်းရေးမှ ခေါင်းစွပ်စွပ်ကာ ထောင်ဗူးဝသို့ခေါ်ဆောင်သွားပါသည်။ ထောင်ဗူးဝရုံးတွင် တရားသူကြီးတစ်ဦးနှင့် ရှေ့နေမဟုယူဆရသူ အမျိုးသမီးတစ်ဦး၊ လက်နှိပ်စက်စာရေးတစ်ဦးနှင့်အတူ ထောက်လှမ်းရေးများ ရှိနေပါသည်။ ဗီဒီယိုကင်မရာများချိန်ကာ ကျနော်အား ဓာတ် ပုံရိုက်မေးမြန်းပါသည်။ ကျနော်မှ သည်ကိစ္စသည် ထောက်လှမ်းရေးများမှ မိမိအား“ဒေါ်အောင်ဆန်းစုကြည်ခိုင်းတာလား၊ ဦးတင်ဦးခိုင်းတာ လား” ဟု မေးမြန်းကြောင်းပြောသည့်အခါ ချက်ချင်းဆိုသလို ဗီဒီယိုရိုက်ခြင်းကိစ္စကို ရပ်ဆိုင်းမီးမှိတ်ပြစ်လိုက်ပြီး၊ ကျနော့်ကို ဟောက်ငမ်းကာ ထောင်တွင်းသို့ ပြန်လည်ပို့ဆောင်သွားပါသည်။

၂၇.၇.၁၉၈၉ ရက်နေ့ နံနက် (၉) နာရီလောက်တွင် ကျနော်အား ထောင်ဝါဒါများမှ ရေချိုးထားရန်လာရောက်ပြောဆိုသဖြင့် ရေချိုးရပါသည်။ ကျနော်ရေချိုးပြီးချိန် (၁၀း ၀၀) နာရီကျော်ကျော်တွင် ထောင်ဝါအချို့နှင့် ထောက်လှမ်းရေးများသည် ခေါင်းစွပ်စွပ်၍ မိန်းဂျေးသို့ခေါ်ဆောင် ကာ ကားပေါ်တင်ခေါ်သွားပါတော့သည်။

ကျနော်သည် ခေါင်းစွပ်ဖြင့် ၎င်းတို့တွဲခေါ်ရာနောက်သို့ လိုက်ပါခဲ့ရပြီး မည်သည့်အရပ်၊ မည်သည့်နေရာရောက်မည် ဆိုတာကိုလုံးဝမသိရပါ။ ထို့နောက် ထိုင်ခုံတစ်ခုတွင်ထိုင်စေပြီး ခေါင်းစွပ်ချွတ်လိုက်သောအခါ ကျနော်၏နံဘေးတွင် “ကိုသန်းဇော်၊ကိုမိုးကျော်သူ”တို့အား တွေ့လိုက် ရပြီး ရှေ့တူရှုတွင် နိုင်ငံတော်အလံပုံနှင့် စစ်ခုံရုံးအမှတ် (၁) ဟုရေးထားကာ ခုံရုံးဖွဲ့ထားကြောင်း သိရပါသည်။ ၎င်းနောက် လုံခြုံရေးတပ်ဖွဲ့များ ၀န်းရံထားပြီး အထူးစစ်တရားခုံရုံး တရားသူကြီးများ ရောက်ရှိလာကာ သက်ဆိုင်ရာတရားလို ထောက်လှမ်းရေးမှ စွဲချက်တင်၍ စစ်ဆေးပါ သည်။ ၎င်းဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သော “တရားလို ဦးကျော်စိန်ဝင်းအား စစ်ဆေးသည့်အခါ ၎င်းမှ မည်သူမည်ဝါကိုမသိကြောင်းကို လည်းကောင်း၊ တရားလို ထောက်လှမ်းရေးမှ သွန်သင်ထားသည့်အတိုင်း မြို့နယ် NLD လူငယ်အချို့သည် ထောက်လှမ်းရေးအလိုကျ ထွက်ချက်များပြုစေပြီး တရားသူကြီး ဒုဗိုလ်မှူးကြီးအောင်ညွှန့် (လေ) မှ တရားခံ ကျနော်တို့အား အပြစ်ရှိ/မရှိ မေးမြန်းပါသည်။ ကျနော် အပါအ၀င် သုံးဦးစလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုအကြောင်းပြချက်များကြောင့် ခုံရုံးတရားသူကြီးများမှာ ရမန်ချိန်း (ရုံးချိန်း) ထပ်မံပေးရန် ပြောပါသည်။ ဤသည်ကိုတရားလို စစ်ထောက်လှမ်းရေးများမှ မလိုအပ်ကြောင်း ချက်ချင်းစီရင်ချက်ချသင့်ကြောင်း စောဒကတက်ပြော ဆိုပါသည်။ ထို့နောက်တွင် ကျနော်တို့သုံးဦးစလုံးအား ထောင်တွင်းပြန်လည် သွင်း၍သွားပါသည်။ နေ့လည် (၁း ၀၀) နာရီကျော်တွင် ထောင်တွင်းမှ ထပ်မံထုတ်၍ ကျနော်၊ သန့်ဇော်၊ မိုးကျော်သူအား အပြစ်ရှိကြောင်းထင်ရှားသဖြင့် သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှု မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုတို့ဖြင့် ပုဒ်မ ၃၀၂/၁ (ခ)၊ ၃၂၆/၃၄ အရ အက်ဥပဒေပုဒ်မ ၃၊ ၁၉၀၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၃/၃၄ တို့ဖြင့် သေဒဏ်အမိန့်ကို ချမှတ်လိုက်ပါသည်။ အမိန့်စီရင်ချက်ချမှတ်ခြင်းခံရသော ကျနော်တို့သည် ချက်ချင်းဆိုသလို ကမ္ဘာမကျေသီချင်းကို သီဆိုကာနေခဲ့ပါသည်။ဤရုံးတော်တွင် ကျနော်တို့ ဘက်မှခုခံချေပပိုင်ခွင့်၊ ရှေ့နေ၊ ရှေ့ရပ်များ ပါဝင်သောတရားပြိုင်ဆိုင်ခွင့်များ လုံးဝမရ ရှိခဲ့ဆိုသလို မိဘဆွေမျိုးအသိုင်းအ၀န်းများလည်း သိရှိခွင့်မရှိပါ။ကျနော်၏ထွက်ဆိုချက် လုပ်ကြံဇာတ်လမ်းတွင်ပါဝင်သော “မိုးသီဟ”အား ၎င်းမျက်ကွယ် သေဒဏ်ချမှတ်ခဲ့ပါသည်။

မိသားစုမစုံ
ဆွေမစုံ မျိုးမစုံ
အသိမစုံ …. တိတ်တဆိတ်ခုံက
ဤသို့ … ဤနှယ် ပြိုင်ဆိုင်ခွင့်မဲ့
စီရင်ချက်က …“သေဒဏ်” တဲ့ …။

သေဒဏ်အမိန့်ကျ အကျဉ်းသားများအတွက်ထားရှိရာ ၂ တိုက်ခေါ်တွင်သောအင်းစိန်အကျဉ်းထောင် ရင်ခွဲတိုက်သို့ ကျနော်၊ကိုသန်းဇော်၊မိုးကျော်သူတို့ ရောက်ရှိခဲ့ပါသည်။ကျနော့အား ကြိုးသမားများ၏ ကြိုးမိန့်ပေးရာ တိုက်သို့ ကျနော်၊ ကိုသန်းဇော်၊ မိုးကျော်သူတို့အား (၅၅)ခန်းနှင့် ကိုသန်းဇော်အား(၅၉)ခန်းတို့တွင် ထည့်သွင်းထားပါသည်။၎င်းစစ်ခုံရုံးအမိန့် စီရင်ချက်ချ အပြီးစက်တင်ဘာလတွင်“သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူ လူငယ်များနှင့် မသက်ဆိုင်ကြောင်း မိမိတို့ KNU မှ ပြုလုပ်ကြောင်း” ကို KNU ပြောခွင့်ရ၏ ပြောစကားများကို မိသားစုထောင်ဝင်စာဖြင့် ကြားသိခဲ့ရပြီး မှန်တကယ်ကျူးလွန်ခဲ့သူ ကိုကိုနိုင်၊ အောင်သူ၊ မောင်မောင်သွင်တို့သုံးဦးအား ဖမ်းမိထားကြောင်းလည်းသိခဲ့ရပါသည်။ ၎င်းနောက်(၉)လပိုင်းအတွင်းတွင် ကျနော်၊သန်းဇော်နှင့် သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)အဖွဲ့ဝင်များအား Underground(UG) အုပ်စုဟုသတ်မှတ်ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၁၂/၁ အရ စစ်ခုံရုံး အမှတ် (၁) မှ ထောင်ဒဏ်တစ် သက်တစ်ကျွန်းနှင့်တူသော အနှစ်(၂၀)ပြစ်ဒဏ်ကို ထပ်မံချ မှတ်လိုက်ပါသည်။၎င်းနောက် တရားခံအစစ်အမှန် ကျူးလွန်သူ ကိုကိုနိုင်နှင့် အပေါင်းအပါ(၃)ဦးအား မြို့တော်ခမ်းမ ဗုံးပေါက်ခွဲသူအနေဖြင့် သေဒါဏ် ချမှတ်လိုက်သည့်အခါ ကိုကိုနိုင်သည် အခန်းနံပါတ်(၃၇)သို့ ရောက်ရှိလာခဲ့ပါသည်။၎င်းသည် ကျနော်အား ခေါ်ယူတောင်းပန်၍ “သူကိုယ်တိုင် ၀န်ခံခဲ့ပါသော်လည်း စစ်ဆေးကြသူ ထောက်လှမ်းရေးများ မှ ၎င်းကိစ္စအား လုံးဝမပြောကြားရန် ပြောမည်ဆိုပါက မိသားစုအားဖမ်းမည်ဟု ခြိမ်းခြောက်ပါကြောင်း၊ ယင်းဖြစ်စဉ်အား အကျဉ်းထောင်အ တွင်းရှိ Political Prisoner နိုင်ငံရေးအကျဉ်းသားများအား ၎င်းဝန်ခံဖြေဆိုခဲ့ပါသည်။ ကိုကိုနိုင်၏၀န်ခံဖြောင့်ချက်များကို ၁၉၈၉/၉၀ ခုနှစ် အကျဉ်းချခံနေရသော ယုံကြည်ချက်အကျဉ်းသားအများစု သိရှိကြရပြီး သက်ဆိုင်ရာနအဖမှ ကျနော်အား လွတ်မြောက်ပေးခြင်းမရှိခဲ့ပါ။ ကျနော်သည် န၀တ အစိုးရလက်ထက် နအဖ အစိုးရလက်ထက် သက်တမ်းတစ်လျှောက်လုံးကာလမှ အကျဉ်းဘ၀ဖြင့် နှစ်ပေါင်း(၂၂ နှစ်နဲ့ ၃လ) တင်းတင်းနေထိုင်ခဲ့ရပြီး လူသားအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးများစွာ ဆုံးရှုံးခဲ့ရပါသည်။ ထောင်တွင်းအကျဉ်းကျဘ၀၏ မွန်းကြပ် မှုများစွာဖြင့် သောကကြောင့်ဖြစ်စေသော “သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း” ဝေဒနာများကိုရရှိခဲ့ပြီး နာတာရှည်လူနာဘ၀ဖြင့် “သွေး ကျဆေး၊ နှလုံးဆေးများ” ကိုသောက်သုံးနေရပြီး ယနေ့အခါ ဆုံးရှုံးခဲ့သောညများစွာနှင့် အိမ်မက်ဆိုးမှ နိုးထခဲ့ပါပြီ။

ယနေ့အခါ ဒီမိုကရေစီအစိုးရသစ်၏ သက်တမ်းအစမှာ ကျနော်၏ အိမ်ပြန်လမ်းကိုတွေ့ခဲ့ရပြီ တချိန်တုန်းက အဆိုတော်ထူးအိမ်သင်ရဲ့ “အမေ့ရဲ့သားလေးပြန်လာပြီ” သီချင်းလေးထဲကလို စာပိုဒ်လေးတစ်ခုကို ညဉ်းတွားသီဆိုရင်း…

မြို့ပြရဲ့အရိပ်အောက်မှာ … ဘ၀သစ်ထူထောင်ရင်း
အသည်းကွဲခဲ့တဲ့ … အမေ့ရဲ့သားလေးပြန်လာပြီ

ဟုတ်ပါတယ်လေ။အမေ့ရဲ့သားလေးပြန်လာခဲ့ပါပြီ။ ကျနော်ကိုမွေးထုတ်ပေးခဲ့တဲ့ အမေ …ကျနော်ထောင်တွင်းမှာရှိနေစဉ် အမေရဲ့နောက်ဆုံးအချိန်တွေကိုတောင် ဘာမှမလုပ်ပေးနိုင်ခဲ့သလို အမေရဲ့ရုပ်ကလောပ်ရဲ့ နောက်ဆုံးလမ်းကို လိုက်ပါပို့ဆောင်ခွင့် မရလိုက်တဲ့ကျနော်၊ ကျနော်ပေးဆပ်ဆုံးရှုံးလိုက်ရတဲ့ တမလွန်က အမေရေ ….. မေမေရေ … အမေ့သားလေးအိမ်ပြန်ခဲ့ပါပြီ။ အမေရင်းရယ်လို့မရှိတော့တဲ့ ဟောဒီလောကကြီးထဲမှာ “မြန်မာပြည်တွင်းမှာရှိနေတဲ့ အမေ့အတွက် အမေများစွာအတွက် … အမေ့ရဲ့သားပြန်ခဲ့ပြီ။

စစ်မှန်သောတရားစီရင်ရေးသည် လူသားများ၏အကျိုးဖြစ်ထွန်းတည်တံ့စေ၏ တရားမဲ့သောစီရင်ချက်။ မလျှော်ကန်သောအမိန့် ကြေညာ ချက်ဖြင့် စီရင်အပ်သောလုပ်ရပ်တို့သည် လူသားတို့၏ အကျိုးကိုဖြစ်ထွန်းတည်တံ့မည်မဟုတ်။

သို့ဖြစ်ပါ၍ ဤသို့သော် ကျနော်၏ကိုယ်တွေ့ဖြစ်စဉ် တရားစီရင်မှုသည် ကမ္ဘာကြီးအတွင်း …ကျနော်တို့ မြန်မာပြည်အတွင်း မည်သည့် နေရာဒေသတွင်မှ လုံးဝရှိနေခြင်းမရှိစေရန်ရည်ရွယ်၍ ဆန္ဒပြုပါသည်။

လူသားတိုင်း၏ဘ၀များ ငြိမ်းအေးချမ်းသာရှိစေသော်ဝ် ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts