>Kyaw Thu – FFSS Yangon Activity

>

ကချင်ပြည်နယ်သို့ ပထမခြေလှမ်း
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၅၊ ၂၀၁၁



နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ် တို့ဖြင့် ကူညီကယ်ဆယ်ရေး ကုသိုလ်ရေးလုပ်ငန်းများကို သိန်း (၂၀၀) ကျပ်ဖြင့် စတင်မတည်ကာ စစ်ဘေးဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံသို့ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် သွားရောက်ကူညီလှူဒါန်းမှုများပြုရန်အတွက် ၂.၁၂.၂၀၁၁ ည (၉း၀၀) နာရီ အချိန်တွင် အောင်မင်္ဂလာအဝေးပြေးမှ ရွှေစင်စင်္ကြာ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ ၃.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ဆိုက်ရောက်ခဲ့သည်။


မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ရထားဖြင့် ၃.၁၂.၂၀၁၁ ရက်နေ့ ညနေ (၆း၂၀) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ရာ ည (၁၁း၀၀) နာရီအချိန်တွင် ရွှေဘိုဘူတာသို့လည်းကောင်း၊ ၄.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ကောလင်းဘူတာသို့၎င်း၊ နံနက် (၁၀း၁၅) နာရီတွင် အင်းတော်ဘူတာသို့၎င်း၊ (၁၁း၀၀) နာရီအချိန်တွင် မော်လူးဘူတာသို့ ရောက်ရှိခဲ့ပြီးနောက် စီးနင်းလိုက်ပါလာသော တွဲအမှတ်(၂)တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဗီနိုင်းချိတ်ဆွဲခဲ့ရာ အများပြည်သူအပေါင်းတို့မှ စိတ်ဝင်စားစွာ လာရောက်ဖတ်ရှု ခဲ့ကြသည်။ နေ့လည် (၁း၃၀) နာရီအချိန်တွင် မိုးညှင်းဘူတာသို့ ဆိုက်ရောက်ခဲ့ပြီးနောက် မိမိတို့နှင့်အတူတကွ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား သွားရောက်လှူဒါန်းမှုများကို ပြုလုပ်မည့် မန္တလေးမြို့ အမရပူရမြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့အား မိုးညှင်းမြို့ခံ ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးသည့်နောက် မြစ်ကြီးနားမြို့သို့ သွားရောက်ကူညီလှူဒါန်းကြမည့် လူမှုရေးသမားများအား ထမင်းထုပ်များ လှူဒါန်းကျွေးမွေးခဲ့သည်။


ည (၆း၀၀) နာရီအချိန်တွင် နမ္မတီးဘူတာသို့ ဆိုက်ရောက်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဆက်သွယ်ထားသော မြို့ခံ နာရေး ကူညီမှုအသင်းများတို့မှ လာရောက်ကြိုဆိုကြကာ ထမင်းထုပ်များဖြင့် ထပ်မံ၍ ကျွေးမွေးခဲ့သည်။ ည (၈း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့ သို့ အောင်မြင်စွာဆိုက်ရောက်ခဲ့သည်။

“ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ချိတ်ဆက်ထားသော မြစ်ကြီးနားမြို့ခံ ဒေါ်ခန်းရင် ကချင်ရိုးရာ အ၀တ် အထည်များရောင်းသည့်ဆိုင်တွင် လူမှုရေးသမားများအဖွဲ့အား ညစာထမင်းများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ထို့နောက်တွင် အေးစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ စခန်းချ တည်းခိုခဲ့ပါသည်။


ယနေ့ ၅.၁၂.၂၀၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ခံ ပရဟိတအဖွဲ့အစည်းများ၊ အမရပူရ မြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့စုစည်းကာ ကယ်ဆယ်လှူဒါန်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်း တိုင်ပင်ဆုံးဖြတ်ကာ လူသား ချင်းစာနာမှု၊ လှူဒါန်းမှုများကို စစ်ဘေး ဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လက်ဝယ်သို့ရောက်ရှိရန်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ပေးဆပ်နေပြီ ဖြစ်တော့သည်။


နောက်ဆက်တွဲသတင်း
နာရေးကူညီမှုအသင်းသားများနှင့် အသင်းကိုယ်စားပြုသူများ၊ “ဘ၀အလင်း” ပရဟိတအဖွဲ့သားများ သည် ပြည်တွင်းစစ် တိမ်းရှောင်နေ ရသော ဒုက္ခသည်များနှင့်ပတ်သက်သော နောက်ဆုံးရသတင်းများအရ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းများတွင်သာမက ဗန်းမော်မြို့ အနီး ပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေကြသော စစ်ဘေးသင့်တိုင်းရင်းသား မိဘပြည်သူများအတွက်ပါ အကူအညီ အထောက်အပံ့များ အပူတပြင်းလိုအပ်နေကြောင်းသိရှိရသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အမေရိကန်နိုင်ငံ Bufflo ပြည်နယ်ရှိ မြန်မာနိုင်ငံသားများတို့မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ 775 $ နှင့် အခြားအလှူရှင်များလှူဒါန်းထားသော အလှူငွေများအပါအ၀င် ထပ်မံ၍ သိန်း (၁၃၀) ကျပ်တိတိကို ယနေ့အားချင်းပေးပို့ လှူဒါန်းလိုက်ပြီဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုတွေ ရောက်စေသော်




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts