Uncategorized

Kamarpale – Poem

ကျနော် အဖြေရှာနေတာ
ကမာပုလဲ
ဧပြီ ၂၆၊ ၂၀၁၃



ကျနော် အဖြေရှာနေတာပါ …
ကျနော် အဖြေရှာနေတာ …
ကျနော့်ကို အမေမွေးတဲ့ ၁၉၆၂ ခုနှစ်ကစခဲ့ …

မွေးကတည်းက ကျနော် ငိုတယ်
အဲဒါ အဖြေရှာတာပဲ
တကသ အဆောက်အဦကြီး မိုင်းခွဲဖျက်ဆီးခံရတယ်
အတုအယောင် ငြိမ်းချမ်းရေးပျက်တယ်
ကိုကိုးကျွန်းကို နိုင်ငံရေးအကျဉ်းသားတွေ ပို့တယ်
တရုတ် – ဗမာ အရေးအခင်း
ဆန် ရှားပါးမှု …
အာ … အဖြေရှာပါတယ်ဆိုမှ ပြဿနာပဲ
အဖြေရှာပါတယ်ဆိုမှ ပြဿနာ တထွေးကြီးနဲ့ ထိပ်တိုက်တိုးရ
အဲဒီ ပြဿနာတွေကို ဘယ်လို ခဲဖျက်နဲ့ ဖျက်ပစ်ရမလဲ မေမေ
ကျနော် အဖြေရှာနေတာ ပြဿနာတွေသာ တွေ့တွေ့နေရ
ပြဿနာတွေကလည်း ပြဿနာပြီး ပြဿနာ 
ပြဿနာတွေက အသစ်ပြီး အသစ်
ကျနော် အဖြေရှာနေတာပါဆို
၁၉၇၄၊ ၇၅ … ပြဿနာတွေ
ဦးသန့် … ကျွန်းဆွယ် … သခင်ကိုယ်တော်မှိုင်း … ဂျွန် – ၆
ကျနော် အဖြေရှာနေတာ
ပြဿနာတွေချည်း
တရားမ၀င် ငွေစက္ကူ
ဘုန်းမော် … စိုးနိုင်
ကျနော် အဖြေရှာနေတာ 
“ နောင်ကို ဆူဆူပူပူလုပ်ရင်
စစ်တပ်ဟာ မိုးပေါ်ထောင်မပစ်ဘူး … ”
ဂျွန် – ၂၁
တံတားနီ
၈၈၈၈ ….
အာ … ကျနော် အဖြေရှာနေတာပါဆို
“သမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချ …”
ရင်ဘတ်မှာ မောင်းပြန်သေနတ်ကျည်ဆံရာ အပေါက်ကြီးတွေ
“၀င်းမော်ဦး ”
ပြဿနာပဲ
အဖြေမတွေ့ဘဲ … ပြဿနာတွေချည်း တွေ့
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်
ဂန္ဓီ …
နာဂစ်
ဒီပဲယင်း … လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ
စု – လွှတ် – တွေ့
ရွှေဂုံတိုင် ကြေညာချက်
၂၀၀၇ – စက်တာဘာ … သံဃာထု
၂၀၀၈ စစ်အခြေခံ ဥပဒေ
၂၀၁၀ – အဓမ္မရွေးကောက်ပွဲ
ဟာ …
ဂုရုရေ … မင်းပြောသလို
“ကျွတ်စဉ်ကြီး ”
ပြဿနာတွေ တပြုံ တထွေးကြီး …။

“၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ဘူး

ဒါပေမဲ့ လက်တွေ့မကျတော့ဘူး ”

ပါတီ မှတ်ပုံတင်မယ်

လူထုက တောင်းဆိုလို့ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ် … ၀င်တယ် …”

( ဒုက္ခ ဘယ်တုန်းက လူထုက တောင်းဆိုလိုက်သလဲ မသိဘူး )

သစ်ကောင်းအိမ်

အဲဒါ …. မင်း သိလိုက် … ကြားလိုက်သလားဟ …။

လက်ပံတောင်းတောင်

မီးလောင်ဗုံး ဒဏ်ရာ

ဘုရား … တရား … သံဃာ

ဘာတွေလဲဗျာ

ဘုန်းကြီးကို မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းရတယ်လို့ …

သမတကြီး … သမတကြီး

တောင်တလုံးဆုံးရှုံးရတာများ ဘာအရေးလဲ

အင်းလေကန် ခမ်းခြောက်သွားတာ ဘာအရေးလဲ

လယ်သမားတွေ ထမင်းငတ်တာ ဘာအရေးလဲ

ကျေးဇူးရှင် လယ်သမားကို သေနတ်နဲ့ ပစ်တာ ဘာအရေးလဲ

ကျနော် ပြဿနာ ရှာနေတာ

အဲလေ … ကျနော် အဖြေရှာနေတာပါ …

အဟင့် … ဟင့်

“သမတ ဖြစ်ချင်တယ် … သမတ လုပ်ချင်တယ် ”

“ဖန်လ်ခွက်ထဲ ရေတ၀က်ရှိနေရင် ရှိတယ်လို့ လက်ခံရမှာပဲ ”

ဟာ … ဟဲ့ကောင် ငတုံးရ

အဲဒါ …. ရေမဟုတ်ဘူးဟ

အပြစ်မဲ့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် ကျခဲ့ရတဲ့ မျက်ရည်တွေ ဟ

အရေးတော်ပုံနဲ့ အရေးခင်းတွေမှာ ကျခဲ့ရတဲ့ ပြည်သူ့သွေးကို ပေါင်းခံထားတဲ့ အရည်ဟ

ဟာဗျာ …

ကျနော် အဖြေရှာနေတာ

ကျနော် အဖြေရှာနေတာလေဗျာ

ကျနော် အဖြေရှာနေပါတယ်ဆိုမှ

ပြဿနာတွေနဲ့ချည်း တွေ့တွေ့နေ

ကျနော် အဖြေရှာနေတာ …

အဖြေ မတွေ့ရင်တော့ 

သင်္ချိုင်းကုန်းက အမေရေ …

ကျနော့်ကိုသာ သေရာကနေ 

ထပြီး … ဆုံးမလိုက်ပါတော့ဗျာ …။ ။

+ ၀န်ခံချက်။ ။ ဒီစာ ကဗျာလို့ မခံစားကြပါနဲ့ ဗျာ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts