Maung Yit Op-Ed

Maung Yit – MoeMaKa still going on …

မိုးမခ ကျန်းမာရေး မစိုးရိမ်ရပါ

မောင်ရစ်၊ ဧပြီ ၂၉ ၊ ၂၀၁၃

သည် သင်စာကို ဖတ်နေရချိန်မှာ မိုးမခ၀က်ဆိုက်ကြီး ထူထူထောင်ထောင်ဖြစ်နေတယ်လို့ မှတ်ပါ။ ဒီစာကို မဖတ်ရဘဲနဲ့  ၀က်ဆိုက်ရှာမတွေ့ဘူးဆိုတာ တွေ့ရင်တော့ မိုးမခလည်း ဒေါင်းနေပြန်ပြီလို့သာ သဘောထားလိုက်ပါ။ အခု ဧပြီလ သင်္ကြန်အချိန်မှာ မိုးမခ၀က်ဆိုက်ကို ပြန်လည် ပြုပြင်ရေးတွေ၊ ပြင်ဆင်ရေးတွေ လုပ်နေရင်းနဲ့ ပြဿနာဖြစ်နေတဲ့ အပေါက်အပြဲတွေကို ဖာထေးနေရင်းကပဲ ၀က်ဆာဗာက ချုချာတာတွေကိုပါ ပြင်ဆင်နေရတာကြောင်း ဧပြီတလလုံးနီးပါး ခုချိန်ထိ မိုးမခလည်း ထောင်လိုက် လဲလိုက် ဖြစ်နေပါတယ်။ နောက်တခါ မိုးမခ၀က်ဆိုက်ကို လာလည်ရင်းနဲ့ မတွေ့ပြန်ရင် MoeMaKa.BlogSpot.Com ဘက်ကပ်ဆိုက်ကိုသာ သွားဖတ်ပါလေတော့လို့ ပြောလိုက်ပါရစေ။

အရင်တုန်းက ပရိသတ်တွေထဲမှာ အမေရိကန်ကပြည်သူတွေက နံပါတ် ၁။ အခုတော့ မြန်မာပြည်က စာဖတ်သူတွေက နံပါတ်တစ် ချိတ်သွားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေရဲ့ လည်ပတ်မှုနှုန်းကို မသင်္ကာလို့ ၀က်ဆိုက်ကုမ္မဏီက အိုင်ပီတွေ အတော်များများကို ဘလောက်လုပ်ပစ်လိုက်လို့ မိုးမခ၀ိုင်းတော်သားတချို့ အင်တာနက်ကဖေးကနေ မိုးမခကို ၀င်လို့မရဖြစ်ကုန်ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဆာဗာလည်း ဧည့်သည်များလွန်းလို့ စင်ကျိုးတဲ့အခြေအနေဖြစ်လို့ ဆာဗာအသစ် အဆင့်တိုးမြှင့်တာလုပ်နေရပါတယ်။

မိုးမခ ကျန်းမာရေး မစိုးရိမ်ရပါ။ မိုးမခက စက်ဆရာတွေ ညံ့လို့သာ မှတ်လိုက်ပါ။ စက်ဆရာညံ့လည်း မိုးမခက သူတို့ကို ဖြုတ်ပစ်လို့မရဘူး။ ဆံထုံးစိုက် ဆီစိုက်တဲ့ စက်ဆရာတွေကို သည်ဖက်ကမ္ဘာမှာ အစားထိုးဖို့ ရှာမတွေ့သေး။ မိုးမခမှာက ကြီးတော်နွားကျောင်းတဲ့ ဆရာတွေချည်းပဲ။ တပည့်တယောက်မှ မပါဘူးဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်နေတာကို လက်ပိုက်ကြည့်နေသူ ကိုယ်မသာ၊ သူမသာတွေဖြစ်နေလို့ပါ။

မိုးမခက ဧပြီလမှာ နှစ်ပတ်လည်တယ်။ ပြန်ကြည့်လိုက်တော့ မိုးမခဟာ အမေရိကန်ပြည်မှာ သောင်ပြင်လွှတ်တဲ့ ဒေါင်းသူငယ်လေးအဖြစ် ချာချာလည်ခဲ့တာ ၁၀ နှစ် ရှိသွားပြီ။ ခုထိတောင် ၀က်ဆိုက်တွေ နွားဆိုက်တွေ တောင့်တင်းလုံခြုံမှု မရှိသေးဘူး။ သူ့ကို “၁၀ နှစ်သားတောင် ရှိပြီ အမြီးလည်း မထွက်၊ ဂျိုလည်း မပေါက်” လို့ သွားပြောရင်လည်း နာမယ့်ပုံ မရှိဘူး။ ၈၈ အရေးတော်ပုံကနေ ကြီးပြင်းလာတဲ့ လူစင်စစ်တွေဟာ အနှစ် ၂၀ ကျော်အကြာမှာ“ လေးဘက်တွေ ထောက်၊ အမြီးတွေပေါက်၊ ဂျိုတွေ ထောင်နေတဲ့ အကောင်တွေ ဖြစ်ကုန်တဲ့ကြားထဲ လေးခွလေး ခါးထိုးတဲ့ နွားကျောင်းသား ပုဆိုးဂွင်းသိုင်းကလေး ဖြစ်နေတာပဲ ကောင်းပါတယ် …” လို့ ဆင်ခြေပြန်ပေးပါလိမ့်မယ်။

သင် သည်စာကို ဖတ်နေချိန်မှာ မိုးမခ၀က်ဆိုက်ကြီး ထူထူထောင်ထောင်ဖြစ်နေတယ်လို့ မှတ်ပါ။ မတွေ့ရပြန်ရင်လည်း မပူပါနဲ့ စာဖတ်သူတွေဆီ မရောက်ရောက်အောင် ပြန်လာပါ့မယ်။ ဒီလိုနဲ့ပဲ ၁၀ နှစ် တိုင်ခဲ့ပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုယ်စီ ကိုယ်စီရကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts