>Clinton meets with civil society groups in Burma

>

လူမှုရေးအဖွဲ့များ အရေးပါကြောင်း ဒေါ်ရွှေဇီးကွက်နှင့်တွေ့စဉ် ကလင်တန်ပြော
ခင်နှင်းလွင်၊ ရန်ကုန်
ဒီဇင်ဘာ ၂၊ ၂၀၁၁


ယနေ့ ဟီလာရီ ကလင်တန် နှင့် တွေ့ဆုံကြသော လူထုအခြေပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ (ဓာတ်ပုံ – အမေရိကန် နိုင်ငံခြားရေး ဌာန)


ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က လူမှုရေးဆိုင်ရာ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင် လူမှု အဖွဲ့အစည်းများ အရေးကြီးကြောင်း ပြောဆိုခဲ့သည်ဟု တွေ့ဆုံရာတွင် ပါဝင်သူ တဦး ဖြစ်သည့် ဒေါ်ရွှေဇီးကွက်က ပြောသည်။

“ဒီမိုကရေစီ အပြောင်းအလဲမှာ သူတို့လည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်စေချင်တယ်။ အန်တီလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ သူလည်း မြန်မာပြည်ရဲ့ အစီစဉ်အမှန်နဲ့ လူတန်းစားပေါင်းစုံ အကြောင်းကို သိရတာပေါ့” ဟု နာရေး ကူညီမှုအသင်းမှ ဒေါ်ရွှေဇီးကွက်က ပြောပြသည်။

ဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွေ့ဆုံသူများထဲတွင် Myanmar Egress မှ ဒေါက်တာနေ၀င်းမောင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သော ရွှေည၀ါဆရာတော်၊ ၉၆ ကျောင်းသူ မဇင်မာအောင်၊ အိတ်ခ်ျအိုင်ဗွီ လူနာများအား ကူညီ စောင့်ရှောက်သူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ ဗေဒါ အခမဲ့ ပညာရေးကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ အဆိုတော် ဇေယျာသော်၊ ဇာဂနာတို့လည်း ပါဝင်သည်။

ဒေါ်ရွှေဇီးကွက်က ဒီမိုကရေစီ မရသေးသည့် အချိန် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသော အခက်အခဲတချို့အကြောင်း ဟီလာရီကလင်တန်အား ပြောပြခဲ့သည်။

“အန်တီတို့ လိုချင်တာ အားလုံး လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့် ရစေချင်တာ။ အန်တီတို့ကို သိလို့ ခွင့်ပြုလိုက်တာကို မလိုချင်ဘူး” ဟု ဒေါ်ရွှေဇီးကွက်က သူ့အမြင်ကို ပြောပြသည်။

ယနေ့ တွေ့ဆုံပွဲတွင် ရွှေည၀ါဆရာတော်ကလည်း ဗုဒ္ဓဘာသာ ၈၀ ရာခိုင်နှုန်း ရှိသည့် နိုင်ငံတွင် ဇီဝိတ ဂရုဏာ ချိုးဖောက်ခြင်း ခံခဲ့ရသဖြင့် နိုင်ငံရေး အကျဉ်းသားများ မလွတ်မြောက်သေးဘဲ ပြည်တွင်းစစ် ဆက်ဖြစ်နေသည်ဟု ပြောပြကြောင်းလည်း သိရသည်။

“ပြည်သူပြည်သားတွေဟာ ၀မ်းနည်း ကြေကွဲဖွယ် ကောင်းတဲ့ တိုင်းပြည်အောက်က မလွတ်သေးပါဘူး။ သက်ကြီး ရွယ်အိုတွေ သားသည် မိခင်တွေရယ် သူတို့ ဘ၀တွေဟာ တော်တော် သနားစရာ ကောင်းအောင် ပြေးလွှားနေရတယ်။ စားစရာ မလုံလောက်ပေမဲ့ နိစ္စဒူဝ ခရစ်ယာန် အသင်းတော်တို့၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေက ၀ိုင်းဝန်း ပံ့ပိုးကြပေမဲ့ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး” ဟု ပြောခဲ့သည်။

ဆရာတော်က ကိုယ့်တိုင်းပြည်နှင့် လူမျိုးတရပ်လုံး အကျိုးစီးပွားအတွက် အရေးပါ အရာရောက်သော စကားကို ပြောခြင်း ဖြစ်သည့် အတွက် ကိုယ်ကျိုး မဟုတ်ကြောင်း၊ ယခုလို ပြောသည့်အတွက် ဖမ်းချင်လျှင် အချိန်မရွေး ဖမ်းနိုင်ကြောင်း တွေ့ဆုံပွဲအပြီး ကျောင်းသို့ လာရောက် မေးမြန်းသော ရဲသတင်းတပ်ဖွဲ့ကို မိန့်ကြားခဲ့သည်ဟု ဆိုသည်။

ရွှေည၀ါဆရာတော်သည် တရားဟောပြောခွင့် တနှစ် ပိတ်ပင်ခံနေရသည်။

ယခုနှစ် သြဂုတ်လ ၈ လေးလုံး နှစ်ပတ်လည် ဆွမ်း ဆက်ကပ်သည့်ပွဲကို ဆရာတော်၏ ကျောင်းတွင် ကျင်းပခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts