>Ko Myoe (Myanmar sar) – Essay

>

ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၂)
ကိုမျိုး (မြန်မာစာ)
ဒီဇင်ဘာ ၁၊ ၂၀၁၁



(ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့်ကန်တော့)

၂၈.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း ၃၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော်ကြီးဦးစီး၍ နေ့စဉ် နံနက်တိုင်း ရွှေပေါက်ပင်တောရ ကျောင်း တိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ်ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြကာ ဆရာတော်ကြီးအားဦးခိုက်၍ ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။


အပြန်လမ်းခရီးပေါ်တွင် အင်းမ နာရေးကူညီမှုအသင်းကိုလည်း ၀င်ရောက်လေ့လာအားပေးဖြစ်ခဲ့သည်။ ထို့နောက် သာယာဝတီမြို့ “ငြိမ်း ချမ်းရေး ကုသိုလ်ဖြစ်ဆေးခန်းနှင့် နာရေးကူညီမှုအသင်း”သို့ ၀င်ရောက်လေ့လာခဲ့ပြီးနောက် ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အထိမ်း အမှတ်ကျင်းပရာ သီရိမင်္ဂလာ ကျောင်းတိုက်သို့ ၀င်ရောက်ဖြစ်ခဲ့သည်။ သီရိမင်္ဂလာကျောင်းတိုက်သို့ ၀င်ရောက်ရာ မုဒ်ဦးကျောက်တိုင် တွင် “ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့် ကန်တော့” ဟူသော စာတမ်းအား ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။


လွန်ခဲ့သော နှစ် (၈၀) တင်းတင်းကာလ (၁၉၃၁ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့)က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကျွန်သားပေါက်ဘ၀မှ လွတ်မြောက်ဖို့ကြိုးစားရင်း နယ်ချဲ့အစိုးရလက်တွင်း ကျရောက်အဖမ်းခံရကာ သာယာဝတီထောင်၌ ကြိုးပေးအသတ်ခံ အသက်ပေးခဲ့ ရရှာသော တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ ကျေးဇူးတွေကို ဒီကနေ့မျိုးဆက်တွေက မှတ်မှတ်ရရ ကျေးဇူးဆပ် ဖော်ဆောင်သော အထိမ်းအမှတ်ပွဲ ဖြစ်သည်။


ယင်းကျောင်းတိုက်အတွင်း အမှတ်တရ ကျောက်စာတိုင် စိုက်ထူခဲ့ကြခြင်းဖြစ် သည်။ ဦးကျော်သူနှင့်အဖွဲ့ရောက်ရှိသွားချိန်မှာတော့ အဆိုပါ ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရေးအဖွဲ့၏ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ ဦးကျော်သူက မှတ်မှတ်ရရ စကားပြောကြားရာမှာ “ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး ကျွန်တော်တို့ ပြည်သူ/သားတွေရော၊ နိုင်ငံတော် အစိုးရကရော ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ခံလိုက်နာပြီးတော့ ချီတက်သွားမယ်ဆိုရင် အခုလျှောက် လှမ်းနေတဲ့ ဒီမိုကရေစီတိုင်းပြည်ကို အမြန်ဆုံးရောက်ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဓိက လုပ်ကိုင်နေတာက အများပြည်သူကို ကူညီဖေးမပေးဖို့ပါပဲ။ ကျွန်တော်တို့ဟာ တိုင်းပြည်ကိုသစ္စာဖောက်နေတဲ့အဖွဲ့မဟုတ်ဘူး။ အများ ပြည်သူကို ကူညီနေတာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာ မသာချပေးတဲ့ကိစ္စကိုလုပ်တယ်။ မသာချပေးရတာတွေ များလာတော့ ပြန်လည်သုံးသပ်လိုက်တော့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်က များနေတယ်။ အဲဒီအတွက်ကြောင့် ဆေးဝါးကုသဖို့အတွက် အခမဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာကို ကျွန်တော်တို့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေသူတွေ နာဂစ်မုန်တိုင်းတို့လို၊ ပခုက္ကူရေဘေးသင့်တာတွေတို့လိုစတဲ့ အခက်အခဲဖြစ်နေသူတွေကို ကျွန်တော်တို့ တတ် နိုင်သလောက် ကူညီပေးပါတယ်။


အခုဆိုရင်လည်း မြစ်ကြီးနားမှာဖြစ်နေတဲ့တိုက်ပွဲတွေ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြတဲ့ဟာတွေကြောင့် မြေစာပင်ဖြစ်ရတာ တွေလည်းရှိတယ်။ ကျွန်တော်နောက်ဆုံး ပြောချင်တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး လူသားချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ချီ တက်ရင် ငြိမ်းချမ်းတဲ့တိုင်းပြည်ကို ရောက်မှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို သီလလုံဖို့ဘဲ။ ကိုယ်သီလလုံတယ်ဆိုရင် ကိုယ့်မိသားစု လည်း ငြိမ်းချမ်းမယ်။ ကိုယ့်ရပ်ရွာလည်း ငြိမ်းချမ်းမယ်။ ကိုယ့်တိုင်းပြည်လည်း ငြိမ်းချမ်းမယ်။ ” ဟု ဦးကျော်သူက ဆရာစံ နှစ် (၈၀) ပြည့် အခမ်းအနားပွဲ၌ ပြောကြားသွားသည်ကို ကြားရသည်။


ယင်းအခမ်းအနားမှာ အသွေးအရောင်စုံသောသူတွေကို လူမှုရေး ပရဟိတသမား တွေကြားထဲမှာ မြင်တွေ့ရသည်။ ဒီပွဲမှာ လူမှုပရဟိတနယ်၊ နိုင်ငံရေး နယ်တို့နှင့်အတူ ရပ်မိရပ်ဖတွေ အားလုံးက ကျွန်တော်တို့တိုင်းပြည်၏ ကျေးဇူးရှင်ကြီးတစ်ဦးဖြစ်သော လယ်သမား ခေါင်း ဆောင်ကြီး ဆရာစံကို ဂုဏ်ပြုခဲ့ကြခြင်းဖြစ်၍ ဆီလျော်မှုတော့ရှိပေသည်။ မည်သို့ဆိုစေ ကျွန်တော့်အနေနှင့် ဦးကျော်သူ၏ ….

“ဟိတ် ..
ကိုယ့်လမ်း … ကိုယ်သွား
ကိုယ့်အလုပ် … ကိုယ်လုပ်
ကိုယ့်တာဝန် … ကိုယ်ကြေ
ကိုယ့်သီလ … ကိုယ်လုံ
ကိုယ့်သမိုင်း … ကိုယ်ရေး .
ဒါဘဲ”
ကျော်သူ
ဟူသော စာကဗျာကိုပဲ အထူးအမှတ်ရမိလိုက်သည်။


လူတိုင်းကိုယ်ဆီ ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကြေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးကြရမည်သာဖြစ်သည်။ လူမှုပရဟိတအလုပ်မှာ တစ်ဘ၀လုံးကို ပုံအပ်ထားသူ ဦးကျော်သူမှာ ယုံကြည်ချက်နှင့် ရဲရင့်သူတို့ထုံးအတိုင်းနှလုံးမူကာ ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ဖို့ ကိုယ့်လမ်းကိုယ်သွားမည့်သူဟုသာ ကျွန်တော် ယုံကြည်ထားသည်။ ထို့အတွက်လည်း ခေတ္တရာခရီးမှအပြန် ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူဟု စာနယ်ဇင်းသမားအနေနှင့် ကွန်တော်ထပ်မံ တိုက်တွန်းလိုက်မိသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့  ….

မှတ်တမ်းဓာတ်ပုံများ






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts