>Weekly Eleven receives RSF award

>

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပေးသည့် သတင်းမီဒီယာဆု Weekly Eleven ရရှိ
Eleven Media Group
ဒီဇင်ဘာ ၈၊ ၂၀၁၁


b36_16_2
Le Monde သတင်းစာ၏ Director ဖြစ်သူ Éric Israelevitch က ၂၀၁၁ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဆုရရှိသည့် Eleven Media Group (Weekly Eleven News Journal)အား ဆုပေးအပ်စဉ်


ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(Re-porters Without Borders-RSF) က ၂၀၁၁ ခုနှစ် အတွက် ချီးမြှင့်သည့် တနှစ်တာအကောင်းဆုံး သတင်းမီဒီယာဆုကို Eleven Media Group (Weekly Eleven News Journal) ရရှိသွားသည်။

ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက်နေ့က ပဲရစ်မြို့၌ ကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံမှ Le Monde သတင်းစာ၏ Director ဖြစ်သူ Éric Israelevitch တက်ရောက်ပေးအပ်ပြီး၊ Eleven Media Group မှ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven အားကစားဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းတို့ တက်ရောက် လက်ခံရယူသည်။

b36_16_1
ပဏာမရွေးချယ်ထားသည့် Weekly Eleven News Journalအပါအ၀င် နိုင်ငံတကာမှ သတင်းမီဒီယာများ


ယခုနှစ်တွင် တနှစ်တာ အကောင်းဆုံး သတင်းမီဒီယာဆုနှင့် တနှစ်တာ အကောင်းဆုံး ဂျာနယ်လစ်ဆုနှစ်ဆုကို ပေးအပ်ခဲ့ပြီး သတင်းမီဒီယာဆုကို Elev en Media Group (Weekly Eleven News Journal)က ရရှိခဲ့ပြီး ယခုနှစ်အတွက် Journalist of the Year ဆုကို ဆီးရီးယားနိုင်ငံမှ ကာတွန်း ဆရာ Ali Fersat က ရရှိသွားခဲ့သည်။

b36_16_4 တက်ရောက် ဆုယူခဲ့သည့် Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven Sports Journal တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်း


အကောင်းဆုံး သတင်းမီဒီယာဆု ရွေးချယ်ရန်အတွက်
– မက္ကဆီကိုနိုင်ငံမှ Emeequis၊ အာဖဂန်နစ္စတန် 8 Sobh
– ဘာရိန်းနိုင်ငံ မှ AL-Wazat
– မြန်မာနိုင်ငံမှ Weekly Eleven ဂျာနယ်
– ဥဇဘက်ကစ္စတန်နိုင်ငံမှ Uznews နှင့်
– ဆူဒန်နိုင်ငံမှ Ajras Al-Hurriya ဂျာနယ်များအား ပဏာမရွေးချယ်ခဲ့ပြီးမှ ပြန်လည်ရွေးခြင်းဖြစ်သည်။

အကောင်းဆုံး ဂျာနယ်လစ်ဆုအတွက် ဆီးရီးယား၊ တရုတ်၊ ဂရိ၊ ကိုလံဘီယာ၊ အီရန်၊ ဘူရွန်ဒီနိုင်ငံတို့မှ ဂျာနယ်လစ်များ အား ပဏာမရွေးချယ်ခဲ့ပြီးမှ ပြန်လည်ရွေးချယ်ပေးခဲ့သည်။

RSF က ချီးမြှင့်သည့် ဆုများဖြစ်သော တစ်နှစ်တာအကောင်းဆုံး ဂျာနယ်လစ်ဆု (Journalist of the Year)ကို ၂၀၀၆ ခုနှစ်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် ရရှိခဲ့ဖူးသည်။ တနှစ်တာ အကောင်းဆုံး အွန်လိုင်းမီဒီယာဆု(Cyber Dissident) ကို ၂၀၀၈ ခုနှစ်က ဦးသူရခေါ် ဇာဂနာနှင့် ကိုနေဘုန်းလတ်တို့က ပူးတွဲ ရရှိခဲ့ဖူးသည်။

၁၉၉၉ ခုနှစ်တွင် RSF က ပေးအပ်သည့်ဆုကို ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) ရရှိခဲ့ဖူးကြောင်း သိရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် ၁၉၉၂ ခုနှစ်မှစ၍ ဂျာနယ်လစ်များနှင့် မီဒီယာများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

ယခုနှစ် ဆုရွေးချယ်ရေးအဖွဲ့တွင် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဂျာနယ်လစ် ၁၂ ဦးပါဝင်ခဲ့သည်။ အဆိုပါဆုသည် ကမ္ဘာ့နိုင်ငံ ၂၀၀ ကျော်မှ ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ပြီး မီဒီယာလောကတွင် အလေးထားသည့် ဆုများအနက် တခု အပါအ၀င်ဖြစ်ကြောင်း သိရသည်။

ဆုပေးအပ်ပွဲအခမ်းအနားတွင် Eleven Media Group မှ Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုး ပြောကြားသော ကျေးဇူးတင်စကား


မင်္ဂလာပါ
လေးစားရပါသော၊ ကြွရောက် ချီးမြှင့်သော လူကြီးမင်းများနှင့် နယ်စည်းမခြား သတင်းထောက်များအသင်းမှ တာဝန်ရှိသူများ – ခင်ဗျာ- EMG ရဲ့ကိုယ်စား R.S.F ကို လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဒီဆုနဲ့ပတ်သက်လို့ အဓိက ထိုက်တန်သူတွေဟာ Weekly Eleven News မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေအတွက် နည်းမျိုးစုံနဲ့ အနစ်နာခံ၊ အဆုံးရှုံးခံခဲ့ရတဲ့သူတွေရဲ့ကိုယ်စား ကျွန်တော်တို့ EMG ဒီဆုကို လက်ခံရယူခဲ့တယ်လို့ပဲ ယူဆပါတယ်။

တစ်ဖက်မှာ ဒီဆုရရှိခဲ့တဲ့အတွက် စိတ်ဓာတ်တက်ကြွဂုဏ်ယူရပေမယ့် တစ်ဖက်မှာတော့ ကျွန်တော်တို့ရဲ့ညီနောင် ဂျာနယ်လစ်တွေဟာ ရုန်းကန်နေရဆဲဖြစ်ပြီး အကျဉ်းထောင်ထဲမှာလည်း တချို့ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။ သူတို့အပြင် ကျွန်တော်တို့အနေနဲ့ မမေ့ မလျော့သင့်တဲ့သူ တစ်ဦးကတော့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင်ပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အခန်းကျဉ်းထဲမှာ တစ်ယောက်ထဲ ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ နေနိုင်ခဲ့တဲ့ သတ္တိနဲ့ စွန့်လွှတ်မှုတွေ၊ သူရဲ့သူငယ်ချင်းတွေရဲ့ စွန့်လွှတ်မှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မေ့လျော့မထားသင့်ပါဘူး။

ဒါ့အပြင် ကျွန်တော်တို့ EMG ဦးဆောင်ပုဂ္ဂိုလ်နဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ မှန်ကန်တဲ့ဦးဆောင်မှု၊ မူဝါဒ၊ ဆုံးဖြတ်ချက် မှန်ကန်မှုတွေဟာလည်း ဒီဆုရရေးမှာ အဓိကနေရာက ပါဝင်ပါတယ်။ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့သူတစ်ဦးအနေနဲ့ သူ့ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့နိုင်ငံ၊ လူမျိုး၊ လူ့အဖွဲ့အစည်း အကျိုးစီးပွားကို တစ်ကြောင်းတည်းသောစိတ်နဲ့ ဆောင်ရွက်ခဲ့တာကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ဒီလိုစကားပြောခွင့် ရခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ဒါပေမဲ့ လူအများကြီးကတော့ မျှတတဲ့ တရားစီရင်ရေးစနစ်နဲ့ ဥပဒေစိုးမိုးမှုရဲ့ အကျိုးတွေကို ခံစားနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ၊ မှားယွင်းစွာ အပြစ်ပေးခံရသူတွေဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့ တရားစီရင်ရေးစနစ်နဲ့ မျှတတဲ့ တရားဥပဒေစိုးမိုးရေးအတွက် မမှိတ်မသုန် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချမှတ်ထားကြောင်း နောက်ဆုံး ပြောကြားလိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts