>Clinton in Burma

>

ပြုပြင်ပြောင်းလဲပါက သံဆက်သွယ်ရေး အဆင့်မြှင့်မည်ဟု အမေရိကန် ပြော
မိုးမခအထောက်တော် အမှတ် ၀၀၁
ဒီဇင်ဘာ ၁၊ ၂၀၁၁
ရန်ကုန်မြို့ ရွှေတိဂုံစေတီတွင် ယနေ့ တွေ့ရသော ဟီလာရီ ကလင်တန် (ဓာတ်ပုံ – Paula Bronstein/Getty Images)


ပြုပြင်ပြောင်းလဲရေးများ ဆက်လက် ပြုလုပ်ပါက မြန်မာ-အမေရိကန် သံတမန် ဆက်သွယ်ရေး အဆင့် မြှင့်မည်ဟု မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောလိုက်သည်။

ပြုပြင်ပြောင်းလဲရေးထဲတွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ တိုင်းရင်းသားဒေသ အကြမ်းဖက်ခြင်းများ ရပ်တန့်ခြင်းများ ပါဝင်သည်။

“မှန်ကန်တဲ့လမ်းကြောင်းကို မြန်မာအစိုးရက သွားနေပြီ၊ ပြုပြင်ပြောင်းလဲနေပြီ ဆိုရင် အမေရိကန်ကလည်း ရှေ့ဆက်တိုးဖို့ အသင့်ပြင်ထားပြီးသားပါ” ဟု ကလင်တန်က သတင်းထောက်များကို နေပြည်တော်တွင် ပြောသည်။

တချိန်တည်းမှာပင် အမေရိကန် နိုင်ငံရေးသမား တချို့က ကလင်တန်၏ မြန်မာပြည်ခရီးကို စိုးရိမ်တကြီး ဝေဖန်နေကြသည်။ မြန်မာပြည်သို့ ၀န်ကြီး သွားရောက်ခြင်းသည် မြန်မာအစိုးရအား အားပေးဂုဏ်ပြုရာ ရောက်သည်ဟု ၎င်းတို့က ဆိုသည်။

“နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးဟာ မြန်မာ စစ်တပ် လူရမ်းကားတွေကို တလွဲ အချက်ပြလိုက်သလို ဖြစ်သွားမှာကိုတော့ ကျမ စိုးရိမ်ပါတယ်” ဟု အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ileana Ros-Lehtinen က ပြောကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ဖော်ပြထားသည်။

Ileana Ros-Lehtinen သည် ဖလော်ရီဒါပြည်နယ်မှ လွှတ်တော်အမတ်တဦး ဖြစ်သည်။

“၀န်ကြီး ကလင်တန်ရဲ့ ခရီးဟာ တရားမ၀င်တဲ့ အစိုးရကို အားပေးအားမြှောက်ပြုလိုက်တာပဲ၊ ဒီအစိုးရရဲ့ ဇစ်မြစ်မှာက ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ပါ” ဟု သူက ဆက်ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts