>Aung Way – Remembrance 10

>

တမ်းတမ်းတတ အလွမ်းများ (၁ဝ)
အောင်ဝေး
ဒီဇင်ဘာ ၁ဝ၊ ၂၀၁၁


ဆရာဦးတင်မိုးရဲ့ ဈာပနအခမ်းအနားမှာ ရုပ်ကလာပ်ကို ဂုဏ်ပြု ဖုံးအုပ်ခဲ့တဲ့ အလံတွေ ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့ရောက် မိုးချိုသင်းတို့ ဇနီးမောင်နှံရဲ့ ဧည့်ခန်းမှာ အခုလို သိမ်းဆည်းထားပါတယ် (ဓာတ်ပုံ – မိုးမခ)


အားလုံးမင်္ဂလာပါ။
အရင်တပတ်က ဆရာဦးတင်မိုးနဲ့ပတ်သက်တဲ့၊ ဆရာမောင်စွမ်းရည်နဲ့ ကျနော်တို့ရဲ့ အိပ်မက်အကြောင်း ပြောမယ်လို့ ကျနော် စကားပလ္လင်ခံခဲ့ပါတယ်။

ဆရာဦးတင်မိုး ဆုံးတဲ့အချိန်က ကျနော် ရန်ကုန်မှာပဲ ရှိပါသေးတယ်။ ဆရာ ဦးတင်မိုး ၂၀၀၇၊ ဇန်န၀ါရီ(၂၂) အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့က၊ လက်ဖက်ရည်ဆိုင်ကလေး တဆိုင်မှာ ကွယ်လွန်ခဲ့တာပါ။

လက်ဖက်ရည် အင်မတန်ကြိုက်တဲ့၊ ပိုပြီး ပြည့်ပြည့်စုံစုံပြောရရင်၊ ဆေးလိပ်နဲ့ လက်ဖက်ရည် အင်မတန် ကြိုက်တဲ့ ကဗျာဆရာက၊ အမေရိက က လက်ဖက်ရည်ဆိုင်ကလေး တဆိုင်ထဲမှာ ဆုံးပါးခဲ့တာကတော့၊ တိုက်ဆိုင်မှု မဟုတ်တဲ့ အလွမ်းဇာတ်တပုဒ်လို့ပဲ ဆိုရတော့မယ်။ ဒါပေမဲ့၊ သူချစ်တဲ့ ခွပ်ဒေါင်းတို့ တိုင်းပြည်၊ ရန်ကုန်မြို့ တော်ကြီးက လက်ဖက်ရည်ဆိုင်ကလေး တဆိုင်မှာ မဟုတ်တော့၊ သူချစ်တဲ့ အညာမြေ တမာတော၊ မန်းတက္ကသိုလ်၊ ရေနီမြောင်းနံဘေးက လက်ဖက်ရည်ဆိုင်ကလေး တဆိုင်မှာ မဟုတ်တော့ ကြေကွဲရပါတယ်။

တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်တဲ့ ကဗျာဆရာ တယောက်ကို၊ စစ်အာဏာရှင်တွေက မညှာမတာ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့တယ်။ ဆရာဦးတင်မိုး နိုင်ငံရေးပုဒ်မနဲ့၊ အင်းစိန်အကျဉ်းထောင်တွင်းမှာ(၅)နှစ်ကျော် အချုပ်အနှောင် ခံခဲ့ရတယ်။ ထောင်က ပြန်လွတ်လာပြန်တော့လည်း၊ လွတ်လပ်မှု မရှိတဲ့ စစ်အာဏာရှင်စနစ် အောက်မှာ နေလို့ မရတော့တဲ့ အဆုံး တနေ့မှာတော့၊ ဆရာဦးတင်မိုး သူအင်မတန် ပျော်ပိုက်တဲ့ ကဗျာလောကကြီးကို ထားရစ်ပြီးတိုင်းပြည်က စွန့်ခွာလာခဲ့တယ်လို့ ဆိုရမှာပါ။

တိုင်းပြည်နဲ့လူမျိုးကို ချစ်လွန်းလို့ စွန့်ခွာလာခဲ့တဲ့ ကဗျာဆရာအဖို့၊ အဝေးရောက်သွားလည်း၊ တိုင်းပြည်နဲ့လူမျိုးကို စွန့်စွန့်စားစားချစ်နေဆဲပဲ ဆိုတာ၊ ဆရာဦးတင်မိုး ပြည်ပမှာရေးခဲ့တဲ့ စာတွေ ကဗျာတွေက သက်သေပြနေပါတယ်။

ဆရာဦးတင်မိုး မကွယ်လွန်ခင် တနှစ်မှာ၊ လွတ်မြောက်နယ်မြေ ထိုင်း-မြန်မာ နယ်စပ်ကိုရောက်လာခဲ့တယ်။ မဲဆောက် ဆိုတဲ့ မြ၀တီနဲ့ တဖက်ကမ်း၊ သောင်ရင်းမြစ် ဒီဘက် အခြမ်းကနေဆရာ ဦးတင်မိုးဟာ နေညိုချိန်ရောက်ပြီ ဆိုရင်၊ ကိုယ့်အမိ တိုင်းပြည်ဘက်ကို မျှော်ငေးပြီး၊ ကိုယ့်ရေကိုယ့်မြေက တောတွေ တောင်တွေကို ကြည့်ငေး လွမ်းဆွတ်နေခဲ့တာ လို့၊ မဲဆောက်မြို့က မောင်လွမ်းဏီတို့ ကဗျာဆရာတသိုက် ပြန်ပြန်ပြောပြတာကို၊ ကျနော် ကိုယ်တိုင် လွတ်မြောက်နယ်မြေကို ရောက်သွားတဲ့အခါ အကြိမ်ကြိမ် နားထောင်ခဲ့ရပါတယ်။

သူတို့တွေ အဲဒီလို ပြောပြတော့၊ ကျနော်က ဆရာဦးတင်မိုး ကွယ်လွန်စဉ်တုန်းက၊ ကိုမင်းကိုနိုင် ရေးခဲ့တဲ့ ကဗျာကို ပြန်သတိရမိပါတယ်။ မင်းကိုနိုင်ရဲ့ ကဗျာထဲမှာ၊ ဆရာ ဦးတင်မိုးသူများခြံစည်းရိုးကနေ ရပ်ပြီး၊ ကိုယ့်အိမ်နောက်ဖေးပေါက်ကို ချောင်းကြည့်ခဲ့ရတယ် လို့ ရေးထားတာပါ။

ထောက်လှမ်းရေးတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အလုံးနဲ့အရင်းနဲ့ ၀ိုင်းပြီးစောင့်ကြည့်နေတဲ့ ကြားကပဲ၊ ကျနော်တို့၊ ကိုမင်းကိုနိုင်တို့၊ ဘိုကလေး ဦးလှရွှေတို့ စုပေါင်းပြီး၊ အင်းစိန်၊ မင်းကြီးလမ်းက ဆရာဦးတင်မိုး နေအိမ်မှာ၊ ဆရာဦးတင်မိုး အမှတ်တရ ဂုဏ်ပြုပွဲကလေး လုပ်ခဲ့ကြပါတယ်။ ပြည်တွင်းမှာ ကျနော်တို့ လုပ်နိုင်တာက ဒီလောက်ပဲ ရှိခဲ့တာကိုး။

ပြည်ပမှာတော့၊ ဆရာဦးတင်မိုးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်၊ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့ ဆရာမောင်စွမ်းရည်တို့ ဦးစီးပြီး၊ ဆရာ ဦးတင်မိုးဈာပနကို ခမ်းခမ်းနားနား ကျင်းပ ဂုဏ်ပြုကြပုံတွေ၊ ကျနော် လွတ်မြောက်နယ်မြေရောက်တော့၊ ဗီဒီယို ရိုက်ထားတာကိုကြည့်ရင်း မျက်ရည်ကျမိတဲ့ အထိ၊ ထိခိုက် ခံစားခဲ့ရပါတယ်။

အခုဆိုရင်၊ ဆရာဦးတင်မိုးရဲ့ အရိုးပြာအိုးကို၊ ဆရာ့သမီး မိုးချိုသင်းတို့ ဇနီးမောင်နှံက လော့စ်အိန်ဂျယ်လိစ်မြို့က ဗိမာန်တခုမှာ တမြတ်တနိုး သိမ်းဆည်းထားပါတယ်။

အမေရိကမှာ၊ အခါအားလျှော်စွာ စာပေဟောပြောပွဲတွေ ဖိတ်ရင်၊ ကျနော်တို့လည်း ဟိုမြို့ဒီမြို့ သွားရပါတယ်။ ဆရာမောင်စွမ်းရည်နဲ့ တွဲပြီး ဟောတဲ့နှစ် ဟောရပါတယ်။ တနှစ်မှာတော့၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာစွမ်းနဲ့ ဆုံရပါတယ်။ ဆရာဦးတင်မိုးအိမ်မှာပဲ၊ ကျနော်တို့ ဆရာတပည့် အတူ တည်းကြပါတယ်။

တမနက်၊ ဆရာမောင်စွမ်းရည် ကျနော့်ကို အိပ်ရာက အစောကြီး လာနှိုးပြီး၊ နှစ်ယောက်သား အပြင်ကို လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ တနေရာ ရောက်တော့၊ လက်ဖက်ရည်ဆိုင်လို ဆိုင်ကလေး တဆိုင်ပါ၊ အဲဒီရှေ့ရောက်တော့၊ ဆရာစွမ်းကရပ်တဲ့ပြီး၊ အဲဒါ ကိုတင်မိုး ဆုံးခဲ့တဲ့ လက်ဖက်ရည်ဆိုင်ပဲ၊ ဟော ဟိုကျောက်စားပွဲကလေးမှာ ထိုင်ရင်း လဲကျပြီး ဆုံးသွားတာလို့ ကျနော့်ကို ပြောပြရင်း၊ ဆရာစွမ်း မျက်ရည်တွေ တွေတွေ ကျလာပါတော့တယ်။ ကျနော်လည်း ရင်ထဲမှာ ၀မ်းနည်းကြေကွဲ ထိခိုက်ခဲ့ရပါတယ်။

တိုင်းပြည်နဲ့လူမျိုးဂုဏ်ကို ဆောင်နိုင်တဲ့ ကဗျာဆရာ တယောက်၊ သူချစ်တဲ့ တိုင်းပြည် ပြန်မရောက်ဘဲ၊ ရေခြားမြေခြားမှာ ကွယ်လွန် ဆုံးပါးခဲ့ရပြီ။ ဆရာဦးတင်မိုးရဲ့ နာမည်ကျော် “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ဆိုတဲ့ ကဗျာအရှည်ကြီးရဲ့ အဆုံးသတ် စာကြောင်း နှစ်ကြောင်းက “အောင်စည်ဆော်လော့၊ ပြည်တော်ဝင်ခန်းရောက်ချေပြီ“ တဲ့။ အခုတော့ ကျနော်တို့ ချစ်တဲ့ ဆရာဦးတင်မိုး ပြည်တော် မ၀င်နိုင်ရှာဘဲ၊ သူများရေ၊ သူများမြေမှာ အိပ်ပျော်ခဲ့ရရှာပါပြီ။ ဒါပေမဲ့ တနေ့နေ့ တချိန်ချိန်မှာတော့၊ ဆရာဦးတင်မိုး ပြည်တော်ဝင်ရမယ်လို့ ကျနော်တို့၊ ဆရာ မောင်စွမ်းရည်တို့က၊ တထစ်ချ ယုံကြည်ထားခဲ့ကြပါတယ်။

ပြည်တွင်းမှာတုန်းက တောင်သမန်၊ တောင်လေးလုံးကျောင်းပရိဝုဏ်မှာ၊ ကြီးမြတ်သူတို့ အမှတ်တရ သစ်ပင်တွေ၊ အုတ်ခုံတွေ၊ ကျနော်တို့ ဂုဏ်ပြုစိုက်ပျိုး တည်ဆောက်ခဲ့ကြတယ်။ လူထုဦးလှ၊ ဦးညိုမြ၊ တက္ကသိုလ်မောင်စောလွင်၊ မြသန်းတင့်၊ ခင်နှင်းယု၊ ဒေါက်တာသန်းထွန်း စသည်ဖြင့်။

ဒီတခါတော့၊ ဆရာမောင်စွမ်းရည်တို့၊ ကျနော်တို့က တမျိုး စိတ်ကူးခဲ့ကြတယ်။ တနေ့ တချိန်ကျရင်တော့ ကျနော်တို့လည်း စိတ်ချလက်ချ အိမ်ပြန်နိုင်ကြမှာပါ။ အဲဒီအခါကျရင်၊ ဆရာဦးတင်မိုး အရိုးပြာအိုးကို ထမ်းပြီး ကျနော်တို့ပြန်လာမယ်။ ဆရာမောင်စွမ်းရည်ကတော့၊ တင်မိုးရဲ့အရိုးပြာအိုးကို မြှုပ်နှံဖို့ အသင့်တော်ဆုံး နေရာကတော့၊ သူ့မိခင် မန္တလေးတက္ကသိုလ် ရင်ခွင်မှာပဲလို့ ယူဆထားတာပါ။ အဲဒါ ကျနော်တို့၊ ဆရာမောင်စွမ်းရည်တို့ရဲ့ အိပ်မက်ပါပဲ။

အခုအထိတော့ ကျနော်တို့အိပ်မက် အကောင်အထည် ပေါ်မလာသေးပါဘူး။ တနေ့ကျရင် ဆိုတဲ့အတွေးနဲ့ ကျနော်တို့ တိုင်းပြည်ကို လွမ်းနေကြပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
နိုဝင်ဘာ ၂၉-၂၀၁၁။

မူရင်း – အောင်ဝေး၊ မစ်ရှီဂန်က ပေးတဲ့စာ၊ လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts