>Kyaw Thu – FFSS Yangon Activity,

>

နဖူးမှချွေး ခြေမသို့ကျသည်အထိ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၉၊ ၂၀၁၁



နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပခုက္ကူရေဘေး ကယ်ဆယ်ရေးအဖွဲ့သားများသည် ပေါက်မြို့မှ မင်းကိုင်း၊ ညောင်ပင်သာ၊ ချောင်း ကူးရွာများနှင့် မင်းခေါင်း၊ သံပုရာအိုင်၊ ပိုးဖြူလုံးအိုင်များသို့ ၄.၁၁.၂၀၁၁ ရက်နေ့တွင် သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ပန်းကန်ခွက်ယောက်များ၊ ဒယ်အိုး၊ ခေါက်ဆွဲထုပ်များ၊ ရေသန့်ဗူးများ၊ ခြုံစောင်များကို သွားရောက်၍ကူညီဖေးမလှူဒါန်းခဲ့ကြသည်။ လမ်းခရီးတွင် ဆိုင်ကယ်ဖြင့် လူများသွားရောက်ကာ ဝေငှလှူဒါန်းမည့်ပစ္စည်းများအား လော်လီကားကြီးများဖြင့် ထပ်မံသယ်ဆောင်ခဲ့ကြ သည်။ ယင်းသို့သွားရောက်ရာတွင် ချောင်းများ၊ ရွံ့နွံများ၊ တောင်ကမ်းပါးရံများကို ဖြတ်ကျော်သွားခဲ့ရာတွင် ဆိုင်ကယ်များကို ရေစီးကြောင်း များမှ လွတ်ကင်းရန် လူများမှ ၀ါးလုံးထိုး၍ ဆိုင်ကယ်များကို ထမ်းပိုးကာ စက်လှေပေါ်သို့ တင်ဆောင်သွားရသည်။

ရွံ့နွံများ၊ သဲနွံများကို ဖြတ်သန်းရာတွင် ခြေလျင်ဖြင့်လည်းကောင်း၊ နွားလှည်းယာဉ်များဖြင့်လည်ကောင်း၊ ဆိုင်ကယ်များကို မချီထမ်းပိုး၍ လည်းကောင်း၊ နွံနစ်သွားသော မော်တော်ယာဉ်ကြီးအား ရွံ့နွံများအား ကယ်ဆယ်ရေးအဖွဲ့သားများတို့မှ ဖယ်ရှား၍လည်းကောင်း၊ လမ်းခရီး တွင် ရုန်းထွက်၍မရနိုင်သော ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများသယ်ဆောင်လာသော မော်တော်ယာဉ်ကြီးအား ဘူတိုဆာကားကြီး၏ အကူအညီဖြင့် တွန်းထုတ်မတင်၍လည်းကောင်း ခက်ခဲပင်ပန်းကြီးစွာဖြင့်ဖြတ်သန်း၍ ဒုက္ခသည်များ လက်ဝယ်ဆီသို့ သွားရောက်လှူဒါန်းမှု များကို ထမ်းဆောင်ပေး ဆပ်ခဲ့ရသည်။ ယခု ပခုက္ကူရေဘေးကယ်ဆယ်ရေး လမ်းကြောင်းခရီးစဉ်တွင် အသင်းသားများဖြစ်ကြသော ကိုအောင်စိုး၊ ကိုမြတ်သူ၊ ကိုဇော်မင်း၊ ကိုတင်မင်းနိုင်၊ ကိုဇေယျာ၊ ကိုချာလီနှင့် ပေါက်မြို့ ကံစွယ် ကျောင်းတိုက်ဆရာတော်ကြီး ဦးကောသရ၊ ပေါက်မြို့နယ် အဝေရာ လူမှုကူညီရေးအသင်း (ပေါက်မြို့) အသင်းသားများတို့မှ ပူးပေါင်းကူညီဖေးမပေးခဲ့ပါသည်။

ပေါက်မြို့ ကံစွယ်ကျောင်းတိုက်၌ ၀န်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲနှင့် တိုက်ဆိုင်ခဲ့၍ နာရေးကူညီမှုအသင်း (ရန်ကုန်) မှလည်း အလှူငွေ (၅) သိန်း၊ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်များကိုပါ ပါဝင်ဆင်နွှဲလှူဒါန်းခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းသား/သူများအနေဖြင့် နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ ပညာဒါနကိစ္စရပ်များကို (အခမဲ့) ပြုလုပ်ပေးနေသည်နှင့်အညီ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဖွဲ့စည်းပုံ ဥပဒေစာအုပ်အသစ်တွင် ပါဝင်သော သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့လှူဒါန်းရေးဟူသော လုပ်ငန်းရပ်ပါဝင်သည်နှင့်အညီ မိမိတို့၏ အသက်၊ သွေး၊ ချွေးတို့အား ဂရုမမှုပဲ ဒုက္ခသည်များရှိရာသို့ ခက်ခဲပင်ပန်းကြီးစွာဖြင့် သွားရောက်လှူဒါန်း ကူညီမှုများကို (၃၁) ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တ၀ါအပေါင်း လူနတ်ဗြဟ္မာအပေါင်းတို့အား အမျှ … အမျှ … အမျှဟု ပေးဝေငှလိုက်ပါသည်။


နဖူးကချွေး ခြေမကျခဲ့ရသည့် ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ




















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts