>Mar Mar Aye – 403


>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၃)
မာမာအေး
နိုဝင်ဘာ ၂၂၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပါတ်က ဂီတစာဆို ပန်တျာချစ်လှိုင်ရဲ့ သီချင်းလေးနဲ့ သူ့အကြောင်း နည်းနည်းပါးပါးလေး ပြောပေးခဲ့တာမှာ ဒီကနေ့မှာလဲ သူ့သီချင်းလေးဘဲ ဆက်မယ်လို့ ပြောထားပါတယ်။

သဘင်သည် မင်းသမီးလေးတို့ ဘ၀ထဲက သူ ထုတ်ရေးပြတဲ့ သီချင်းလေး အရင် ပေးနားထောင်လိုက်ရင် ကေါင်းမယ် ထင်ပါတယ်နော်။
* (မင်းသမီးယောက်ျားမှ) ကျမတို့ငယ်စဉ် တကယ်ရွှင်တဲ့ အရွယ်မျိုးပေါ့ရှင် … ရွာရိုးတလျှောက် ခေါက်တုန့်ခေါက်ပြန်၊ အော်သံ ခေါ်သံ ပေါ်လျှံ အတော်ညံ … တကယ် ဘယ်ပွဲမျိုးမကျန်၊ စိတ်ဇွဲရယ်သန် ၀ါသနာမှန်တော့ နာမည်ကြီးတဲ့ မင်းသမီး ဖြစ်လာပြန် xxx

“သဘင်” ဆိုတဲ့ ဝေါဟာရမှာ ခုနောက်ပိုင်းကျမှသာ ဇါတ်တို့ အငြိမ့်တို့ ရုပ်သေးတို့ ဆိုပြီး ခွဲခြားလာတာပါ။ ဟိုရှေးတုန်းကတော့ ဆိုမှု တီးမှု ကခုန်မှု အားလုံးကို သဘင်လို့ သုံးခဲ့ပါတယ်။ သဘင်သည်တို့ဘ၀ ဆိုတာဟာလဲ ငယ်ငယ်လေးကတည်းက ၀ါသနာအရ လိုက်စားမှ ကျိုးစားခဲ့မှ ရယူနိုင်တာမျိုးမို့လို့ ပန်တျာချစ်လှိုင်က ခြေဆင်းပိုဒ်နဲ့ စပြီး ရေးပြခဲ့တာပေါ့။ မင်းသမီးကေါင်းတလက် ဆိုတာ ပွဲဦး ပွဲလည် ပွဲသိမ်း အားလုံး ကျတဲ့နေရာက ထိမ်းနိုင်ပါမှ နာမည်ကြီး သရုပ်ဆောင် ဖြစ်ရတာမျိုးပါရှင်။

ဂီတစာဆို ပန်တျာချစ်လှိုင် ရေးပြထားတဲ့ မင်းသမီးရဲ့ ဘ၀မှာကျတော့ သူ့အိမ်သား – ခင်ပွန်းတောင် ပါနေတာကိုး။ တချို့သော လင်သည် အိမ်ဦးနတ်တို့က ကိုယ့်ဇနီးရဲ့ ၀ါသနာနဲ့ ထမင်းစားလက်မှတ် သဘင်အတတ်ကို သိပြီးတော့ ခံနိုင်ရည်ရှိရှိ၊ မသိ ကျိုးကျွံ နေတတ်တယ်။ တချို့ကတော့လဲ မနေတတ်ကြပါဘူး။

အထာမကျသေးတဲ့ အိမ်သား၊ ပန်တျာချစ်လှိုင် မင်းသမီးကလေးရဲ့ ယောက်ျားကတော့ ဆံထုံးနောက် သျှောင်ပါ၊ ချစ်မယား နောက်က လိုက်လာရတာမို့ ရင်ထဲက ရှက်နေမှာပေါ့လေ၊ မင်းသမီးလေးကလဲ သီချင်းလေးထဲက အတိုင်း သူ့ယောက်ျားရဲ့ ခံစားချက်ကို သိရှာပါတယ်။

* (ပထမပိုဒ်) အပျိုတော်ဘ၀ အလိုတော်ကျဘို့ ကခဲ့ရ ညာဥ့်ဦးယံ၊ နတ်သံနှောဟန် ထောပနာလျှံလို့ သြဘာညံညံ၊ ရင်းနှီးမြှောက်စားကြလို့ သတင်းကြီးတော့ ကြွားခဲ့တဲ့ ကျမ မင်းသမီး ယောက်ျားကတော့ ကျမ နောက်နားမှာ မျက်နှာကြီးရယ်ထန် xxx

“မြင်ဖန်များတော့ ငယ်” ဆိုတဲ့ စကါးဟာ အနုပညာသည်အတွက်တော့ ဟုတ်ချင်မှ ဟုတ်မယ် ထင်ပါတယ်ရှင်။ မြန်မာ ပွဲကြည့်ပရိသဒ် သဘောကတော့ ကိုယ်နှစ်သက်လို့ အားပေးတဲ့ မင်းသားတို့ မင်းသမီးတို့ကို စင်ပေါ်မှာ ခဏခဏ တွေ့လေ ကြိုက်လေ ဖြစ်နေလို့ပါရှင်။ အခု မင်းသမီးလေးဟာ အပျိုတော်နေရာက စပြီး ကနေတာပေါ့။ အများအားဖြင့် အပျိုတော်အကဟာ ပွဲထွတ်ထွက်ချင်း ရိုးရာ သမ္မဇဉ်အရ နတ်ပင့်ဘို့ ကကြရတာ ဖြစ်ပါတယ်။ အတွေ့အကြုံများတဲ့ အရွယ်ရပြီး လုံးကြီးပေါက်လှ မယ်မင်းကြီးမတွေသာ အက များပါတယ်။ နတ်ချင်းထဲမှာ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ အပိုဒ်တို့ “သောက်တော်ဗူးရယ်တဲ့ ကိုယ်မကွာ” အပိုဒ်တို့ကိုလဲ ဆိုရသေးတော့ သူရာမူးတဲ့ဟန်၊ ကါလသားတွေ ဟားတိုက်ရအောင် တင်ပါးလှုပ်ကါ လှုပ်ကါ ကပြတဲ့ သဏ္ဌာန်တွေလဲ ပါရတယ်။ သီချင်းစာနဲ့လိုက်တဲ့ မျက်နှာပေးကလဲ လုပ်ထားရသေးတော့ နောက်ကကြည့်နေတဲ့ ယောက်ျားက ရှက်ရှက်နဲ့ မျက်နှာထားခက်နေတာကိုး။ ပုတ်သိုးသိုး ထန်တန်တန် နေမိပြန်တာပေါ့။

* (ဒုတိယပိုဒ်) ညဥ့်ဦးယံလွန် သန်းယံကျွံတော့ ရည်မွန်တွဲက မင်းသားအလှနဲ့ ရွှန်းမြမြူချို စကါးတွေ ဆိုလို့ နှစ်ကိုယ်မခြား နှစ်ပါးသွားမှာ xx ရင်းနှီးမြှောက်စားကြလို့ သတင်းကြီး တောက်ကြွားခဲ့တဲ့ ကျမ မင်းသမီးယောက်ျားကတော့ ကါးကြားထဲမှာ ချွေးစီးတွေဝေလျှံ xx

ဒီသီချင်းလေးတပိုဒ်ကို နားထောင်မိတော့ ပြုံးစိစိ ဖြစ်ချင်ဘူးလားဟင်၊ မင်းသမီး နာမည်ကြီးကြီး သေးသေး နှစ်ပါးသွား တခန်းလေးတော့ မင်းသားနဲ့တွဲပေးရတယ် မဟုတ်လားရှင်၊ ဟုတ်တာ မဟုတ်တာ အပထား ကိုကိုရဲ့ မောင်မောင်ရဲ့တင်မက တလင်ထဲ လင်ခေါ်နေကြတာဘဲ၊ ပွဲကြည့်ဖူးရင် သိမှာပါနော၊ ပရိသဒ်ရှေ့မှာ မင်းသား လှလှလေးနဲ့ တွဲဟယ် ဖက်ဟယ် သရုပ်ပြနေတယ် ဆိုပေမယ့် ကါးလိပ်ကြားက လှန်းမြင်နေရတဲ့ ယောက်ျားလုပ်သူခမျာမှာတော့ သူ့မယားလေး တကယ်ပါသွားမှဖြင့် လို့ တွေးပြီး စိုးရိမ်တဲ့သဘော ဇောချွေးပြန်၊ ချွေးသံရွှဲရွှဲ သူဘဲ တကယ်မြင်သလားမသိ – ရေးခဲ့တာ ပိပိယိယိဘဲရှင်။

* (တတိယပိုဒ်) သဘင်တို့ စံနစ်အမှန်၊ အစဉ်မချို့တဲ့ အချစ်နဲ့ အားပေး ချစ်ခင် ပရိသဒ်အပေါင်းကို – မာစေ သာစေဘို့အမှန်၊ ဇါတ်လမ်းကိုခြုံ – ဟို ပုဏ္ဏားက ဇါတ်စာစကါးနဲ့ တအားခက်ထန် တန်တော့ရယ်လို့ မာန်လျှော့ကါ ငိုရလေပြန် xx ရင်းနှီးမြှောက်စားကြလို့ သတင်းကြီး တောက်ကြွားခဲ့တဲ့ ကျမ မင်းသမီးယောက်ျားကတော့ ကျမကိုကြည့်လို့ သနားနေပြန် xx

ကဲ ကြည့် သောတရှင်တို့ – ဇာတ်သဘင် ဆိုတာမှာ အသော အလွမ်း အကြမ်းမှ မပါရင် မပြီးဘူးရှင့်။ နောက်ပိုင်း ဇါတ်တော်ကြီးတွေလဲ ပါဦးမှ ပွဲလှတတ်တာပါ။ ပရိသဒ်ရင်ထဲ တကယ် ကျန်ခဲ့တာကလဲ အလွမ်းရုပ်နဲ့ ဂုံးရုပ်တို့ ဖြစ်ပါတယ်။ အလွမ်းပိုင်တဲ့ သရုပ်ဆောင်ရယ်၊ ဂုံးရုပ် ဆိုတဲ့ ဒုက္ခ မဖြစ်ဖြစ်အောင် လုပ်တဲ့ မတရားမှုကို ဖန်တီးတဲ့ သရုပ်ကို ပြပေးရတဲ့ လူကြမ်းရယ်ပေါ့ရှင်။ အများအားဖြင့်တော့ ၀န်ကြီးတို့ ပုဏ္ဏားတော်ကြီးတို့ ဆိုသူတွေက အာဏါရှိ မင်းဘုရင်နဲ့ ရာဇ၀တ်သင့်တော့မယ့်သူကြားမှာ စကါးဖန် အမျိုးမျိုးနဲ့ ခြေထိုးမှလဲ ဇါတ်နာပြီး ငိုတဲ့သူက ငိုမှာကိုးရှင့်။

ပန်တျာချစ်လှိုင်ရဲ့ မင်းသမီးလေးကတော့ ပုဏ္ဏားလူကြမ်းနဲ့ တိုးသတဲ့လေ။ ဇါတ်လမ်းအရ မျက်ရည်ကျရ ငိုပြရ လုပ်ရမယ်ပေါ့။ ဒီလိုကျတော့လဲ သူ့ယောက်ျားက သူ့ကို သနားနေပြန်ပါရော တဲ့။

ချစ်ဆွေ ပုရိသမင်းများတို့ မင်းသမီးကို ပိုးရမှာ ကြောက်များသွားပြီလား၊ သဏ္ဌာန်လုပ် သရုပ်နဲ့ ညီရမယ် လို့ အဆိုရှိပါတယ်ရှင်။ တကယ် ချစ်ရင်တော့ မကြောက်လိုက်ပါနဲ့၊ သဘင်ဗီဇကေါင်းလေး ကျန်ဖို့ဘဲ လို့သာ တွေးချစ်လိုက်စေချင်တာပါရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts