>Nyi Min Yu – Articles

>

ဆုံးရှုံးခဲ့သောညများစွာနှင့် အိပ်မက်ဆိုးမှနိုးထသော် – အပိုင်း (၁)
ညီမင်းယု
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


နာရီစင်ထက်ဆီက ကင်းသံချောင်းခေါက်သံဟာ နေ့လည်နေ့ခင်း အိပ်ပျော်နေတဲ့ ကျနော့်ကိုလှုပ်ကာ နှိုးလိုက်သလို အိပ်ယာပေါ်ဆတ်ကနဲ ထထိုင်မိတယ်။ သံတိုင်ကာရံထားတဲ့အခန်း ပြူတင်းပေါက်နောက်က ကျနော်ဟာ မိုးနှောင်းကာလအလွန် ဆောင်းဦးနေရဲ့ အပူရှိန်ပြင်း တဲ့နေရောင်ခြည်ကို စူးစိုက်ငေးမောကြည့်နေရင်းက အော်….နေ့လည်တစ်နာရီတောင်ထိုးပြီပဲ။ မွန်းကြပ်ပိတ်လှောင်နေတဲ့အခန်းငယ်အ တွင်းမှာ စိတ်အပန်းဖြေစရာအဖြစ် တရားမ၀င်ခိုးယူသွင်းထားတဲ့ FM လက်နှိပ်ဓါတ်မီး ရေဒီယိုကလေးကို ဖွင့်ကြည့်မိလိုက်သောအခါ…..

အခန်း (၁)

နိုင်ငံတော်သမတရုံး၏ အမိန့်ကြေငြာချက်အမှတ် ၄၉/ ၂၀၁၁ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြားမိလိုက်ရတယ်။ ချက်ချင်း ဆိုသလို ကျနော်နေထိုင်ရာ တောင်ငူအကျဉ်းထောင်၊ ဆေးရုံအောက်ခန်းအတွင်းရှိ အနည်းစုသော နာတာရှည်အခန်းဖော်များအား ၀မ်း သာအားရ အသိပေးပြောဆိုလိုကပြီးနောက် ကျနော်သည် အမိန့်ကြေငြာချက် နောက်ဆက်တွဲသတင်းများကို မျှော်လင့်ချက်ပိုက်ကာ စောင့်မျှော်နားထောင်ခဲ့မိတယ်။ ကြေငြာချက်အပိုဒ် (ဂ) အရ အကျဉ်းသားဦးရေ (၆၃၅၉) ဦးဟူသော လူဦးရေကန့်သတ်ချက်ကြောင့် ကိုယ်ကိုတိုင်မျှော်လင့်နေမိတဲ့အိမ်အပြန်လမ်းဟာ အခြားအကျဉ်းသားများနည်းတူ ဝေေ၀၀ါးဝါးဖြစ်ခဲ့ရတယ်။ ကျနော်တို့ မြန်မာပြည်အကျဉ်း ထောင်အားလုံးတွင်ရှိနေသော ထောင်ကျအကျဉ်းသား/အချုပ်သားအားလုံးအတွက် လွတ်ငြိမ်းချမ်းသာသည် မဖြစ်နိုင်ချေ။ လွတ်ငြိမ်းချမ်းသာအမိန့်၏နောက်ကွယ်တွင် ခံဝန်ချက်များထား၍ မိမိအပါအ၀င် ယုံကြည်ချက်အကျဉ်းသားများ အားလုံးအား လွတ်ပေးမည်လော။ ဒါမှမ ဟုတ် ရွေးချယ်၍ လွတ်ခြင်းအပေါ် ကိုယ်ကိုတိုင်ပါဝင်နိုင်ပါ့မလား။ ဘယ်သူတွေများလွတ်ပြီး ဘယ်သူတွေ ကျန်ရစ်နေခဲ့ဦး မှာလည်းဆိုသော သို့ လောသို့ လော အတွေးများဖြင့် နေ့လည်ခင်းအကျဉ်းထောင် တန်းဖွင့်ချိန်ကို မျှော်နေမိတယ်။ ကျနော်သည် တန်းဖွင့်သည်နှင့်တပြိုင်နက် တောင်ငူအကျဉ်းထောင်အတွင်းရှိ ယုံကြည်ချက် အကျဉ်းသားများဆုံဆည်းရာ အဆောင် (၁)၊ အခန်း (၂) ရှိ ၁၇/၁ ပုဒ်မဖြင့် ပြစ်ဒဏ် ကျခံ နေရသော သူငယ်ချင်း မိုးလှိုင်စိုးထံ ရောက်ရှိခဲ့တယ်။ ကျနော်နှင့်အတူ ထောင်တွင်းရှိ နိုင်ငံရေးပြစ်ဒဏ်ကျ သူငယ်ချင်းအားလုံးရဲ့မျက်နှာ တွေမှာ မျှော်လင့်ချက်အရောင်တွေထင်ဟပ်နေပေမယ့် အလုံးစုံပါဝင်မှာမဟုတ်ဘူးဆိုတဲ့အသိတရားက ယုံကြည်ချက်အကျဉ်း သားများ အပြင် အခြားသောအပြစ်ဒဏ်ကျအကျဉ်းသားအားလုံး၏ မျက်ဝန်းတွေမှာပေါ်လွင်နေခဲ့တယ်။ ဦးသိန်းစိန်အစိုးရသစ်ကတော့ ဘယ်လို လုပ်ပြန်ပြီလဲမသိဘူးဗျာ။ ဟိုတခါ လွတ်ငြိမ်းခွင့်ပေးတုန်းကလည်း တစ်နှစ်လျော့ပေးလိုက်၊ အခုလည်း အရေအတွက်ကန့်သတ်ချက်တွေနဲ့ ဘယ်လိုပါလိမ့်ဆိုသောမေးခွန်းများ ရှင်းပြနိုင်စွမ်းမရှိသောမေးခွန်းမျာက အကျဉ်းကျသူတိုင်း၏နှုတ်များမှာ ခမ်းနားကြီးကျယ်နေရာ ယူခဲ့ကြ တယ်။

ဘာကြောင့်များ အကုန်လုံးမလွတ်သေးတာလည်း၊ ဘာကြောင့်များ ယုံကြည်ချက်အကျဉ်းသားမျာအပေါ် ပြစ်ဒဏ်ကျလျော့ပေါ့ရက် ခံစား ခွင့်များပေးပြီး မလွတ်တာလည်း၊ ကိုယ်ကျင့်တရား၊ စာရိတ္တကောင်းမွန်ပြည့်စုံတဲ့ ယုံကြည်ချက်အကျဉ်းကျအားလုံးကို နံရံကြီးအတွင်းမှာ ထားရှိပြီး ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ရဲ့သက်တမ်းတစ်ခုအတွင်းမှာ ဒီမိုကရေစီလိုလားသူများ၊ ဒီမိုကရေစီမြတ်နိုးသူများ ထောင်အတွင်း ၌ရှိနေသင့်သလား၊ မြန်မာ့ ဒီမိုကရေစီအရေးကိုနည်းလမ်းမျိုးစုံဖြင့် ထုဆစ်ပုံဖော်သူများအား တိုင်းရေး၊ ပြည်ရာအကျိုးပြုလုပ်ငန်းများအားလုံး ဘာကြောင့်ပါဝင်ခွင့်မရတာလည်းဆိုသောအတွေးများက သွေးကြောမျှင်များအထိ စီးဝင်နေခဲ့မိတယ်…….။

အခန်း (၂)

လေးဘက်လေးတန် အုတ်ရိုးကြီးများကာရံထားပြီး ဟိုးအဝေးဆီမှာ အရှေ့တောင်ရပ်ဝန်းက မိုးပြာရောင် မှိုင်းညို့ညို့ တောင်တန်းကြီးတွေ ၀န်းရံနေတာကို မြင်နေရတယ်။ ညနေခင်း အခုလိုမုတ်သုန်ရာသီ နှုတ်ဆက်ချိန် မြောက်ပြန်လေအ၀င်ဆောင်းရာသီဦးအစမှာ ခပ်ဝေးဝေးက သံတောင်မြို့ရဲ့လှပမှုကို ငေးမောကြည့်ခွင့်ဆိုတာ ကျနော်တို့ အကျဉ်းကျများအတွက် ခက်ခဲလှပါတယ်။ အကျဉ်းကျသူတို့ရဲ့ညနေခင်းဟာ အထီးကျန်ဆန်လွန်းလှပါတယ်။ လူသားတစ်ဦးပင်ဖြစ်ပါလျက် အကျဉ်းထောင်ဆိုတဲ့ နေရာမျိုးမှာ ရုပ်၊ နာမ် ကန့်သတ်ချုပ်ချယ်တိုက်တွန်း တတ်တဲ့ ထောင်ဗူးဝဆီမှ တန်းပိတ်ချိန် (အိပ်ဆောင်ပိတ်ချိန်) ခေါက်လိုက်တဲ့ ညနေ (၅) နာရီ မောင်းသံချောင်းခေါက်သံဟာ အမင်္ဂလာ အရှိဆုံးသောသံစဉ်တစ်ခုအဖြစ်နဲ့ ကျွန်တော်တို့ အကျဉ်းကျ/အချုပ်သားများအားလုံးကို သက်ဆိုင်ရာသံတိုင်နောက်ကွယ်က အခန်းများဆီ တွန်းပို့ခံလိုက်ရတယ်။ နေညိုညိုရဲ့ အလှပန်းချီကားတစ်ချပ်ဟာ ထောင်ကျနေသော အကျဉ်းသားများအတွက် ဦးညွှတ်ဂုဏ်ပြုစရာ မဖြစ်ခဲ့ တာအမှန်ပါ။ ဒီလိုနဲ့ နေရောင်ခြည်ကွယ်ပျောက်ခဲ့တဲ့ညပေါင်းများဟာလည်း ကုန်လွန်ခဲ့တာ နှစ်ပေါင်းဆယ်စုနှစ်နှစ်ခုကျော်ခဲ့ပြီ။ ဟုတ်ပါ ရဲ့။ သီးခြားကမ္ဘာလေးတစ်ခုလိုဖြစ်နေတဲ့ အခန်းကျဉ်းလေးတွေထဲမှာ သံတိုင်ကိုမိတ်ဆွေဖွဲ့ ကာ ခင်နေမိခဲ့တာ နှစ်ပေါင်းအလွန်ကြာမြင့်စွာရှိခဲ့ပြီလေ။ နေ့လည်ခင်းက ကြေညာချက်သတင်းကို ဝေဖန်ဆန်းစစ်ရင်း အော် မနက်ဖြန်ဆိုတာ သီတင်းကျွတ်လပြည့်နေ့ပဲလေ….. ဒီက နေ့အဖိတ်နေ့ဖြစ်တာမို့ ကောင်းကင်ယံတစ်ခွင်မှာ လမင်းကြီးကထိန်ထိန်သာပြီး လရောင်တွေဖြာကျနေလေရဲ့။ လပြည့်ညကို အကြို ထောက်တဲ့ လရောင်ဖြာဖြာအောက်မှာ တောင်ငူမြို့လည် ပတ်ဝန်းကျင်က လွှတ်တင်လိုက်တဲ့ မီးပုံပျံလေးတွေဟာ တစ်ခုချင်းတက်လာလိုက် အတွဲလိုက်ကြီးလွင့်တက်လာလိုက်နဲ့ အုတ်ရိုးအပြင်ဘက်ကနေ လေအဝှေ့ မှာ မြင့်ယံကောင်းကင်ပြာပြာ လရောင်ဖြာဖြာကြီးဆီကို တက် နေတယ်။ မီးရှူးမီးပန်းတွေကလည်း လပြည့်ညရဲ့အကြိုထောက် “လ” မင်းကြီးနဲ့အပြိုင် အုံတပြီး လှပနေကြတယ်။ ထိုထိုကောင်းကင်ယံကို ငေးမောကြည့်နေတဲ့ ကျနော်နေထိုင်ရာ အခန်းပြူတင်းပေါက်ဆီကို တဂွတ်ဂွတ်နင်းလျောက်လာတဲ့ အကျဉ်းထောင်ဝါဒါ (၀န်ထမ်း) ရဲ့ စစ်ဖိနပ်သံဟာ ကျနော့်အနီးကိုရောက်လာပြီး ကျနော့်ကို လက်မထောင်ပြတယ်။ ကျနော့်ကအခြေအနေ ဘယ်လိုရှိလဲ။ ဘယ်သူတွေ လွတ်ဖို့ပါသလဲဟုမေးရာ “ကိုညီ ခင်ဗျားပါတယ်။ မနက်ဖြန်လွတ်မယ်” ဟုပြောပြီး ကျနော့်ကိုကော်ဖီတိုက်ခိုင်းတယ်။ ကျနော့်ရဲ့စိတ်ထဲမှာ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့အံ့သြ၀မ်းသာစိတ်ဖြစ်မိသလို နည်းပါလှသော လွတ်ငြိမ်းချမ်းသာအရေအတွက်အရ မိမိကိုယ်တိုင် အိမ်ပြန် ခွင့်ရပြီဆိုပေမယ့် ချန်ထာရစ်ခဲ့ရမဲ့ ကျန်သူတွေအတွက် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ ကြေကွဲဝမ်းနည်းစိတ်လည်း ဖြစ်မိပါတယ်။ ၎င်းတို့အတွက် ရင်နင့်စေလောက်အောက်ဖြစ်မိတဲ့ ၀ဲလုလုမျက်ရည်ကိုထိန်းပြီး အားပေးနှုတ်ဆက်စကားတွေပြောနေမိခဲ့တယ်။ အဲဒီ့ညက တညလုံးမိုးအလင်းထိ မအိပ်ဖြစ်ခဲ့ဘူး။ နှစ်ပေါင်းများစွာနေခဲ့တဲ့ရပ်ဝန်း၊ လူဖြစ်ပေမယ့် လူတန်းစားဆန်ဆန် မသုံးစွဲခဲ့ရတဲ့ အခန်းကျဉ်း သံတိုင်ထဲက လူ့ အသုံးအဆောင်မီးခြစ်အဟောင်းလေးများ၊ နှစ်ရှည်ကာလကြာ သုံးစွဲဖြစ်ခဲ့ပြီး ကြိုးနဲ့ဆိုင်းပြီးထားခံခဲ့ရတဲ့ ဓါတ်ဗူး၊ မှန်တချပ် ရယ်လို့ မပီသတဲ့ တပိုင်းတစကြည့်မှန် တချပ်ရယ်၊ အသွားအစုံတဲ့ ခေါင်းဖီးတဲ့ဘီးနဲ့ နံရံကြီးအတွင်းမှာ “အိုးအိမ်သဖွယ်နေထိုင်ခဲ့တဲ့အခါ နေ့စဉ်ထိတွေ့ ကိုင်တွယ်သုံးစွဲခဲ့တဲ့ အ၀တ်အစား အိပ်ယာလိပ်အပြင် အခြားသော ဓနမဲ့အသုံးအဆောင်ပစ္စည်းများကို ခွဲခြားစိတ်ဖြာ အမှတ် တရဝေငှရင်း ကျနော်အိပ်မပျော်ဖြစ်ခဲ့ပါဘူး။ မနက်ဖြန်ရေ … ကျနော်ရင်ဆိုင်တွေ့ ရဦးမယ့် ပြင်ပလောကမနက်ဖြန် မလွဲမသွေ ဆုံတွေ့ ရအုန်းမယ်။ ဘ၀သစ်ခရီး … မနက်ဖြန်ကို မျှော်တွေးမိတယ် …။

အခန်း (၃)

နှစ်ပေါင်း (၂၂) နှစ်နဲ့ (၃) လတင်းတင်းပြည့်ခဲ့ပြီ။ အမေ အဖေ ညီမလေး…. ချစ်သူခင်သူများကိုကျောခိုင်းပြီး နံရံအတွင်းမှာ ကြီးပြင်း ခဲ့ပါပြီ။ ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက ချန်ထားရစ်ခဲ့တဲ့ မြို့ပြယဉ်ကျေးမှုတို့ကိုတွက်ဆနေမိတယ်။ ပြီးတော့ ပြင်ပရပ်ဝန်းမှာ လက်ရှိနိုင် ငံရေးအခြေအနေနဲ့ ကျနော်ထိတွေ့ ရအုန်းမယ်။ အမှန်တရား မပြီးဆုံးသေးသော အနာဂတ်ပန်းချီကားတချပ်ကို တွေးနေမိခဲ့တယ်။

ဒီကနေ့ဟာ လပြည့်နေ့ဆိုတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် အင်းစိန်တွဲဘက် အကျဉ်းထောင်အတွင်းကျန်ရစ် ရေးခဲ့တဲ့ကဗျာလေးဟာ (၂၁) နှစ်သားဖြစ်ခဲ့ပြီး အမေ့အိမ်ကို တမ်းတစိတ်၊ လွမ်းတဲ့စိတ်နဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာ လေးဟာ နံရံအတွင်းထောင်သက်တမ်းကုန်တဲ့နေ့ဖြစ်ခဲ့ တယ်။ အဲဒီ့ကဗျာလေးထဲက အမေ့အိမ်ကို ကျနော်ပြန်ရတော့မယ်။ ဒါပေမယ့် အမေဟာ ကျနော်ကိုထားရစ်သွားခဲ့ပြီ။ အမေ့အိမ်ကဗျာ လေးဟာ အမေ့အတွက်ပါပဲလေ။

သံတိုင်ကာခြား
တိုက်ခန်းကြားမှာ
အုတ်ရိုးကိုကျော်
မိုးသို့မျှော်၍
ကြည့်မိကာဝယ်
အိမ်ရိပ်ညိုကြား
ပုန်းကာသွားတဲ့
တွေးကာရော်ရမ်း၊ … မျှော်မှန်းသည်က
အမေ့အိမ် *

နှုတ်ဆက်ခဲ့ပါပြီ။ ထောင်ဗူးဝကအထွက် ပြင်ပမှလေကို အားရမက်မောစွာရှူသွင်းမိတယ်။ အင်အားတွေအပြည့်နဲ့ ကျနော်က တံတိုင်းနံရံကြီး ကိုကျောခိုင်းပြီး သမင်လည်ပြန်လှည့်ကြည့်မိတယ်။ ပြီးတော့ ရှေ့တူရှုမှာ ကျနော့်ကိုလာပြီးအကြိုထောက်တဲ့ညီမလေး။ ပြီးတော့ တောင်ငူ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) မှ ဦးမောင်မောင်၊ ဦးစိုး (ဦးအောင်စိုးမြင့်)၊ ကိုမိုးမခတို့နှင့်အတူ အားလုံးသော လာကြိုသူများရဲ့မျက် ၀န်းတွေမှာဝမ်းသာပျော်ရွှင်ခြင်းနဲ့ပေါ့။ ကျနော်အပါအ၀င် တိုက်ခန်းများတွင်နေသော နိုင်ငံရေးယုံကြည်ချက်အကျဉ်းသား (၆) ဦးကို နွေး ထွေးမှုအပြည့်နဲ့ ကြိုဆိုနေကြတယ်။ ကြိုနှင့်သူတွေဟာလည်း ၁၉၈၈ မှသည် ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တိုင်ခရီးကို လက်ဆင့်ကမ်း ဆင့်ကဲဆင့်ကဲ သယ်ဆောင်ကာရပ်တည်ပေးခဲ့ကြတယ်။ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတွေအတွက် နရသိန်အကျဉ်းစံ ကျနော်တို့ကိုပြင်ပ လောကကမ္ဘာလေးမှ တစိုက်မတ်မတ် ရပ်တည်ပေးလျက်ရှိနေကြတာကိုလည်း ကျေးဇူးတင်ခြင်းများစွာဖြင့် ၀မ်းမြောက်ဂုဏ်ယူမိတယ်။ အင် အားတွေတိုးတက်မိပါတယ်။

ကမ္ဘာကြီးရေ … မွန်းကြပ်ပိတ်လှောင်တဲ့သံတိုင်
ပင့်ကူပိုးမျှင်တွေ အိမ်ယာဖွဲ့ တွဲခိုစီးနေတဲ့ နံရံထဲကနေ ထွက်ခဲ့ပြီပေါ့
သမိုင်း …. သမိုင်းအသစ်တွေအတွက်
ချွေးတွေ … သွေးတွေ… အသက်ပေါင်းများစွာနဲ့မျက်ရည်စက်တွေဟာ
နံရံတံတိုင်းအတွင်းမှာ စွန်းထင်းခဲ့ပြီ
ရင်ဆိုင်ရအုန်းမယ် …. ဆုံဖြစ်ရအုန်းမယ် သံသရာခရီးမှာ
တရားမှု … မတရားမှု
ဓမ္မနဲ့ အဓမ္မကြားတွေအတွက် မပြီးဆုံးသေးတဲ့ခရီး ရှေ့ခရီးကို ဆက်ကြဖြစ်ဦးမယ်….

မွေးဖွားရာဒေသ မြို့ကလေးကိုခွဲခွာခဲ့ရပြီး သီးခြားကမ္ဘာလေးတစ်ခုအတွင်း ၀င်ရောက်နေထိုင်ခဲ့တဲ့ ကာလရှည်တွေကြောင့် ပြင်ပမြို့ရဲ့  အထိအတွေ့ကိုစတင်ခံစားလိုက်ရတဲ့အခါ ကျယ်ဝန်းတဲ့ကောင်းကင်ကြီးကို အားရပါးရ မျက်စိတစ်ဆုံးငေးကြည့်နေဖြစ်တယ်။ အိမ်သို့ပြန် ရာ အပြန်လမ်းရဲ့ကောင်းကင်ယံထက်မှာ သီတင်းကျွတ် လပြည့်ညရဲ့လမင်းကြီးက ထိန်ထိန်သာလို့ပေါ့။ မာကျူရီမီးချောင်းများ၊ လျှပ်စစ်မီး ထိုင်များ အစီအရီနဲ့ လသာညတွေကို ပထမဆုံးနှောင်ကြိုးမဲ့စွာ မြင်တွေ လိုက်ရတဲ့အခါ လှိုက်တုန်ရင်မောသလို ခံစားမိခဲ့ပါတယ်။ နှစ်ပေါင်း များစွာဝေးကွာခဲ့တဲ့ မွေးရပ်မြေ သန်လျင်ရောက်တော့မယ်။ ဟိုတစ်ချိန်တုန်းက သီတာသင်္ဘောကြီးကိုစီးပြီး စစ်အစိုးရအာဏာပိုင်ထောက်လှမ်းရေးတွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ မြစ်ပြင်မှာခုတော့ တံတားခင်းထားလို့ ဖြတ်ကျော်နိုင်ခဲ့ပြီ။ တံတားကြီးပေါ်ကနေ မြစ်ပြင်ကို လရောင်အောက်မှာ ကြည့်နေမိတယ်။

အော် ဒီမြေ…. ဒီရေ… ဒီဒေသမှာနေခဲ့တဲ့ သန်လျင်သူ သန်လျင်သားများသည် မည်သူကမျှ မိမိတို့၏အမျိုးအဆွေများ မွေးဖွားရာဒေသကို မီးလောင်တိုက်သွင်းလောက်အောင် ရက်စက်ကြမ်းကြုတ်မည်မဟုတ်။ အတိတ်ကယုတ်မာ ရက်စက်သူတို့သည် မိမိအား သန်လျင်ရေနံ ချက်စက်ရုံကို ဗုံးဖောက်ခွဲပြီး မီးလောင်တိုက်သွင်းသူအဖြစ် တရားမဲ့စွာ “တရားခံ” ဖြစ်စေခဲ့သည့် ခိုးဆိုးလုယက်လူသတ်မှုကို မကျုးလွန် မရည်ရွယ်ခဲ့ဘူးသောလူငယ်တစ်ဦး၏ လူသားဘ၀သမိုင်းကြောင်းကို ညစ်ထေးစွန်းထင်းအောင် ဖန်တီးခဲ့ကြပြီ။ လူသားတစ်ဦး၏ အခွင့်အ ရေးများကို မဟုတ်မမှန်သောဖြစ်ရပ်တစ်ခုအဖြစ် လိုရာဖန်တီးသွတ်သွင်း၍ “အမိန့်” “အာဏာ” ဖြင့် စော်ကားခံခဲ့ရလေပြီ။

အာဏာပိုင်တို့ ၏ လူမဆန်သောပုံရိပ်နှင့် ကျနော်၏စစ်မှန်သော အမှန်တရားတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကအဖြစ်အပျက်များကို ဖန် သားပြင်တွင်ထင်ဟပ်နေသော အကြောင်းတရားများအဖြစ် တစ်ကွကပြီးတစ်ကွက် တဖြတ်ဖြတ်နှင့် ဖြစ်ပေါ်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts