>Tayar Wayyan – News and Media

>

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို (၁၉၃၉ – ၁၉၉၀) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်ကျင်းပ
တာရာဝေယံ (ရန်ကုန်)
နိုဝင်ဘာ ၁၁၊ ၂၀၁၁



ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အင်းလျားကန်ဖျားကျောင်းတိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင်၊ တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ ပြည့် ကြေကွဲလွမ်းဆွတ် အမှတ် တရ အလှူဒါနပြုပွဲကို ကျန်ရစ်သူမိသားစုများက ကျင်းပခဲ့ပါတယ်။

အလှူဒါနပြုပွဲကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဗဟိုကော်မီတီဝင်များ၊ NLD အဖွဲ့ဝင်များ၊ ကိုဇာဂနာ၊ ဦးအောင်လွင်၊ မောင်မိုးသူ၊ သာယာဝတီ စမ်းစမ်းနွဲ့၊ အစရှိတဲ့ အနုပညာရှင်များ နိုင်ငံရေးအကျဉ်းသားဟောင်းများ ၂၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။


ကွယ်လွန်သူ ဦးမောင်ကိုရဲ့ ဇနီး ဒေါ်ခင်မြင့်နဲ့ ကျန်ရစ်သူ သားသမီးများက သံဃာတော်များကို ဆွမ်းကပ်ပြီး လှူဖွယ်ပစ္စည်း ရေစက်ချ လှူဒါန်းကာ ကြွရောက်လာသူများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။



ဦးမောင်ကိုဟာ ၁၉၃၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ပခုက္ကူမြို့၌ အဖ ဦးတင်၊ အမိ ဒေါ်စောရင်တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်တွင် ပခုက္ကူ အထက (၁) မှ ၁၀ တန်းအောင်မြင်ပြီး ရန်ကုန်မြို့ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ လက်ထောက်ဆိပ်ကမ်းမှူး အလုပ်ကို စတင် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၄ – ၆၈ တွင် လုပ်သားကောလိပ်မှ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၆၀ တွင် ဒေါ်ခင်မြင့်နှင့် အိမ်ထောင်ကျခဲ့ ပြီး ၁၉၇၄ ခုနှစ် ဇူလိုင်လမှာ လက်ထောက်ကုန်ဌာနမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေစဉ် ဆွီဒင်နိုင်ငံမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းလုပ်ငန်းများနှီးနှော ဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီး ဆွီဒင်၊ အင်္ဂလန်၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေနိုင်ငံများသို့ ရောက်ရှိခဲ့ပါတယ်။


၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အက်စ်စီ အက်စ် (ကျောင်းသားများ လှုပ်ရှားမှုကြီးကြပ်ရေးကော်မီတီ) တွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် သူတာဝန်ယူ ရုံးထိုင်သော သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ကုန်သေတ္တာ တံတားရုံး၌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အက်စ်စီအက်စ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံသော သတင်းစာရှင်းလင်းပွဲကို တာဝန်ယူကျင်းပခြင်းကြောင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလမှာ အငြိမ်းစားပေးခြင်းခံခဲ့ရပါတယ်။


နိုင်ငံရေးနဲ့ပတ်သက်၍ အက်စ်စီအက်စ်အဖွဲ့မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ အထက (၁) လမ်းမတော်မှာ အက်စ်စီအက်စ်နဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးပွဲကိုကျင်းပခဲ့ရာ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးရာတွင် ပါဝင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအလုပ်သမားအဖွဲ့လုပ်ငန်းအဖွဲဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ တနင်္သာရီတိုင်း စည်းရုံးရေးခရီးစဉ်များကို သွားရောက်ခဲ့ပါတယ်။ ၁၉၉၀ မှာ ဆိပ်ကမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ် အစရှိတဲ့ မြို့နယ်များမှာ စည်းရုံးရေး ဟောပြောပွဲများ မကြာခဏ သွားရောက်ဟောပြောခဲ့ပါတယ်။


ထိုသို့ မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံတော်တရပ်ဖြစ်အောင် နိုင်ငံရေးတာဝန်များအား အချိန်ပြည့်ထမ်းဆောင်နေစဉ်အတွင်း ၁၉၉၀ အောက်တိုဘာ ၂၄ ရက် ည ၁၀ နာရီ ၄၀ အချိန်တွင် နေအိမ်မှာ လာရောက်ဖမ်းဆီးခြင်းခံရပြီး၊ ယင်းသို့ ဖမ်းဆီးစစ်ဆေးခံနေရစဉ် ၁၉၉၀ နိုဝင်ဘာ ၉ ရက်နေ့မှာ အမှတ် ၆ စစ်ထောက်လှမ်းရေးစခန်းမှာ နှိပ်စက်ညှင်းပန်းစစ်ဆေးခံရကာ ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts