>ီDae Doe – Articles

>

ဒဲ့ဒိုးနေတဲ့ ကျောင်းရံပုံငွေဈေးရောင်းပွဲ
ဒဲ့ဒိုး (အော်စီရောက် မြန်မာဘုန်းတော်ကြီးတပါး)
နိုဝင်ဘာ ၁၀၊ ၂၀၁၁


ဒါဝင်ရှိ အင်တာနေရှင်နယ်လ် ဗုဒ္ဓစင်တာမှာ ကျောင်းရံပုံငွေအတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်တာနေရှင်နယ်လ် အစားအစာ ရောင်းချ တဲ့ဈေးရောင်းပွဲ ကျင်းပပြုလုပ်တယ်။ သီရိလင်္ကာ – ဗီယက်နမ်- တရုတ် -မြန်မာ – အိန္ဒိယ- ထိုင်း- အော်စီ အစားအစာတွေ ချက်ပြုတ်ရောင်းချ တယ်။ ဈေးရောင်းပွဲက တနှစ်နှစ်ကြိမ် ဧပြီလနဲ့  နိုဝင်္ဘာလမှာ ကျင်းပပြုလုပ်လေ့ရှိတယ်။ မြန်မာက လူအနဲဆုံးပေါ့။ ကိုယ့်ရဲ့အစားအစာ တွေကို အများစားနိုင်အောင် စီမံချက်ပြုတ်ရောင်းချရတာဖြစ်တယ်။ မြန်မာစတိုင် ဆီပြန်ချက်လို့မရဘူး။ ကိုယ့်ကွန်မြူနတီနဲ့ကိုယ် စုပေါင်း ချက်ပြုတ်ကျော်လှော်ပြီး ရောင်းရတဲ့ငွေကို ကျောင်းလှူခဲ့တာပေါ့။ မြန်မာမိသားစုဈေးဆိုင်က ဒီနှစ် ကိုးရာကျော်လှူနိုင်ခဲ့တယ်။ စုစုပေါင်း ၉ ထောင်ကျော်ရတယ်။ မနှစ်ကတော့ တသောင်းကျော်ရတာ။ ဒီနှစ် ၃ ထောင်လောက် လျော့နဲသွားတယ်။ ကြေငြာတာ နဲနဲနောက်ကျသွားလို့ ထင်တယ်။ ညနေ ၅ နာရီလောက် စရောင်းတာ ညနေ ၇ နာရီခွဲလောက်ပြီးတယ်။ ပွဲစပြီဆိုတော့ ဒဲ့ဒိုးနဲ့ ဗီယက်နမ် သီလရှင်က စတိတ်စင် ပေါ်တက်ပြီး နှစ်ပါးသွားတာဝန်ယူရတယ်။ သီရိလင်္ကာကိုယ်တော်က ခရီးသွားနေတော့ ကျောင်းမှာ သူနဲ့ကိုယ်ဘဲရှိတာကိုး။ အဲ နှစ်ပါးသွား ဆိုတာက ဇာတ်သဘင်ထဲကလို မောင်မယ်သစ္စာထားပြီး၊ ခင် … မလှမ်းနိုင်ရင် … နော်ဗျာ … မောင် … ထမ်းလို့ခေါ်ပါ့ … ဟ …ဟ မယ် ဗျာ … လို့ဆိုပြီး နှစ်ပါးသွားရတာမဟုတ်ဘူး။ ၀ယ်ယူအားပေးသူတွေအတွက် ဆုတောင်းမေတ္တာပို့ပေးရတာပါ။ ဇာတ်သဘင်ထဲကလို နှစ်ပါးသွားရလို့ကတော့ … ရွှေမန်းအဟဲတွေ .. ဟဲပြလိုက်ချင်တာပေါ့ခင်ဗျ။

ဒဲ့ဒိုးတို့ နှစ်ပါးခွင်မြင်ကွင်း (အလယ်က လူရွှင်တော်)


အဲ နှစ်ပါးခွင်ပြီးတော့ ၀န်ကြီးထွက်တယ်။ သူက မြောက်ပိုင်ပြည်နယ် ချိမိနီစတာ ပေါလ်ဟင်ဒါဆင်။ ၀န်ကြီးချုပ်လာတာ ဒေလီလို ရဲကား တွေ တ၀ီဝီနဲ့ သက်တော်စောင့်တွေနဲ့ မဟုတ်ဘူး။ သူ့ဘာသာ တယောက်ထဲ သူ့ကားမောင်းလာတာ။ ဒရိုင်ဗာတောင် မရှိဘူး။ ဧည့်ခံစရာ မလိုဘူး။ သူ့ဘာသာ ၀ယ်စားတာခင်ဗျ။ လူထုနဲ့ တသားထဲရှိတယ်။ လူတိုင်းကို ဖော်ရွေစွာနှုတ်ဆက်တယ်။ သင်္ကြန်ပွဲဖိတ်လဲ လာတာဘဲ။ ၀န်ကြီးဖြစ်ရတာ လွယ်တယ်မမှတ်နဲ့။ သူနယ်က ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုးစားရတာ။ ဒဲ့ဒိုးကတော့ အော်စီရောက်တာ ကျေနပ်ဝမ်းသာသဗျ။ နောက်ဘ၀လူဖြစ်ရင် အော်စီမှာဘဲလူဖြစ်ချင်တယ်။

အဲ … ၀န်ကြီးအစီအဉ်ပြီးတော့ အကတွေနဲ့ ဖျော်ဖြေတင်ဆက်တယ်။ တရုတ်နဂါးအက။ အသက်အငယ်ဆုံးက ၆၃ နှစ်ရှိပြီဖြစ်တဲ့ အော်စီ ဖိုးဖိုး ဖွားဖွားတို့ရဲ့အော်စီအက။ နားလည်အောင်ပြောရလျှင် အနောက်တိုင်းအကပေါ့ဗျာ။ သူတို့ပြီးတော့ ဘောလီဝုဒ်သီချင်းနဲ့ အိန္ဒိယ အက။ နောက် မာရှယ်အက်ခေါ်တဲ့ ကိုယ်ခံပညာပြပွဲနဲ့ တင်ဆက်တယ်။ အခုတခါတော့ ဌာနေတိုင်းရင်းသား အဘော်ရီဂျင်အကမပါဘူး။ လာရောက်အားပေးသူတွေက အရင်ခါလောက် လူမများဘူး။ ဒါဝင်မှာ မိုးရာသီ စပြီဆိုတော့ မိုးရွာမယ်ထင်တာကြောင့် မလာတာလဲဖြစ်နိုင် တယ်။

ဆွမ်းဒကာမကြီး ဒေါ်ရီရီအောင် -ဦးဆောင်ပီး အကြော်ကြော်


မြန်မာဆိုင်ကို ၀ယ်ယူအားပေးနေသူများနဲ့ ရောင်းချသူများ


ဒါဝင်ဈေးရောင်းပွဲကတော့ ဆစ်ဒနီတို့၊ မဲလ်ဘုံးတို့ ဈေးရောင်းပွဲနဲ့ နှိုင်းယှဉ်လိုက်ရင် စည်ကားသိုက်မြိုက်တယ်ဆိုရမှာပေါ့လေ။ ဟိုမှာက နေအိမ်ကိုဝယ်ပြီး ကျောင်းအဖြစ်လုပ်ထားတာဆိုတော့ နေရာကျဉ်းတယ်။ ဒါဝင်ကတော့ ကျောင်းအတွက် မြေနေရသက်သက်ရတာ ဆိုတော့ နေရာကျယ်တယ်။ ကားပါကင်တွေ အကျယ်ကြီးရှိတယ်။ အဲဒီတော့ ပတ်ဝန်းကျင်အတွက် လမ်းပိတ်ဆို့တာသိပ်မရှိဘူး။ ဆစ်ဒနီ တို့၊ မဲလ်ဘုံးတို့ကတော့ ကားတွေက လူနေအိမ်ရှေ့ရပ်တော့ ရပ်ကွက်က တိုင်တာ တောတာရှိလို့ ဈေးရောင်းပွဲ ဘာညာလုပ်ဖို့တောင် အခက်အခဲရှိတယ်ပြောတယ်။ နိုင်ငံခြားကျောင်းတွေက အိန္ဒိယကကျောင်းတွေလို ၀င်ငွေမရွှင်ဘူး။ အစားအသောက်နဲ့ ပစ္စည်းပစ္စယက တော့ ထားစရာမရှိအောင်ပေါတယ်။ သိမ်းရပြုရ ဒုက္ခများတယ်။ ကုန်အောင်လဲ မသုံးနိုင်ဘူး။ ဒီဒုက္ခက သေးတာမဟုတ်ဘူး။ ဒကာ၊ ဒကာမ တွေ သတိပြုသင့်ကြောင်း တင်ပြလိုက်တာပါ။ ဈေးရောင်းပွဲအပြီးမှာ ဒဲ့ဒိုး အင်တာနက်ကြည့်နေခိုက် အဖြူမတယောက် သူ့ကလေးတွေကို ဗုဒ္ဓဘာသာအကြောင်း ရှင်းပြပေးပါဦးလို့တောင်းဆိုတာကြောင့် ဓမ္မာရုံထဲသွားရှင်းပြရသေးတယ်။ သူတို့ အဓိကမေးတာက ရုပ်ပွားဆင်း တုတွေ၊ တဆူနဲ့တဆူ မတူတာကိုမေးတာ။ ထိုင်းက တမျိုး-သီရိလင်္ကာကတဖုံ-ဗိယက်နမ်က တဘာသာဆိုတော့ ဗုဒ္ဓဘာသာအပေါ် မျက်စိ လည်မယ်ဆို လည်စရာပေါ့။ နိုင်ငံကွဲလို့ ရုပ်တုတော်တွေ ပုံစံကွဲပြားတာဖြစ်ကြောင်း ရှင်းပြရတယ်။ ထိုင်းဆင်းတုတော်တဆူက မတ်တတ်ရပ်ပြီး သပိတ်ပွေ့ထားတဲ့ပုံကို သူတို့မေးတာက ဗုဒ္ဓကဘောလုံးကစားသလားတဲ့။ အဲဒါ ဘောလုံးမဟုတ်ဘူး။ ဆွမ်းခံယူတဲ့ သပိတ်လို့ခေါ်ကြောင်း နားလည်အောင်ရှင်းပြရတယ်။ ရှင်းပြပြီးတော့ ဒဲ့ဒိုးနဲ့တွဲပြီး ဓာတ်ပုံရိုက်ချင်ပြန်သတဲ့။ ရိုက်ချင်ရိုက်ပါလို့ပြောတော့ ဒဲ့ဒိုး အနားကပ်လာပြီး စုပေါင်းရိုက်ကြတယ်။ တယောက်က ခပ်ကဲကဲ။ ဒဲ့ဒိုးနဲ့ နှစ်ယောက်ထဲ ရိုက်ချင်ပြန်သတဲ့။ ဒဲ့ဒိုး မင်းသားမဟုတ်ဘဲ ဘာကြောင့် တွဲရိုက်ချင်သလဲ မသိဘူး။ ရိုက်ချင်ရိုက်ဆိုတော့ ခါးဖက်လို့ရသလားတဲ့။ လုပ်ပုံက ခက်ဘူးလား။ မဖက်နဲ့  ငါ မနေတတ်ဘူးလို့ တားယူရတယ်။ ဟူး … စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက်ရှမ်းတယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလားဆိုတဲ့သီချင်းလို ဒဲ့ဒိုး ဟစ်အော်လိုက် ချင်တာက … အော်စီရောက် ဒဲ့ဒိုးအဖြစ်ဟာ မလွယ်ပါလား … ဟူး …။

ဒေါ်ကဲ တို့ မိသားစု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts