>Mar Mar Aye – 402

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၀၂)
မာမာအေး
နိုဝင်ဘာ ၁၃၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ဧရာဝတီ ရင်တွင်းနာ ပြောလိုက်ရလို့ နည်းနည်း သက်သာဖြစ်လာရပေမယ့် မသက်သာသေးတဲ့ ရင်တွင်းပါဝေဒနာ၊ ၀ါသနာအရေးကလဲ စိတ်ရှုပ်ထွေးစရာ ဟိုကတိုင် ဒီကတောတွေလဲ ကြားရသေးတော့ စိတ်ဝင်စားကြသေးသားဘဲဟဲ့လို့ ၀မ်းသာရသေးတော့တယ်။ မြန်မာသံ သီချင်းလေးတွေအကြောင်းလဲ ပြောပြစမ်းပါဦးတဲ့ တိုက်တွန်းသူတွေလဲ ပေါ်လာတော့ မောရ ဟောရ ဆိုဆုံးမရမှာတွေအတွက် အချိန်ကို စုစည်းနေတုန်းမှာ နားအေးသက်သာ ငြိမ်းဖို့ရာ ပန်တျာတေးပြု အနုလက်ရာ ပြောလိုက်တာပေါ့။

မာအေးအတွက် အဖက်ဖက်က ဗဟုသုတ ၀မ်းစာတွေ ရခဲ့တဲ့ “မြန်မာ့အသံ” ကိုယ့်နိုင်ငံ တခုတည်းသော အသံလွှင့်ဌာနကြီးကလဲ မမြဲတဲ့ အနိစ္စသဘောနဲ့ ဘယ်တောဘယ်ဆီ ရောက်လေပြီလဲ မျက်ခြေပြတ်သလောက် ဖြစ်နေရပြီလေ။ ဗမာသံအဆိုတော်တွေ မူလ သန္ဓေတည်ရာ ဘုံခန်းဝါဖြစ်တာမို့ သူပျောက်သွားတာနဲ့ အ၊တူ ဘယ်သူတွေ ပါဝင် သီဆိုဖူးလို့ ဘယ်သီချင်းတွေက ဘယ်လောက်ဟုတ်ခဲ့သလဲ ဆိုတာတွေ ဘယ်ကနေပြီး သက်သေပြနိုင်ပါတော့မလဲရှင်ရယ်။

ဒါကြောင့်မို့ အမှတ်ရတုန်းမှာ ပရိသဒ်ပြည်သူတို့အကြား နားပေါက်သွားခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွေးထုတ် ပြောပြချင်ပါတယ်။ ဒီသီချင်းလေးပါဘဲ။ နားဆင်ပါဦး။

ချစ်ခွန်းချွေလို့ သွေခွာအဝေး … ပြေးလေသူရယ် xxx တို့များတို့အရွယ်ညောင်းခဲ့ရင်ကွယ်၊ ခုအရွယ် ငယ်စဉ်သွေးလို ချစ်ရေးများ ပြောဘို့ရန်ပင် မလွယ်၊ သည်တော့ခါမှလေကွယ်၊ ဘုရားသွားကျောင်းတက်၊ နှုတ်ခွန်းဆက်နှစ်သိမ့်ရုံပါကွယ်၊ တို့နှစ်ဦးသားရဲ့ ရင်ထဲမယ်၊ အချစ်ရယ် ဘယ်လိုထူးပေမယ့် ကြည်နူးမြူပျော်စရာများရယ် xx ခုအရွယ် ငယ်စဉ်သွေးလို နုပျိုလန်းဆန်း xx အချစ်ပန်းများ အသစ်ပန်းများ ပွင့်နိုင်ပါ့မလားကွယ် xxx
(တို့များတို့အရွယ်ညောင်းခဲ့ရင်)


မြန်မာသီချင်း ကြိုက်တဲ့သူ ရေဒီယိုသီချင်းနားထောင်တတ်တဲ့သူဆိုရင် ဒီသီချင်းလေးကို သိမှာပေါ့။ ‘တို့များတို့အရွယ်ညောင်းခဲ့ရင်’ ဆိုတဲ့ သီချင်းလေးပါ။ မာအေး အသံလွှင့်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပရိသဒ် အများဆုံး အတောင်းဆိုခံရတဲ့ သီချင်းအုပ်စုထဲမှာ ပါခဲ့တယ်။

ချစ်ခြင်းမေတ္တာကို နုသက်ညံ့ပြေ ရှေ့အရှည်ထိ တွေးပြီးတော့ ခံစားကြည့်ပြီးတော့မှ တောင်းခံတဲ့ စာမျိုး အဖွဲ့အစပ်မျိုးလဲ ဖြစ်တယ်၊ အသံထည့်ထားပုံလေးကလဲ မြန်မာသုံးအသံ ပီပြင်တယ်၊ ဒါကို ကြိုက်တာနဲ့ ကက်ဆက်ခေတ်ရောက်လာပြီး သူ့သီချင်း ကိုယ့်သီချင်း မခွဲကြတော့ဘဲ ပြန်ဆိုတာတွေ ခေတ်စားလာချိန်မှာ ပြန်ယူပြီး ဆိုခဲ့ပါတယ်ရှင်။

ကြည့်စမ်းပါဦး၊ ချစ်စကါး အပြောခံရတဲ့သူဖက်က ရှောင်နေလေတော့ ဒီအရွယ်မှ မချစ်လိုက်ရလို့ အသက်တွေ ဘာတွေ ကြီးလာတဲ့အခါကျရင် လွဲများသွားခဲ့ရင် ဘုရားသွားကျောင်းတက်လာရင်း လူချင်းတွေ့ဖြစ်တယ်ဆိုရင်တောင်မှ နှုတ်ဆက်ကြရုံဘဲ ရှိလိမ့်မယ်၊ အချစ်ဆိုတာတွေလဲ လန်းဆန်းလတ်ဆတ်နေတော့မယ် မဟုတ်ဖူးလို့ ဆိုလိုက်တာဘဲမို့လား၊ နောက်အပိုဒ် ဆက်သွားရအောင်ပါနော်။

ငယ်စဉ်သည်ဘ၀မှာကွယ် သည်အလှလေးတွေ နုပျိုစဉ်တုန်းမှာတော့၊ ပြုံးမော့မော့ ကြော့ကါနော့ကါသာရယ် (မာနတွေ မထားကြလို့ရယ်)၂ xx အော် ငယ်ဂုဏ်မောက်ပါလို့ တယောက်နဲ့တယောက် မကြင်နာရင်တကယ်၊ အရွယ်ထောက်လို့လာပြန်ရင်တကယ် အချစ်ရယ် ဘယ်လိုထူးပေမယ့် ကြည်နူးမြူးပျော်စရာများရယ် .. ခုအရွယ် ငယ်စဉ်သွေးလို နုပျိုလန်းဆန်း ချစ်ပန်းများ၊ အချစ်ပန်းများ ပွင့်နိုင်ပါ့မလါးကွယ်
(တို့များတို့အရွယ်ညောင်းခဲ့ရင် – ဒုပိုင်း)


ဒီသီချင်းကို မြန်မာ့အသံမှာ ဂီတာကိုသာစိန် အသံလွှင့်တုန်းက သူ့ရဲ့ အာလေးလေး ပျင်းတွဲတွဲ ဆိုပုံလေးနဲ့ နားထောင်ခဲ့ရတာပေါ့။ သီချင်းရေးတဲ့ ဂီတစာဆိုဟာ ‘ပန်တျာချစ်လှိုင်’ ဆိုတာကိုလဲ ကိုယ်တိုင် အသံလွှင့်ကျေညာပေးခဲ့ရတာကြောင့်သာ ကြားသိနိုင်ခဲ့တယ်။ လူနဲ့ နာမည် တွဲပြီး ဘယ်သိပါ့မလဲရှင်။

ကက်ဆက် ဆိုတဲ့ တိတ်ကြိုးခွေ အသေးစားလေးတွေမှာ သီချင်းတွေကို အသံသွင်းထုတ်လုပ်တဲ့ ဂီတလုပ်ငန်း ဖြစ်ပေါ်လာခဲ့လို့ မြန်မာသံသီချင်း ထုတ်လုပ်တဲ့သူတွေ တေးသံရှင်တွေ ဂီတသမားတွေ ကိုယ်ပိုင် ထုတ်လုပ် ဖြန့်ချိနိုင်လာတဲ့ အချိန်မှာ လက်ပံတန်းသန်းတင်တို့ ဟင်္သာတအောင်တင်ဝင်းတို့၊ ဟင်္သာတထွန်းရင်တို့ မြန်မာသံ အုပ်စုလေးရဲ့ ရပ်ဝန်းက ဂီတဆရာ ပန်တျာချစ်လှိုင်ကို မြင်ရ သိရ ခင်ခဲ့ရပါတယ်။ စိန်မောင် စတူဒီယိုမှာ သီချင်းသွင်းပေးဘို့ သွားရင် ကြုံကြိုက်ခဲ့တာပါဘဲ။

ပြည်ထောင်စုသား ကရင်သွေးပါတဲ့ မျက်နှာထားမျိုး – မေးက ဒေါင့်ကျကျ၊ အသားက ဖြူဖြူ၊ အရပ်က ခတ်ပြတ်ပြတ်နဲ့ တလစပ် အမြဲ ပါးစပ်ဖြဲနေသလို တဟဲဟဲ ချိုရွှင်တဲ့ အပြုံးပိုင်ရှင် အဆိုတော်တယောက်ပါဘဲ။ သူရေးတဲ့လက်ရာ ‘ဝေဒနာသစ်’ ခေါ်တဲ့ သီချင်းတေး မြန်မာသံအေးအေးလေးကို ပထမဆုံး ဆိုဖြစ်ခဲ့ပါတယ်။ ကက်ဆက်ခေတ်ဦး ခွေတွေ ထုတ်ကါစက သီချင်းမို့ ဖွင့်ပြစရာ မရှိတာကိုတော့ ခွင့်လွှတ်ကြပေါ့ရှင်။ ကံကေါင်းလို့ ပြန်တွေ့လာရင် မာအေး ကြိုက်ခဲ့တာမို့ ပြောပြဦးမှာပါ။

ပန်တျာချစ်လှိုင် ဆိုတဲ့ ဂီတ အကိုတော်ကြီးဟာ ကမာရွတ်ဘူတာရုံလမ်းနဲ့ အင်းစိန်မြို့အကြားမှာ ရှိတဲ့ ရပ်ကွက်တွေမှာ နေတဲ့ ဂီတသမားထဲက တယောက်ပါဘဲ။ သူ့အိမ်နေရာ ရွှေတဲကုတ်မှာ ဂီတချစ်တဲ့ တပည့်တွေ တအုပ်တမကြီးနဲ့ မယ်ဒလင် တဒေါင်ဒေါင်၊ စကါးတဖောင်ဖောင် နေတတ်တဲ့သူဖြစ်ပါတယ်။ ဂီတခဲနဲ့ အဆွဲခံထားရတဲ့သူဖြစ်လို့ မစားရရ၊ စားရရ သီချင်းလေး တမြမြ ညည်းနေရရင် ပြီးစတမ်း ဆိုတာမျိုး နေခဲ့တာလေ။ ဂီတ တကယ်ချစ်လာရင် ဘာထင်ထင် ဘာဖြစ်ဖြစ် မေ့ထားပစ်တဲ့ သဘာဝ သူ့ဆီမှာ တွေ့ခဲ့ရတယ်။ သဘောပြည့်ဝတဲ့ ပါရမီဖြည့်ဖက် ဇနီးနဲ့ သားကြီးက မငြိုမငြင် သူ ဂီတဈာန်ဝင်နိုင်ဘို့ အားပေးရှာတာ မျက်မြင်ပါဘဲ။ မိသားစု ရှိတာလေးနဲ့ ရအောင်နေ ဆိုတဲ့ ဘ၀မျိုးမှာ ကျင်လည်ကြရမှာပါရှင်။ မာအေးတို့ မြန်မာဂီတဖက်က ၀င်ငွေအင်အား ချိနဲ့ပေမယ့် ဂီတအသိနဲ့ ပီတိရအောင် နေကြတဲ့အကြောင်း ပြောဖူးပေါင်း များခဲ့ပြီဘဲလေ။ အဲဒီဘ၀အကြပ်အတည်းကို ရယ်ကျဲကျဲနဲ့ ဖြတ်သန်းပြီး သူမြင်တာလေးတွေ တေးချရေးတတ်တဲ့သူပေါ့။ အများလဲ မြင်တာပါဘဲ။ သူ့လို မရေးခဲ့ဘူး ရှင့်။ သဘင်သည်တို့ ၀န်းကျင်သဘာဝက အကြောင်းတခု တေးပြုခဲ့တာ ရှေ့တပါတ်မှာ ဆက်နားထောင်တာပေါ့။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts