>Nyein Wai – Poem

>

ဥရောပ မဲဇာ
ငြိမ်းဝေ
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


(က)
နားထဲမှာ
မြွေတွန်သံတွေ ကြားနေရဆဲ
မမက်ဘူးတဲ့ အိပ်မက်တခုနဲ့
မထုဘူးတဲ့ ရုပ်ထုတခုယူကာ
(ဥရောပဆန်ဆန်)
ပခုံးတွန့် ဖိနပ်တချက် ရှပ်ပြီး
သတ္ထုငှက် ကျောကုန်းပေါ်က
ကျွန်ုပ် ဆင်းချလိုက်
အို …
မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဗယ်ရီသီးအပြာ ဘယ်မှာလဲ
“အက်ဗက်မွန့်ခ်” ရဲ့ “အော်သံ” ၁ ဘယ်မှာလဲ။

ဟိုမှာ
ဝန်ရိုးစွန်းပေါ်က နေရောင်တွေ
အဖြူရောင်ညထဲက ရွှေရောင်တွေ
လေ တချွန်ချွန် ကုတ်အင်္ကျီ တမမနဲ့
ကျွန်ုပ်ဆီကို လာနေသလား
“ဟဲလို
နေကောင်းပါစ
ဥရောပ ကျေးလက်သမီးပျိုတို့”
ကျူရိုး ဖောင်ဖွဲ့
(ကမ္ဘာသစ်ရဲ့ နိဒါန်း)
နှစ်တထောင်ကို ခြေတလှမ်းနဲ့ လှမ်းခဲ့သူတို့
သုဝဏ္ဏသာမလက်သစ် ရွှေသမင် ချစ်သူတို့
နဖူးမှာ အရိုးခေါင်း ပ၀ါပါတ်
ရွက်သင်္ဘောဦးမှာ ရပ်ရင်း
ပင်လယ်ဘွဲ့ သီချင်းဆို
အို “ဗိုက်ကင်း” တို့
ခင်ဗျားတို့ထံ
ကဗျာဆရာ လာနေပြီ
“ဟန်းနရစ် ၀ါဂီလန်း” ၂ ကို အလေးပြုဘို့
“နော်ဒေးဂရစ်” ၃ ကို ဦးညွှတ်ဘို့
ကျွန်ုပ်လာခဲ့ပြီ။

သည်မှာ
လရောင်တွေ ကောက်သစ်ခူးနိုင်မလား
ရေတွင်းချိုချို တူးနိုင်မလား
သံလွင်သီးတွေ ဖူးပြီလား
ဇင်ယော် တောင်ပံခတ်
နေရောင် တံစက်မြိတ်အောက်က ကျွန်းဟူသမျှ
လွမ်းပါတ် ပျံသန်း
သင်တို့ထံ လာခဲ့ပေါ့

သည်မှာ
နှင်းဖုံးတဲ့မီးတောင်တွေ ရှိသေးရဲ့လား
ဘောစနီးယား
ဟာဇီဂိုဗီးနားကယူလာတဲ့ နှင်းဆီ
ကိုင်းကူးပြီးပြီလား
ကျွန်ုပ်အား
သင်တို့ရဲ့ “တိုက်ပွဲဝင်ဖခင်” နဲ့
တွေ့ခွင့်ပြုပ
“ဗစ်ကို ဟန်းစတင်း” ၄ ဂုဏ်ပြုပွဲ
တက်ခွင့်ပြုပ
“အ၀ါရောင်နှစ်တစ်ရာ” ရှာခွင့်ပြုပ
(၁၈၃၀)
ဥရောပလွတ်မြောက်တဲ့ဒေသကို
(၁၉၉၅)
“အာရှလွတ်မြောက်ဒေသ” က တဆင့်
ကျွန်ုပ်ရောက်လာခဲ့။

သင့်အတွက် လရောင်ပိတ်စနဲ့ ထုပ်ထားတဲ့
ပခြုပ်တခု ယူလာ
အဲဒီ ပခြုပ်ထဲ
“ကိုယ့်ကိုယ်ကို ဗုံတလုံးလို့ယူဆထားတဲ့
ဗုံမဟုတ်တဲ့ ဗုံတလုံးရဲ့ ဗုံသံတွေ” ထည့်လာ
“သံလွင်ငှက်” မှသည် “သံလွင်ခက်” ဆီသို့
လွတ်မြောက်ရေး စကားဝှက်တွေ ပါလာ
ကျွန်ုပ်ရဲ့ အိပ်မက်ထဲ
တ၀ုန်းဝုန်း ထပျံနေကြတဲ့
ဥဒေါင်းငှက်တွေထည့်လာ
(ပြီးတော့)
ကဗျာဆရာ တိုက်မောင်းရဲ့ “ရိုကျိုးမှု” တွေ ထည့်လာ
ဝံပုလွေ လာဆင်ရဲ့ လေချဉ်တက်သံ ချန်မထားခဲ့မိ
အမှန်တကယ်တော့
သင်တို့ရဲ့ ခေတ်သစ်ရိုးသားရှင်းလင်းမှုဆီ
ကျွန်ုပ်တို့ရဲ့ ခေတ်နှောင်း ပွေလီ ရှုပ်ထွေးမှုတွေနဲ့
ကျွန်ုပ်လာခဲ့တာပ။

(ခ)
သည်လိုနဲ့
နေခ မြခ
ကြိုးကြွ တောက်ပ
မြထက် ၀င်းလက်
လထက် ရွှန်းပြက်ဝေ
(နေရောင်အောက်က)
တောင်ပေါ် ပင်လယ်ရေလက်ကြားတွေ
ဟိုမှာ
တစတစ နယ်ချဲ့လာနေတဲ့ နှင်းတောင်တွေ
တဖြေးဖြေး ကျုံ့ဝင်သွားနေလျက်
နှင်းဆီနက်ရောင် ငှက်တွေ
တလှုပ်လှုပ်နဲ့ မြုပ်ဝင်ပါးလျား
ဖျားနာနေတဲ့ တိမ်တိုက်တွေ
ဂျုံခင်း၊ အာလူးခင်း၊ မြက်ခင်း
သရီး ဒိုင်မေးရှင်း ကွင်းတွေ
ဒေါင်လိုက်
အလျားလိုက်
ကျွန်ုပ်နောက်က လိုက်လာ
ကျွန်ုပ်ရှေ့က ရောက်လာ
ကျွန်ုပ်နဲ့ ဝေးကွာ
ကျွန်ုပ်နဲ့ နီးလာ
ကျွန်ုပ် ကျောထက်မှာ
ကျွန်ုပ် ရင်ဘတ်ပေါ်မှာ
တခါက
နှစ်ဆယ့်တစ်ရာစုရဲ့ ကဗျာမြင်းလှည်းထက်
အိပ်စက်ခွင့်ကြုံ
သုံးမိုင်ပတ်လည် ရေအိုင်ပေါ်
(မ၀ံ့မရဲ)
နင်းခွင့်ကြုံ
အဖြူရောင် ညတဖက်
အနက်ရောင် နေ့တ၀က်
ပဉ္စလက်ဆန်လှတဲ့
ဂမ္ဘီရဘ၀ ၀ကန္တ အလှလေလား၊
ဗဟိုဘူတာရုံရှေ့က
“အော်စလို” ရဲ့ ငှက်ငယ်များကတော့
အဟာရခမ်းခြောက်
သဘာဝလမ်းပျောက်လို့
ကမ်းမှောက်ရတဲ့ ငှက်တွေပေါ့၊
“ဗီဂီလန်း” ၅ ပန်းခြံထဲက
ဒေါသထွက်နေတဲ့ ခလေးရေ
(၁၉၂၆)
အခု- အနှစ်၊ ၇၀ ကျော်
မင့်ဒေါသတွေ မပြေနိုင်သေးဘူးလား
လည်ချောင်းသံ အတုံးအတစ်နဲ့
ဘယ်သူဟစ်လိုက်တဲ့ “အော်သံ” လည်း
နှင်းတောင်နံရံတွေ ပြိုကျ
အလင်းအမှောင်တွေ မြိုချ
ဒီလိုနဲ့
ဥရောပကျေးရွာဝါဒလည်း သစ်ခဲ့ပေါ့။

တခါတခါတော့လည်း
“တဂိုး” ရဲ့ “ကောင်းကင်ကုတ်ခြစ်တဲ့လက်တွေ” မှန်းဆ
“ဇော်ဝင်းထွဋ်” ရဲ့ “ထစ်ချုန်းမိုး” ကို တမ်းတ
ချယ်ရီ တောင်တန်းပေါ်က
ပျော်ကျလာတဲ့ လရောင်ကို အငမ်းမရ
“ကြည်အေး” ရဲ့
“ညကြီး မင်းကြီး ထပြီးထိုင်နေ” ကို မှန်းဆ
လွတ်လပ်တဲ့နေရာင်ကို လွမ်းသ။

ကျွန်ုပ်အဖို့ရာ
အပြာမှိုင်းမှိုင်း သင်တိုင်းစိမ်းစိမ်း
တံတိုင်းတခုရဲ့ ဟိုမှာဘက်
ဟိုးအဝေးကြီးထက် ဝေးတဲ့
အနံ့တွေ တဖြေးဖြေး ပါးသွားနေတဲ့ နေရာ
အရောင်တွေ တဖြေးဖြေး ၀ါးသွားနေတဲ့ နေရာ
အဲဒီနေရာမှာ
ကမ္ဘာသစ်တည်ဆောက်
ဘ၀ချင်းမတူတဲ့ တိုင်းပြည်ကို မျက်မှောက်ပြုလိမ့်နိုး
မျှော်ကိုးခဲ့မိ။

အို …
အစိမ်းရောင် ကော်ဇောများပေါ်က
လှိုင်တံပိုးလို ထကြွလာကြမယ့်
ကျွန်ုပ်တို့ရဲ့
အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ
မွေးဖွားလာခြင်းအသစ်နဲ့
စစ်ပွဲတွေ ငြိမ်းချမ်းပြီး
စိမ်းလန်းတဲ့ ဘ၀ဆိုတာ
လက်ဖ၀ါးပေါ်က “ကဗျာ” တဲ့။

ရက်ပေါင်း (၅၀၀) ကျော်
“စိန့် အိုလပ်စ်ပလစ်စ်” လမ်းကြားထဲ
ငှက်လွှတ် ပွဲတော်လေ
တချို့ အတောင်စုံစ
တချို့ အတောင်ချ
တချို့ အတောင်ကျ
တချို့ လှောင်မရတဲ့ ငှက်တွေလား
ကျွန်ုပ် နေ့တိုင်း
ကြိုးဖြေပြီး လွှတ်ခဲ့ရ
အဲဒီနေရာ
တချို့အတွက် ဆည်းဆာ
တချို့အတွက် နည်းနာ
တချို့အတွက် သည်းချာ
ကျွန်ုပ်အတွက်တော့ “မဲဇာ” ဖြစ်ခဲ့။

နေရောင် ဖြုန်းဖြုန်း ဖျဖျ
လရောင် တုံးတုံး အအ
မည်သို့ပင် ရှိစေ
နှင်းတွေကိုတော့ ကျွန်ုပ် ချစ်မရ နိုင်ခဲ့ပါဘူး
ရာဇ ဒဏ်သင့်
“မင်းလက်ဝဲ သုန္တရ” က
“ရောင်ဝါမထွန်း ချမ်းရှာလွန်း” တဲ့
ဘ၀ဒဏ်သင့်
ကျွန်ုပ်အဖို့တော့
“ရောင်ဝါမပွင့်၊ ချမ်းပုံဆင့်” ခဲ့။

(ဂ)
အို မိတ်ဆွေ “ဗိုက်ကင်း” ကြီးရဲ့
ကျွန်ုပ်က အာရှအပျိုစင်ပါ
“ဟောဒေါ့” နဲ့ “ဟမ်ဘာဂါ” ကို
ဘီယာတခွက်နဲ့ မလဲနိုင်သူပါ
ယဉ်ကျေးမှု ထောင်ချောက်
ဝါးထောက်ပြီး မခုန်နိုင်ခဲ့သူပါ
ရာသီဥတုအကြောင်း အပ်ကြောင်း မထပ်နိုင်သူပါ
“ကာရိုဟန်” လမ်းမကြီးပေါ်က
ပီးရူးဂီတ
စကော့တလန် ပုလွေသံ
လက်တင် အမေရိက ဗုံသံ
စကန်ဒီ နေးဗီးယား နေခြည်
စတော်ဗယ်ရီ အရိုင်း
ဗယ်ရီသီး အပြာ
ဒါတွေကိုပဲ စွဲလန်းမိသူပါ။

အို “ဆန်ဗစ်ကာ” ၆ ရေ
သင်နဲ့ကျွန်ုပ်
နှလုံးသားကို နှလုံးသားချင်း
ဘ၀ကို ဘ၀ချင်း
ချစ်ခြင်းကို ချစ်ချင်း
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း
ဘာတာစံနစ်ကို အခြေခံ
ဝါဏိစ္စ အဘိဓါန်တခုပြုစုခဲ့
ဒီလိုနဲ့
သင့်လက်ခုပ်ထဲ ဒဏ်ရာရနေတဲ့ မြစ်တွေ
သင့်မျက်လုံးအိမ်ထဲ ကဗျာရွတ်တဲ့ လေညှင်းတွေ
သင့်ဆံပင်တွေထဲ
အိပ်စက်ရင်း ထယောင်လိုက်တဲ့
ဆိုက်ပရပ်စ်ပင်ကြီးရဲ့ စကားသံတွေ
သင့်နှလုံးအိမ်ထဲ နကမ္ပတိ စိတ်ဓါတ်တွေ
သင့်ခွန်အားထဲ ကတ္တီပါလက်အိပ် စွပ်ထားတဲ့ သံလက်သီးတွေ
သင့်အနာဂါတ်ထဲ စင်္ကြာဝဠာမြို့ပြတွေ
သင့်ရင်ခုန်သံထဲ အနုသုခုမ စက်ခလုပ်ခုံတွေ
မကုန်မခမ်း တထမ်းတနင့်
ငါ့ရင်တွင်း ငါ့မြင်ကွင်း
ချဉ်းနင်းဝင်ရောက် ချောင်းပေါက်ခဲ့ကြ။

ကျွန်ုပ်အဖို့တော့
သင့် ကွင်းပြင်တွေထဲ
သေဆုံးခဲ့ပြီး ဥယျာဉ်တွေ ပစ်ချ
သင့် ရေခဲပြင်ပေါ်
ခမ်းခြောက်ခဲ့ပြီး စမ်းချောင်းတွေ ပစ်ချ
သင့် ကမ်းခြေတွေပေါ်
နေထိုင်ခြင်း
ခတ်ညံ့ညံ့ခိုးဝှက်မှုတွေ ပစ်ချ
သင့် တောအုပ်တွေပေါ်
ဗဟုဝါဒ အရေခြုံ မုသာဝါဒ မြေမှုန်တွေ ပစ်ချ
သင့် ကျောက်ဆောင်တွေပေါ်
အာရုံမြင် လရောင်တွေ ပစ်ချ
သင့် လမ်းကြားတွေပေါ်
“ဆိတ်ဖလူးရနံ့” တွေ ပစ်ချ ပစ်ချနဲ့
ပစ်ချလို့ကို မ၀နိုင်ခဲ့ဘူး
“ဆပ်စ်” ဟော်တယ်ကြီးက
မက်ထရိုပိုလီ မြို့ပြ နိမိတ်ပုံများလား
“အော်စလို” ရဲ့ ညနေခင်း
အပြာရောင် လေညှင်း
ကမ်းနားလမ်း မြင်ကွင်းတွေကလည်း
“ဒေါက်တာအောင်ခင်” ရဲ့
ဥရောပ ကျေးလက် ရင်ခုန်ခြင်းပေါ့။

“ဂျက်ကော့ဆန်” ၇ ရေ
ဈေးဆိုင်တန်းတွေနဲ့ လမ်းဟူသမျှ
ဟောဒီနေရာမှာ ရပ်တန့်သွားကြ
ဒီဖက်က နို့နှစ်ရောင် ပင်လယ်ပြင်ရဲ့ ဟိုမှာဘက်ထဲ
တစ္ဆေအရိပ်တွေ ထိုးကျ
ကျွန်ုပ်
ပင်လယ် ကမ်းစမ်မှာရပ်
နှင်းပြင်ကြီးပေါ် မျှော်ကြည့်နေခဲ့သလား
အဲဒီ ကမ်းနားလမ်း မြင်ကွင်းတွေက
ကျွန်ုပ် ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း
တအိအိ ပြိုကျလာတဲ့ နှင်းတွေက
ကျွန်ုပ် ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း
တဖွဲ့ဖွဲ့ တနွဲ့နွဲ့
နှင်းရည်မြစ်တစင်းက
ကျွန်ုပ် ရင်တွင်း
အထီးကျန်ခြင်းတွေ ပစ်သွင်း
“ဧဧသန်း” ရဲ့
“ထွက်ပြေးလို့ မရတဲ့ လယ်ကွင်းပြင် အဖို့
မိုးမလွတ်ခဲ့ဘူး” ဆိုတဲ့ စာသား
နှင်းတွေ နှင်းတွေ နှင်းတွေနဲ့ အစားထိုး
အထီးကျန်ခြင်း တာရိုးကျိုးလုလု
အဲဒီ နှင်းတွေလေ
နေရောင်တွေ စိုရွှဲအောင်ကျလာ
ရင်ခုန်သံတွေ ပြိုကွဲအောင်ကျလာ
ကားသံတွေ ခေါင်းမပြူရဲအောင်ကျလာ
သစ်ပင်တွေ အသက်ရှူ မရအောင်ကျလာ
ကျောက်ရုပ်တွေ ကြေမွအောင်ကျလာ
လရောင်တွေ အငွေ့ပျံအောင်ကျလာ
လမ်းမတွေ ကွေ့လန်အောင်ကျလာ
ခြေသံတွေ ခြောက်ခြားအောင်ကျလာ
စိတ်ဓါတ်တွေ မှောက်မှားအောင်ကျလာ
ကျပြီးရင်း ကျလာ …။

နောက်ဆုံးမတော့
“ဂေါ်ဂင်” ရဲ့
တော်ဝင် အလင်းရောင်တွေ သိမ်းထုပ်
“အက်ဗတ်မွန့်ခ်” ရဲ့ “အော်သံ” တွေ သိမ်းထုပ်
ကျွန်ုပ် အိပ်စက်ခဲ့ရာ အိမ်ရှေ့က
ဆွံ့အနေတဲ့
သစ်ပင်တန်းကလေးကို သိမ်းထုပ်
“နော်ဒေးဂရစ်” ရဲ့ “စမ်းချောင်းထဲက ကျောက်တုံးတွေ” ၈ ကို သိမ်းထုပ်
နှလုံးသား ထောင့်တနေရာက
ခွေကျနေတဲ့ လရောင် အကြွင်းအကျန်လေးကို သိမ်းထုပ်
နှစ်ငါးထောင်
စိန ယဉ်ကျေးမှုပြတိုက်ထဲက
ကဗျာဆရာ “မော်” ရဲ့ အရိုးပြာကြဲ
မြစ်ဝါမြစ် သဲမှုန်တွေသိမ်းထုပ်
သိမ်းထုပ် … သိမ်းထုပ်ပြီး
(မဒေ၀ီရဲ့)
ကျွန်ုပ်အဖို့တော့
ခင်ညွန့်ရီရဲ့ “နွေမျက်ရည်လက်ကျန်” နဲ့
အိမ်အပြန် မခက်ချေပါဘူး
သက်သေတွေ တပုံတပင်
မျက်ရည်တွေ ပုံပြင် မဟုတ်ခဲ့လေတော့
ယုံချင် လျက်လေနဲ့
ထုံကျင် ခက်ပွေတဲ့

ဥရောပရက်တွေလား
ထားခဲ့ပြီ။ ။

၈၊ ၄၊ ၉၉
ပန်းဝေဝေ ကဖေး


အောက်ခြေမှတ်စုများ
၁။ အက်ဗတ်မွန့်ခ် – နော်ဝေးပန်းချီဆရာ
၂။ ဟန်းနရစ်ဝါဂီလန်း – နော်ဝေး အမျိုးသားစာဆိုကြီး
၃။ နော်ဒေးဂရစ် – နော်ဝေး မျိုးချစ်ကဗျာဆရာ
၎။ ဗစ်ဂိုဟန်းစတင်း – နာဇီဂျာမန်များရဲ့ ပစ်သတ်ခြင်းခံရသူ (၁၉၉၄) နော်ဝေးအမျိုးသား
၅။ ဗီဂီလန်း – နော်ဝေး ပန်းပုဆရာ
၆။ ဆန်ဗစ်ကာ – နော်ဝေးနိုင်ငံ၊ မြို့တော် အော်စလိုနှင့် မနီးမဝေးတွင်ရှိသည့် မြို့ငယ်ကလေး
၇။ ဂျက်ကော့ဆန် – နော်ဝေး ကဗျာဆရာ
၈။ “စမ်းချောင်းထဲက ကျောက်တုံးများ” – ၁၉၂၅ တွင် ထုတ်ဝေခဲ့သော နော်ဒေးဂရစ်ရဲ့ ကဗျာစာအုပ်အမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts