>4 Kachin Women taken by Burmese Army

>

အမျိုးသမီး၎ ဦး အစိုးရ စစ်တပ်က ခေါ်ဆောင်သွား
ကချင်ကလေး၊မြစ်ကြီးနား
နိုဝင်ဘာ၅၊ ၂၀၁၁
ယမန်နေ့ည ၃ နာရီက မြစ်ကြီးနားမြို့နယ် တာလောကြီး နှင့် ၁၅ မိုင်ဝေးသည့် နဆိုင်းခထုံ ကျေးရွာမှ အမျိုးသမီးကြီး ၄ ဦးကို မြန်မာအစိုးရ စစ်တပ်က ခေါ်ဆောင်သွားရာမှာ ယနေ့ညနေထိ မည်သည့် ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်သွားပြီး မည်သည့်နေရာမှာ ထားရှိတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံနဲ့ အဆက်အသွယ်ရသူ တဦးက မိုးမခသို့ ပြောသည်။
ခေါ်ဆောင်သွားခြင်းခံရသူ ၄ ဦးမှာ ဒေါ်အင်ဗွေး၊ ဒေါ်ကော့ရှောင်၊ ဒေါ်လဖိုင်ထူနှင့် ဒေါ်မရန်လုတို့ ဖြစ်ကြသည်။ ၎င်းတို့ ၄ ဦးမှာ သားသမီး ၃ ၊ ၄ ဦးရှိနေကြသည့် အမျိုးသမီးကြီးအရွယ်များဖြစ်ကြ၍ ပေါ်တာ အဖြစ်အသုံးချရန် ရည်ရွယ်ပြီး ခေါ်ဆောင်သွားသည်ဟု ယူဆရသည်ဟု ဒေသခံများက ပြောသည်။
တာလောကြီးတွင်အခြေချသည့် ခလရ ၁၄၁ နှင့် ခလရ ၂၁၂ မြန်မာအစိုးရတပ်ရင်း ၂ ရင်းရှိ၍ ယင်းရွာသို့ လာရောက် ခေါ်ဆောင်သွားသည့် အစိုးရတပ်မှာ မည်သည့် တပ်ရင်းမှ ဖြစ်သည်ကို တိကျစွာ မသိရှိဟု ပြောသည်။
ယင်းဒေသတွင်ကေအိုင်အေ ၏ ခလရ ၁၈ အခြေစိုက်ပြီး အဆိုပါတပ်ရင်းမှ တပ်များနှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း သိရှိရသည်။
၁၇ နှစ်ကြာ အပစ်ရပ်ငြိမ်းချမ်းရေး ယူထားသည့် ကချင် လက်နက်ကိုင် ကေအိုင်အေနှင့် မြန်မာအစိုးရ တပ်များ အကြား ယခုနှစ်ဇွန်လမှ ပြန်လည်ဖြစ်ပွားပြီးနောက်တွင် အရပ်သား ထောင်ပေါင်းများစွာ လိုင်ဇာ၊ တရုတ်နိုင်ငံနယ်စပ်နှင့် မြစ်ကြီးနား၊ ၀ိုင်းမော်၊စသည့်မြို့များသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ မလုပ်ကိုင် နိုင်သကဲ့သို့ ပေါ်တာဆွဲခြင်း၊ ရိုက်နှက် သတ်ဖြတ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts