>Maung Thaw Ka – Essay

>

ယမကာ ညနေခင်း (၅)
မောင်သော်က
ဒီဇင်ဘာ ၂၁၊ ၂၀၁၁



ကျွန်တော်၏ ယမကာညနေခင်းများမှာ နဂိုအနေအားဖြင့် အိုကေကာစိုပြေနေသော်လည်း လွန်ခဲ့သောလများတွင် ခြောက်ကပ်နိုင်စပြုလာသည်ကို တွေ့ရသည်။ အဓိကမှာ အရပ်ပျက်၍ အရက်ပြတ်နေခြင်းပေတည်း။ စားကုန်နှင့် အဖျော်ယမကာကော်ပိုရေးရှင်းတွင် တစ်လလျှင် ကျွတ်တန်းဝင် ပုလင်းကလေး နှစ်ပုလင်း၊ သုံးပုလင်း ဝယ်ယူရရှိပါမည့်အရေး မျက်နှာကို ဆီးရွက်လောက် သေးသေးလေးထားလျက် လျှောက်ထားဝယ်ယူနေရသည်မှာလည်း အောက်တန်း ကျလှသည်ဟု ထင်သည်။ မှောင်ခိုတွင် ဝယ်ပြန်တော့လည်း ဈေးက အဆမတန်။ တစ်ပုလင်း တစ်ရာကျပ်မျှမက ရောင်းချနေကြသည်။ ဒီအထဲ “အင်’’ က ပါလိုက်ပြန်သေးသည်။

မနေနိုင်သူ မတတ်နိုင်သူ ယမကာ လုလင်ကြီးများမှာတော့ ယောင်္ကျားတန်မဲ့ အဖြူ ဆင်းကုန်ကြသည်။ ကျွန်တော်ကမူ ဖြူဖြူခေါ် အိုပီထိ ဆင်းမသောက်နိုင်သေး။ ဂျာမကာရမ်နှင့် အမိနို့ရည်ဖြတ်လာခဲ့သူမို့ ယမကာယောင်္ကျားကောင်း သိက္ခာကို မန္တလေးရမ်မှာပင် တင်ကျန်နေစေသေးသည်။ မာန်သာ တင်းထားရသော်လည်း တစ်ခါတစ်ရံ ဟန်လုပ်ရန်ပင် မလွယ်တော့ပါ။ တချို့သော ယမကာ လုလင်ကြီးများဆိုလျှင် ဖြူဖြူပင် မတတ်နိုင်တော့။

ဖြူဖြူကလည်း အစိုးရဈေး ရှစ်ကျပ်၊ အပြင်တွင် သုံးဆယ့်ငါးကျပ် ပေးနေရသည်။ ထို့ကြောင့် ဖြူဖြူမှတဆင့် ဆင်းကာ ကော်နီကို နှိပ်နေ ရသည်။ ကော်နီမှာ ယမကာနယ်ပယ်တွင် တောမှာချက်သည့် နံနံစော်စော် ချက်အရက်ပင်ဖြစ်တော့၏။ အဆိုတော်ကော်နီက “တာဇံ’’ စတီရိယိုတေးကို ဆို၏။ တာဇံတောမှာနေသည်။ ထို့ကြောင့် ကော်နီ ညီမျှခြင်း တာဇံ၊ မျှခြင်းတော။ တော ညီမျှခြင်း ချက်အရက်—- သို့လျှင် ကောက်ချက် ဆွဲနိုင်သည်။ ကျွန်တော်ကမူ ကော်နီကို အနံ့ပင်ခံ၍ မရပါ။

ဤသို့ ယမကာပြဿနာအထွေထွေကို စဉ်းစားနေသည့် တညနေတွင် မိတ်ဆွေ ပင်စင်နာကြီးနှင့် ရုပ်ရှင် ထုတ်လုပ်သူ ဒါရိုက်တာကြီးတို့ ရောက်လာကြသည်။ သူတို့၏လက်တွင် လေးမျက်နှာကိုယ်တော် ခေါ်သည့် လေးထောင့်ပုလင်းတစ်လုံး ကိုင်လာကြသည်။

သော် ။ ။ ဟာ… ဒါရိုက်တာကြီး ကြွပါခင်ဗျာ။ ကြွပါ၊ အမယ် ကိုယ့်လူက ဘယ်ဆိုးလို့လဲ၊ ဂျော်နီဝါကား ဘလက်လေဘဲလ်နဲ့ပါလား။ ချဲထီ ပေါက်လာတယ်ထင်တယ်။
ဒါ ။ ။ ထပ်သရီး… ဘယ်ကလာ ချဲထီတိုက်ရမှာလဲ။ ဒါလည်း ဂျော်နီဝါကား မဟုတ်ပါဘူး။ တရုတ်ဝီစကီပါ။ ပုလင်းများလည်း သေသေ ချာချာကြည့်ပါဦး။

သော်။ ။ ဟာ ဟုတ်သားပဲ၊ ပုလင်းပုံကတော့ ဘလက်လေဘဲလ်ပုံ၊ တံဆိပ်ကလည်း ခပ်ဆင်ဆင်၊ ယောင်ယောင်ပဲသေးတယ်၊ ခင်ဗျားက “အင်”ကြီးများဖြစ်နေပါဦးမယ်။
ပင် ။ ။ စကားမများနဲ့၊ ဖန်ခွက်သာထုပ်၊ တရုတ်ဝီစကီ မြည်စမ်းကြည့်ကြတာပေါ့။ တရုတ်ဂျင်ကတော့ မဆိုးဘူးဗျ။ သူ့ဈေးနဲ့သူ ပေးတဲ့ ဘော်တဲလ်ကစ် (Bottle Kick) က တန်ပါတယ်။ (ပင်စင်နာများမှာ စကားပြောလျှင် အင်္ဂလိပ်စကားလုံး ညှပ်မပြောရသော် မကျေနပ်သူများ ဖြစ်ခြင်းကြောင့် ညည်းခံခွင့်လွှတ် နားသောတဆင်ကြပါရန်)

သော်။ ။ အင်း… တော်တော်ကြာ ဘော်တဲလ်ကစ်သာ မဟုတ်သေးဘဲ ဘတ်ကက်ကစ် (Kick the bucket) ဖြစ်နေလို့ စန့်နေပါဦးမယ်။ မြန်မာပြည်မှာတော့ တလောဆီက အင်းစိန်မှာ အိုပီကို မက်သနောနဲ့ ရောစပ်ရောင်းလို့ သုံးယောက် ချောသွားပြီလို့ ကြားရတာပဲ။
ဒါ ။ ။ ကဲ ကဲ အရက်အိတ်စပတ်ကြီးက မြည်းစမ်းကြည့်ပြီး မှတ်ချက်ကလေးပေးပါဦး။

သော် ။ ။ ပထမ အရက်သားလေးချည်း လက်တစ်ဆစ်လောက်ထည့်၊ ဖန်ခွက်ထောင်ကြည့်၊ အဲ… ဟုတ်ပြီ၊ အရောင်ကတော့ အရောင်၏ ကောင်းခြင်းနဲ့ပြည့်စုံပြီ၊ ပြီး နမ်းကြည့်၊ အာ… သစ်ကြံပိုးစော် နံတယ်။ စင်နာမွန် (Cinnamon) သစ်ကြံပိုးခေါက်နဲ့ ဘလဲန်းဒင်း (Blending) လုပ်ပြီး အနံ့သတ်ထားတာနဲ့တူသဗျ။ နောက်ပြီး လျှာဖျားကလေးနဲ့ တစ်ငုံစာမြည်းစမ်း။ သေချာပါသဗျာ။ ပူလိုက်ပုံက သစ်ကြံပိုးအပူပဲ။ ဒါ လောက်ပူရင် ရေများများရောစပ်သောက်မှ တော်ကာကျမယ်။ အသည်းရောင် အသည်းကျွတ်ရောဂါ အမြန်ဆုံးရနိုင်တယ်။
ပင် ။ ။ ဒါပဲလားဗျာ၊ ခင်ဗျား မှတ်ချက်က။

သော် ။ ။ မပြီးသေးဘူး။ နောက်မှတ်ချက်ကိုတော့ နှစ်ပက်လောက်သောက်ပြီးမှ ပေးနိုင်မယ်။ သူကပေးတဲ့အရှိန်၊ ခင်ဗျားပြောတဲ့ ကစ်(Kick) ပေါ့ဗျ။ နှစ်ပက်လောက်သောက်ပြီးမှ အရှိန်က ရီဝေဝေမလာဘဲ ကိုယ်တွေသာ ပူလာမယ် ဆိုရင်တော့ ခင်ဗျားတို့ “အင်”နဲ့ တိုးပြီသာမှတ်။ နောက်မှတ်ချက်ကိုတော့ နောက်တစ်နေ့ နံနက် ဆီးသွားတဲ့အခါ ပူနေရင် နံစော်နေရင် အာမိုးနီးယား (Ammonia) ဇဝက်သာနံ့ ထောင်းခနဲ ထလာရင် ဒီအရက်ဟာ တာရှည်စွဲသောက်ဖို့ မကောင်းဘူး။ ဒါပေမဲ့ ခင်ဗျားနောက်ကျသွားပြီ။ ခေါင်းအုံနေလိမ့်။
ပင်။ ။ တယ်လည်း ဟုတ်ပါလားဗျာ။ ခင်ဗျားရဲ့စမ်းသပ်မှု (Test) က။

သော် ။ ။ နောက်ဆုံးစမ်းသပ်မှုကတော့ ခြောက်လလောက် စွဲသောက်ကြည့်ပါ။ ခင်ဗျားမျက်နှာကြီး ထူအမ်းအမ်းဖြစ်လာရင် မသန့်တဲ့ ဖျူ ဆီလ်အွိုင်း (Fusil Oil) တွေက ခင်ဗျားအသားအရေကို အန္တရာယ်ပေးလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်ပြောပါပကော… မိန်းမမှာ ကောင်းခြင်းငါးဖြာသာ ရှိတယ်။ အရက်မှာ ကောင်းခြင်းခြောက်ဖြာရှိမှ အရက်ကောင်းလို့ခေါ်တယ်။
ဒါ ။ ။ အရက်ကောင်းတို့၏လက္ခဏာကို လင်းစမ်းပါဦး ကိုယ်တော်ကြီးရဲ့။ ကျွန်တော်များ ကြားနာ မှတ်သားရအောင်ပါ။

သော် ။ ။ စာမော်ကွန်း ဆိုတဲ့စာစောင်မှာ ကျုပ်ရေးထားခဲ့ပါပြီဗျာ။ အရက်ဟာ အရောင်၏ကောင်းခြင်း၊ အနံ့၏ကောင်းခြင်း၊ အရသာ၏ ကောင်းခြင်း၊ မူးယစ်ခြင်း၏ကောင်းခြင်း၊ အရှိန်ပြေခြင်း၏ကောင်းခြင်း၊ တာရှည် မိတ်ဆွေပြု သုံးစွဲခြင်း၏ ကောင်းခြင်းတို့နဲ့ ပြည့်စုံမှ အရက် ကောင်းမည်တယ်။
ပင်။ ။ ဒါဖြင့် အခု တရုတ်ဝီစကီကကောဗျာ။

သော်။ ။ ပြောပါပကော၊ ခြောက်လလောက်စွဲသောက်မှ အပြီးသတ်မှတ်ချက်ကို ပေးနိုင်မယ်။ အနည်းဆုံး သုံးလထားဗျာ။ လောလော ဆယ်တော့ ယတိပြတ် မပြောနိုင်သေးဘူး။ သင့်ပါတယ်လို့ ဆိုရမယ်၊ သူ့ဈေးနဲ့သူပေါ့။ တစ်ခု ယတိပြတ်ပြောနိုင်တာက တရုတ်လူမျိုး ဆိုတာ အရက်ကောင်းကောင်း သောက်တတ်တဲ့လူမျိုး မဟုတ်ဘူး။ ဒါကြောင့် အရက်ချက်ပညာမှာ လိုသေးတယ်။ အနုမြူဗုံးတော့ လုပ် ကောင်း လုပ်နိုင်မယ်၊ အရက်ယဉ်ကျေးမှုနယ်ပယ် အရက်ချက်သိပ္ပံမှာတော့ သိပ်မထွန်းကားသေးဘူး။
ပင် ။ ။ ဗျာ… တရုတ် အရက်မသောက်တတ်ဘူးဟုတ်လား။ မော်ထိုင်းကတော့ နာမည်ကြီးလှချည်လားဗျ။

သော်။ ။ မော်ထိုင်းတို့၊ ရုရှဗော့ဒကာတို့၊ ဂျပန်ဆာကေးတို့ဆိုတာ ကမ္ဘာမှာတော့ ခပ်ညံ့ညံ့အရက်တွေပါဗျာ။ ဒါပေမဲ့ ဗော့ဒကာနဲ့ ဆာကေး ကတော့ ကမ္ဘာ့ဈေးကွက်မှာ အတော်လေးဈေးကွက်ဝင်နေပါပြီ။ အခု တရုတ်က ဝိုင်နဲ့လှည့်ပြီး ကမ္ဘာ့ဈေးကွက် ဝင်ဖို့ ကြိုးစားနေတယ်။ တရုတ်ပြည်မှာ လာမြေနေရာရွေးပြီး စပျစ်ခြံ စိုက်ပေးတယ်။ လွန်ခဲ့တဲ့နှစ်လောက်ကစပြီး တရုတ်ဝိုင်ကို လီတာ သန်းချီပြီး ထုတ်လုပ်လာတယ်။ အနောက်နိုင်ငံ ဈေးကွက်ကို ဝင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်ပြောသလိုပါပဲ။ ကိုယ်တိုင်က ဟင်းကောင်းကြိုက်မှ ဟင်းကောင်း ချက်တတ်သလို လူမျိုးက အရက်ကောင်းသောက်တတ်မှ အရက်ကောင်းကောင်း ချက်တတ်တယ်။ ဒါဟာ အခြေခံဥပဒေသ ပဲဗျ။ (ဤတွင် ဒါရိုက်တာကြီးသည် သူ့ဖန်ခွက်ကိုချကာ စီးကရက်ဘူးကို ထုတ်ယူလိုက်ပြီး…)
ဒါ။ ။ ကဲ ဟောဒါကလည်း တရုတ်စီးကရက်ဗျာ။ ခင်ဗျား ဘယ်လိုမှတ်ချက်ပေးဦးမှာလဲ၊ လုပ်စမ်းပါဦး။

သော်။ ။ အင်း… ကျုပ်တို့လည်း အဝတ်အစားနဲ့ ဆေးဝါးပစ္စည်းကအစ တရုတ်အားထားပြီး တရား အားထုတ်နေရပါပကော။ ဒူးယားစီးကရက်တွေ ရှားပါးတော့ တရုတ်စီးကရက်တွေ လှိမ့်ဝင်လာတာပေါ့ဗျာ။ ခင်ဗျားစီးကရက်က မင်လီ (Minle) ဆိုရင်တော့ ကျေးဇူးပြပြီး မသောက်ပါ နဲ့ဗျာ။ အနံ့အသက်ကြီးက ဆိုးလွန်းလို့ ကျုပ်နှာခေါင်းမခံနိုင်ဘူးဗျ။ ရှင်းရှင်း (Xin Xing) ဆိုရင် တော်ပါသေးတယ်။ ကျုပ်က ဆေးလိပ်သောက်တာကို ဆေးပေါ့လိပ်ကအစ ဘာဆေးလိပ်ဖြစ်ဖြစ် မူအားဖြင့်ကို သဘောမတူဘူး။
ပင်။ ။ ဘာဖြစ်လို့လဲဗျ။ ငွေစက္ကူကို မီးရှို့ပစ်တဲ့သဘောကြောင့်လား။

သော်။ ။ ဒါလည်းဒါပေါ့ဗျာ။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့လူဟာ လူညာဗျ။ ဘယ်သူ့မှ မညာတောင် သူ့ကိုယ်သူ ညာနေတဲ့လူ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ။ လောကမှာ အလုပ်မရှိဘဲ ဘာအလုပ်မှ မလုပ်ဘဲနဲ့ ငါ အလုပ်တစ်ခုကို လုပ်နေတယ်လို့ ထင်တဲ့အလုပ်ဟာ ဆေးလိပ် သောက်ခြင်းပဲ။
ပင်။ ။ ဒါဖြင့် ခင်ဗျား ဆေးလိပ်မသောက်ဘူးပေါ့။

သော်။ ။ ကျုပ် တစ်ဆယ့်ခုနစ်နှစ်သားက စသောက်ခဲ့တယ်။ ဒီနေ့ထိ မစွဲဘူး။ ကျုပ်သောက်ဖို့ စီးကရက်ကို မဟာမိတ်လေယာဉ်ပျံများက လေထီးနဲ့ချပေးတယ်။ ဂိုးဖ်လိပ်တို့၊ ဝိုင်းဝုဒ်ဘိုင်တို့ပေါ့။ နောက် တပ်ထဲရောက်တော့လည်း ကပ်စတန်တို့၊ ပလေးယား နံပါတ် (၃) တို့၊ ငါးသုံးလုံးတို့၊ စတိတ်အိတ်စပရက်တို့ သောက်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က ဖွာရုံသက်သက်ပဲ။ မကြိုက်ပေမဲ့ မွှေးတယ် ထင်ရတယ်။ ခင်ဗျား တရုတ်စီးကရက်က တစ်စက်မှမမွှေးဘူး။ စက္ကူမီးရှို့စော်ပဲ နံတယ်။ အရက်သောက်တဲ့အခါ ဖွာလေ့ရှိပေမယ့် ဒီလို နံနံစော်စော် စီးကရက် မျိုးတော့ မဖွာသေးဘူး။
ပင်။ ။ ဘာလဲ၊ တရုတ်တွေ ဆေးလိပ်လည်း မသောက်တတ်ဘူးလို့ ပြောဦးမလို့လား။ ခင်ဗျားက အပြစ်ပြောချင်ရင် သမိုင်းနဲ့ လူမျိုးနဲ့ချီပြီး ပြောတတ်လွန်းလို့။

သော်။ ။ ဟုတ်တယ်လေ။ ဆေးလိပ်သောက်တာလည်း တရုတ်တို့ရဲ့ မူလ ယဉ်ကျေးမှုမှ မဟုတ်ဘဲနဲ့။ ကြာတော့ ကြာပြီ။ တရုတ်ပြည်မှာ ဘိန်းမစွဲမီကတည်းက ဆေးလိပ်သောက်တဲ့ အကျင့် ရောက်လာခဲ့တယ်လို့ ဆိုတယ်။ ဆေးလိပ်ဆေး တရုတ်ပြည်ကို ဝင်လာတာက ဖိလစ်ပိုင်ကဗျ။ ၁၇ ရာစုလောက်က ဝင်လာတာ။

စပိန် စွန့်စားသူသင်္ဘောသားတွေ အမေရိကတိုက် အင်ဒီးယန်းများဆီက ရရှိပြီး အဲဒီကတစ်ဆင့် သူတို့ဟာ ဖိလစ်ပိုင်ကို ယူလာတယ်။ နောက် တရုတ်ပြည်ရောက်တယ်။ ဆေးရွက်မျိုးစေ့တွေ ယူလာပြီး တရုတ်ပြည်မြောက်ဘက် ဒေသနဲ့ ကွမ်တုံနယ်မှာ အနှံ့အပြားစိုက်တယ်။ “မင်း”မင်းဆက်က မင်းသား ဝမ်လီ (Wang Li)လက် ထက်အထိ ဆေးလိပ်၊ ဆေးတံ တရုတ်ပြည်မှာ လုံးဝ မရှိသေးဘူးလို့ မှတ်တမ်း တရပ်က ဆိုတယ်။ အဲဒီနောက်မှာ ကျန်စုနဲ့ ဟူပေပြည်နယ်တွေမှာ ဆေးအကြီးအကျယ် စိုက်ပျိုးပြီး ဆေးတံရိုး ရှည်ကြီးတွေနဲ့ သောက်စပြုလာကြတယ်။

ဒါကြောင့် တရုတ်ဆေးလိပ်သောက်တာဟာ နှစ်ပေါင်း ၃၆၀ လောက်ပဲရှိသေးတယ်။ တရုတ်ပြည်ကို ဆေးရွက်၊ ဆေးမျိုးစေ့ဝင်တဲ့ လမ်း နောက်တလမ်းက ဂျပန်နဲ့ ကိုရီးယားက ဝင်တယ်။ ဒါလည်း ပေါ်တူဂီသင်္ဘောသားတွေ ယူလာတဲ့ လမ်းပါ။ အဲဒီမှာ တရုတ် အာဏာပိုင်များက နိုင်ငံခြား ကိုရီးယားကဝင်တဲ့ပစ္စည်းမဟုတ်ဘူး ဆိုပြီး ဆေးလိပ်သောက်ခွင့်ကို ပိတ်ပင် တားမြစ်ခဲ့သတဲ့ဗျာ။ ဒါပေမဲ့ ဘုရင့်နန်းတော်တခုလုံး ဆေးလိပ် စွဲနေကြပြီဖြစ်လို့ ၁၆၄၁ ခုနှစ်မှာ ဆေးလိပ်သောက်ခြင်း တားမြစ်တဲ့ အမိန့်ကို ပြန်ရုပ်သိမ်းရသတဲ့။

အခုတော့ သူတို့တွင် သောက်ရှူရုံမက မြန်မာပြည်ကိုပါ မှောင်ခိုလမ်းက တင်သွင်းရောင်းချနေတော့တာပေါ့။ ခင်ဗျားတို့ ဆေးလိပ်သောက် သူတွေ၊ နိုင်ငံခြားဝီစကီမှ ခပ်မြက်မြက်ကလေး ခံတွင်းတွေ့ပါတယ် ဆိုတဲ့လူတွေ၊ ခင်ဗျားတို့နှုတ်ဖျားက အမျိုးသားစိတ်တို့၊ တိုင်းချစ်ပြည်ချစ်စိတ်တို့ပြောထွက်တာ အံ့သြလှသဗျာ။ ကျုပ်တို့ကတော့ မန္တလေးရမ် မှန်မှန်ရရင် တော်ပါပြီ။ ဆေးလိပ်ကလည်း ဆေးပေါ့လိပ်ပဲ သောက်ကြပေါ့။

ပင်။ ။ နေပါဦး၊ ခင်ဗျားက ဒါတွေ ဘယ်က ရှာဖွေစုဆောင်းထားတာတုန်း။
သော်။ ။ လွယ်ပါတယ်ဗျာ။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးဌာန ဒဗလျူအိပ်ခ်ျအိုက ထုတ်တဲ့ သတင်းလွှာတွေထဲမှာ ဒီအချက်အလက်တွေ အားလုံးတွေ့နိုင်ပါတယ်။ နိုင်ငံခြားမှာ ဘယ်တိုင်းပြည်က လူဦးရေ ဘယ်လောက် ဆေးလိပ်သောက်တယ်။ ဘယ်ရွှေ့ဘယ်မျှက အရက် သောက်တယ်။ တင်ပို့တယ်၊ တင်သွင်းတယ် ဆိုတဲ့သတင်းတွေ အတိအကျ သိနိုင်ပါတယ်။ ဒါထက် လွယ်လွယ် ရှာဖတ်ချင်ရင်တော့ လူထု ဒေါ်အမာရေးတဲ့ဆောင်းပါး ဖေဖော်ဝါရီလထုတ် “ဘက်စုံ” စာစောင်မှာ ပါပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ရဲ့ နယ်ပယ်အကျယ်ဝန်းနဲ့ အပြစ်အနာအဆာတွေပါ။ ရုရှားပြည်မှာ ဂေါ်ဘာချော့ဗ်တက်လာမှ အရက်သောက်သုံးမှုဟာ ၁၉၈၇ ခုနှစ်ကစပြီး သိသိသာသာ ကျဆင်းလာတယ် ဆိုတဲ့ သတင်းကောင်းလည်း ပါတယ်ဗျ။

ပင်။ ။ ဒါ သတင်းကောင်းလားဗျ။
သော်။ ။ သတင်းကောင်းပေါ့ဗျ။ ရုရှတွေဟာ သောက်လုံးကြီးလွန်းလို့ လုပ်အားတွေ ကျဆင်းတယ် တဲ့၊ ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ ကျတော့ အကြောင်းအမျိုးမျိုးနဲ့ အရက်ကို ဖိသောက်နေကြတယ်။ မြန်မာပြည်ဖြစ် မန္တလေးရမ်၊ ဇေယျဝတီအိုပီ အလုံအလောက် မရလို့ မဲခေါင်နဲ့ တရုတ်ဝီစကီ တွယ်နေကြရတယ်။

ဒါ။ ။ အဲဒီ မှောင်ခိုက ဗြောင်လျှိုဝင်လာတာတွေလေ၊ အထူးသဖြင့် စီးကရက်၊ အရက်တွေကို မနှိမ်နင်းသင့်ဘူးလားဗျာ။
သော်။ ။ ပပျောက်အောင် မနှိမ်နင်းနိုင်ရင် ပိုပြီးဈေးကြီးလာတတ်တယ်ဗျ။

ပင်။ ။ ဒီမှောင်ခိုသမားတွေက နေရာတကာပါပဲလားဗျာ။
သော်။ ။ ဒါကတော့ ခင်ဗျားတကိုယ်လုံးပေါ်မှာ၊ ခင်ဗျားရဲ့အိမ်မှာ မှောင်ခိုပစ္စည်းနဲ့ လွတ်သလား ဆိုတာ အလျင်ကြည့်ဦးလေဗျာ။

ဒါ။ ။ဒါထက် ဟိုအပတ်က ခင်ဗျားရေးလိုက်တဲ့ ရုပ်ရှင်သရုပ်ဆောင်အကြောင်းက အတော် ဂယက် ရိုက်သွားတယ်ဗျ။ စာပေနယ် ရုပ်ရှင်နယ်မှာ သူ့အကြောင်းပဲပြောဆိုနေကြတယ်။ ခင်ဗျား ဆက်ရေးဦးမှာလား။

သော်။ ။ဘာပြုလို့ ရေးရမှာလဲဗျာ။ ကျုပ်ရေးလိုက်တာကိုက စာပေဟောပြောပွဲစင် သန့်စေချင်တဲ့စေတနာနဲ့ပါ။ ပုဂ္ဂိုလ်ရေး မဟုတ်ပါဘူး။ ကျုပ်က ပြီးပြီးပြတ်ပြတ်ပဲ သဘောထားပါတယ်။ ဒီထက် အရေးကြီးတဲ့အကြောင်းတွေ ကျုပ်မှာရေးလို့ မကုန်နိုင်ပါဘူး။ ခုဟာက ချစ်သနား လို့ ဖော့သေနတ်နဲ့ ပစ်တမ်းကစားတာပါ… “ဒိုင်းညှောင့်”။

www.shwezinu.com မှ ကူးယူဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts