>Aung Way – Remembrance 11

>

တမ်းတမ်းတတ အလွမ်းများ (၁၁)
အောင်ဝေး
ဒီဇင်ဘာ ၁၇၊ ၂၀၁၁

(ဒီတပတ်မှာ- ကွယ်လွန်သူ ကဗျာဆရာလှသန်း ဖောင်ဒေးရှင်း သတင်းနဲ့ ဆက်စပ်ပြီး အနုပညာရှင် လူငယ်နှစ်ဦး ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းတွေ အကြောင်း တင်ပြထားပါတယ်)


အားလုံး မင်္ဂလာပါ။

ကျနော့်မှာ အများသူငါတွေကလည်း အပြည့်အ၀ မဟုတ်ရင်တောင်မှ၊ တစိတ်တပိုင်းဖြစ်ဖြစ်၊ ခြွင်းချက်နဲ့ပဲဖြစ်ဖြစ် လက်ခံနိုင်လိမ့်မယ်လို့ ထင်မိတဲ့ အယူအဆကလေးတခု ရှိပါတယ်။ ကျနော့်အယူအဆက ဘ၀သေခြင်း နေခြင်းတို့နဲ့ ပတ်သက်တဲ့ တွေးတောမှုကလေးပါ။

“ဘ၀မှာ ဘယ်လိုသေမလဲ ဆိုတာကို နားလည်မှ၊ ဘ၀မှာ ဘယ်လို နေထိုင်ဖြတ်သန်းသွားရမလဲ ဆိုတာကို သဘောပေါက်မယ်“ ဆိုတဲ့ အယူအဆပါ။ ဘ၀ရဲ့သေ/နေ ပြဿနာကို ကျနော့်နည်း ကျနော့်ဟန်နဲ့ အဖြေရှာကြည့်တာပါပဲ။

မကြာသေးခင်က၊ အောက်တိုဘာလ(၂၂)ရက်နေ့၊ ရန်ကုန်ဆေးရုံကြီးမှာ၊ မြန်မာကဗျာလောကရဲ့ အထင်ကရ ကဗျာဆရာ တဦးလည်း ဖြစ်၊ ဦးဆောင်သူတဦးလည်း ဖြစ်တဲ့ ကဗျာဆရာလှသန်း ကွယ်လွန်သွားခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်၊ စစ်အာဏာရှင် အစိုးရ အဆက်ဆက်ရဲ့ ဖိနှိပ်ချုပ်ချယ် ပိတ်ပင်မှုတွေ ကြားကနေ၊ ကလောင်အမည် အမျိုးမျိုး ပြောင်းပြီး၊ လူထုဘက်ကနေ ကဗျာတွေ မမှိတ်မသုန် ရေးခဲ့သူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်များရဲ့ ဒီမိုကရေစီ တိုက်ပွဲကို ပြတ်ပြတ် သားသား ထောက်ခံသူလည်း ဖြစ်တဲ့ ကဗျာဆရာလှသန်း ကွယ်လွန်သွားတဲ့အခါ၊ သူ့ကိုချစ်ကြတဲ့ ပြည်တွင်းပြည်ပက စာဖတ်ပရိသတ်ကြီးကရော၊ သူ့ကိုလေးစားတဲ့ လူငယ်ထုကပါ တညီတညွတ်တည်း မော်ကွန်းတင် လိုက်တာကတော့ “လက်မရွံ့ကဗျာဆရာလှသန်း“ ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။

ကဗျာဆရာလှသန်း ကွယ်လွန်တဲ့ တချိန်တည်းလိုလိုမှာပဲ၊ အာဖရိကတိုက်က လစ်ဗျား အာဏာရှင် ကဒါဖီလည်း၊ လစ်ဗျား ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေရဲ့ လက်ထဲမှာ အသက် ပျောက်သွားခဲ့ရပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လစ်ဗျား အာဏာရှင်ကြီးရဲ့ဘ၀ နိဂုံးဟာ ရေဆိုးထုတ်ပြွန်နဲ့ သားသတ်ရုံ အအေးခန်းထဲမှာ မရှုမလှ ကျဆုံးရတဲ့အဖြစ်၊ ကျနော်တို့ မြင်ခဲ့ကြားခဲ့ရတာပဲ မဟုတ်လား။

ဒီအဖြစ်အပျက်နှစ်ရပ်က ကျနော့် အယူအဆကို ခိုင်မာအောင် သက်သေပြလိုက်သလိုပဲလို့ ခံစားမိပါတယ်။ ကျနော်တို့ဘ၀မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ မေးခွန်းတွေက ရှေ့မှာ အဆင်သင့် ရှိနေတာပါ။ ကျနော်တို့ဟာ ဘ၀မှာ ကဗျာဆရာလှသန်းလို သေမလား။ လစ်ဗျားအာဏာရှင် ကဒါဖီလို သေမလား။ ကဗျာဆရာလှသန်းလို သေရင်တော့ ပြည်သူက ဂုဏ်ပြုမော်ကွန်းတင်တာကို ခံရမယ်။ လစ်ဗျားအာဏာရှင် ကဒါဖီလို သေရင်တော့၊ ခွေးသေ ၀က်သေ သေရရုံမက၊ ပြည်သူလူထုက တံတွေးနဲ့ထွေးတာကိုပါ ခံရတော့မယ်။

ကျနော် ယူဆမိတာက အဲဒီလိုပါ။ ကျနော်တို့ဟာ ပြည်သူချစ်တဲ့၊ လူထုက တန်ဖိုးထားတာကို ခံရတဲ့လူတယောက်အဖြစ်နဲ့ သေဆုံးလိုတယ် ဆိုရင်၊ ကျနော်တို့ ဘ၀ကို ပြည်သူထဲမှာ ဖြတ်သန်းရမယ်။ ကျနော်တို့ဟာ ပြည်သူထဲမှာ ရဲရဲ နေထိုင်ရမယ်။ သေပန်းပွင့်ဖို့ ဆိုရင်၊ နေလမ်းသင့်မှဖြစ်မယ်။ ကျနော် ဒီလို ယုံကြည်တယ်။

ကျနော်တို့ခေတ်ရဲ့ကြီးမြတ်တဲ့ ကဗျာဆရာ လှသန်းကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ ကဗျာဆရာလှသန်း မကွယ်လွန်ပါ။ သူ့ကိုချစ်ကြ၊ တန်ဖိုးထားကြတဲ့ ပြည်တွင်းပြည်ပက စာဖတ်ပရိသတ်တွေ၊ လူငယ်တွေက သူတို့ရဲ့ ကဗျာချစ်စိတ်၊ အမှန်တရားမြတ်နိုးစိတ်၊ သူတို့ရဲ့ တိုင်းပြုပြည်ပြုစိတ်တွေကို အရင်းခံပြီး၊ ကဗျာဆရာ လှသန်း ဖောင်ဒေးရှင်းတခု၊ ကဗျာဆရာလှသန်းရဲ့ ကျန်ရစ်သူ ဇနီးသည်နဲ့အတူ တွဲပြီးထူထောင်ကြမယ် ဆိုတဲ့သတင်းက၊ ကျနော်တို့ရင်တွင်းမှာ ရေစီးသန်တဲ့ မြစ်တစင်းလို ဒုန်းစိုင်း စီးဝင်သွားခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ၊ ဒါရိုက်တာ ပိုင်သ ရေးခဲ့ဖူးတာလေးတခုရှိပါတယ်။ “၃၃ လမ်းဟာ လမ်းတိုကလေးပါ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ဒုက္ခကတော့ရှည်လျားလှပါတယ်“ တဲ့။ အခုတော့ ကျနော်တို့ဒုက္ခရှည်ရှည်ကဗျာဆရာတယောက်ရဲ့ဖောင်ဒေးရှင်း၊ ကဗျာဆရာလှသန်းဖောင်ဒေးရှင်းပေါ့၊ ဒါကိုထူထောင်တော့မယ်ဆိုတော့၊ ကျနော့်ရင်ထဲမှာ ဖောင်ဒေးရှင်းတွေနဲ့ပတ်သက်ပြီး ကြည်းနူးမိတာကလေး ဆက်ပြောပရစေ။

ကျနော်တို့ပြည်ပ ရောက်နေပေမဲ့လည်း၊ ပြည်တွင်းက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ မျက်ခြည်မပြတ်ကြပါဘူး။ ဒီတော့ ပြည်တွင်းက စာစောင်တွေထဲမှာ၊ ၀မ်းမြောက်ဂုဏ်ယူစရာ ဖောင်ဒေးရှင်း သတင်းတွေ၊ ဓာတ်ပုံတွေ၊ ၀ိုင်းဝန်း ပံ့ပိုး လှုပ်ရှားကြပုံတွေ၊ အမြဲတွေ့နေ မြင်နေ၊ ကြားနေဖတ်နေရတာပါ။

သိပ်မကြာခင်ကဖြစ်ခဲ့တဲ့၊ မကွေးတိုင်း၊ ပခုက္ကူရေဘေးနဲ့ ဆိပ်ဖြူရေဘေး သတင်းတွေမှာ “ရဲတိုက်ဖောင်ဒေးရှင်း“ က တောကြိုအုံကြား ခက်ခက်ခဲခဲ စွန့်စား သွားရောက်ပြီး၊ ရေဘေးဒုက္ခသည်တွေကို ကူညီကြတာတွေ့ရတော့၊ ကြည်နူး ကျေနပ်ဖြစ်မိပါတယ်။

“ရဲတိုက်“တဲ့။ ဆရာမောင်ထွန်းသူ ဘာသာပြန်ဆု ရတဲ့ ရဲတိုက်၊ ဆရာနတ်နွယ် မကွယ်လွန်ခင် နောက်ဆုံး ဘာသာပြန်ခဲ့တဲ့၊ ကပ်ဖကာရဲ့ ရဲတိုက်။ ဒီစကားလုံးက ကဗျာဆရာလို လူတယောက်အဖို့ သိပ်ကို ခန့်ညားအင်အားရှိလှတဲ့စကားလုံးပါ။

အခုတော့ ရဲတိုက် ဆိုတာက၊ မြန်မာပြည်က ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားငယ်ကလေးတယောက် ဖြစ်နေတာပါလား။ ရဲတိုက်ဖောင်ဒေးရှင်း ဆိုတာ၊ အဲဒီ အနုပညာရှင် လူငယ်လေး ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းပါလား။ ရုပ်ရှင်မင်းသား၊ ဗီဒီယို မင်းသား လူငယ်ပေါက်စကလေးက ဖောင်ဒေးရှင်း ထောင်တာ၊ သူ့ကိုယ်သူ နာမည်ကြီးအောင်၊ ပေါ်ပြူလာမှု ပြုတယ် လို့တော့ ကျနော် မယူဆပါဘူး။ ဆိပ်ဖြူရေဘေး ကယ်ဆယ်ရေးမှာ၊ တောရွာ လူထုကြား ကိုယ်တိုင်သွားပြီး၊ ပြည်သူတွေကိုဘ၀အမောပြေအောင် အားတက်သရောကူညီနေတဲ့၊ ဒီမင်းသားလေးရဲ့ ရုပ်ပုံတွေက ကျနော်တို့ စိတ်တွေကို ကြည်နူး တက်ကြွစေခဲ့တာပါ။

ကျနော် ဖောင်ဒေးရှင်း ဆိုတာကို နားလည်သွားပါတယ်။ ဖောင်ဒေးရှင်းဆိုတဲ့ စကားလုံးကိုလည်း အခါခါ ရေရွတ်မိပါတယ်။ ကျနော့်မှာ နောက်ထပ် ဂုဏ်ပြုစကားပြောချင်တဲ့ ဖောင်ဒေးရှင်းတခုကလည်း အဆင်သင့် ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ ရုပ်ရှင်မင်းသား ပြေတီဦးရဲ့ဖောင်ဒေးရှင်းပါပဲ။ အဲဒါကိုတော့ “ပြေတီဦး ပညာရေးဖောင်ဒေးရှင်း“ အမည်နဲ့ တိုင်းသိပြည်သိ အထင်ကရ ပုဂ္ဂိုလ်တွေပါဝင်ပြီး ဖွဲ့စည်းထားတာပါ။ စေတနာကလည်း အလွန် လှပြီး၊ စနစ်တကျ လည်း ရှိလွန်းတဲ့ ဖောင်ဒေးရှင်းလို့ ဆိုချင်ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကနေ နှစ်စဉ် ပညာ ထူးချွန်ပြီး၊ ပညာရေးမှာ အကူအညီ လိုအပ်နေတဲ့ကျောင်းသူ ကျောင်းသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ် ဆုချီးမြှင့်နေတဲ့ သတင်းတွေ ကျနော်တို့ အမြဲကြားနေ ဖတ်နေရတာပါ။

ရဲတိုက် ကဲ့သို့သော၊ ပြေတီဦး ကဲ့သို့သော လူထုအကျိုးပြု ဖောင်ဒေးရှင်း ထူထောင်သူ လူငယ် အနုပညာရှင်တွေအတွက် သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်။ မကြာမီ ပေါ်ထွန်းလာတော့မယ့် ကဗျာဆရာ လှသန်း ဖောင်ဒေးရှင်းလည်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
ဒီဇင်ဘာ ၄-၂၀၁၁။

မူရင်း – အောင်ဝေး၊ မစ်ရှီဂန်က ပေးတဲ့စာ၊ လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts