>Kyaw Thu – FFSS Yangon Activity,

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ကချင်ပြည်နယ်သို့ တတိယခြေလှမ်း
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၉၊ ၂၀၁၁



၆.၁၂.၂၀၁၁ ရက်နေ့ နံနက် (၈း၂၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများနှင့်အတူ “ဘ၀အလင်း” ပရဟိတ အသင်း လူမှုရေးသမားများတို့သည် အေးစေတီဘုန်းတော်ကြီးကျောင်းမှ ၀ိုင်းမော်မြို့သို့ဆက်လက်ထွက်ခွာခဲ့ကြရာ မြစ်ကြီးနားမြို့ “အံတော်ရှင်” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ မော်တော်ယာဉ်တစီးဖြင့် အင်အားဖြည့်တင်း ကူညီခဲ့ကြပြီး မြစ်ကြီးနားတဖက်ကမ်းသို့ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအတွင်းသာ ဖြတ်သန်းခွင့်ပြုထားသည့် ဗလမင်းထင်တံတားကြီးကို ဖြတ်သန်းကာ ၀ိုင်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ စတင်၍ ကူညီဖေးမခဲ့ကြသည်။

လော်ဝေါ်ခရစ်ယာန်နှစ်ခြင်းအသင်းတော်၌ (၁၇၃) ဦးလည်းကောင်း၊ “ဘ၀အလင်း” ပရဟိတအဖွဲ့မှလည်း မိသားစု အသုံးအဆောင်ပစ္စည်း များဖြစ်သည့် (ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ဖိနပ်၊ မျက်နှာသုတ်ပုဝါ) အစရှိသည်တို့အား လှူဒါန်းပေးအပ်ပြီး ကလေးသူငယ်များတို့အား ဘီစကွတ်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကချင်ပြည်နယ် စစ်ဘေး ဒုက္ခ သည်များထံသို့ ရေးသားပေးလိုက်သည့် သ၀ဏ်လွှာအား ဖတ်ကြားခဲ့ရာ ဒုက္ခသည်တိုင်းရင်းသားများသည် လွန်စွာမှ ကျေနပ်ဝမ်းမြောက် ခဲ့ကြသည်။

ဆက်လက်၍ ၀ိုင်းမော်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်ရုံး၌ စစ်ဘေးဒုက္ခသည် (၂၃၆) ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် (၁၈) ဦးတို့အတွက် လှူဒါန်းခဲ့ပြီး စိန့်ဂျိုးဇက် ယာယီတည်းခိုရေးစခန်းရှိ စစ်ဘေး ဒုက္ခသည် (၆၄၀) ဦးတို့အား လှူဒါန်းခဲ့ပါသည်။ “ဘ၀အလင်း” ပရဟိတအဖွဲ့မှ လိုက်ပါလာသော ဆရာဝန် (၁) ဦးနှင့် မြစ်ကြီးနားမြို့ခံ ဆရာဝန် (၂) ဦးတို့စုပေါင်း၍ Mobile Clinic ဖွင့်လှစ်ကာ ကယ်ဆယ်ရေးစခန်း အတွင်းရှိ လူနာများတို့အား ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း နွေးထွေးစွာကူညီဖေးမကုသခဲ့သည်။ ထိုသို့ ကုသပေးရာတွင် အရေပြား ရောဂါဖြစ်သောလူနာများ များပြားသည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ခြင်း ခရစ်ယာန်အသင်းတော် ကယ်ဆယ်ရေးစခန်း၌ (၆၈၈) ဦး၊ ခက်ချိုရှမ်း ဇရပ်၌ (၄၁၁) ဦး၊ ခတ်ရှီးကျေးရွာ၌ (၇၁) ဦး၊ အမှတ်(၄) ရပ်ကွက်၊ သရက်တောကျောင်းတိုက်၌ (၅၇) ဦး၊ မူရင်းနှစ်ခြင်းကျောင်းတော်၌ (၁၀၂) ဦး၊ မဒိန်ရွာ၌ (၁၃) ဦး၊ လီဆူးဘုရားကျောင်း၌ (၈၅) ဦး၊ ဧ၀ကလိအသင်းတော်၌ (၁၆၆) ဦးတို့အား လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး သည့်နောက် မြစ်ကြီးနားမြို့သို့ ဗလမင်းထင်တံတားကြီးမပိတ်မီ ပြန်လာခဲ့ကြရာ ညနေ (၅း၄၀) နာရီအချိန်တွင် တည်းခိုရာ အေးစေတီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။

ယင်းနေ့ ခရီးစဉ်တွင်လိုက်လံ၍ကူညီပေးခဲ့သော “အံတော်ရှင်” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒေါ်ခန်း ရင် ကချင်ရိုးရာ အ၀တ်အထည်အရောင်းဆိုင်တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ရင်း မိမိတို့၏ ကူညီထောက် ပံ့မှု ခရီးစဉ် တစ်နေ့တာ ရပ်နား လိုက်ပါတော့သည်။

“လူမှုရေးသမားများ၏ ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”







သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts