>Who is ambassador Myint Naung?

>

သံအမတ်ဦးမြင့်နောင်၏ နောက်ကြောင်း စစ်ဆေးရန် တောင်အာဖရိက သတင်းဌာန လှုံ့ဆော်
မိုးမခအထောက်တော် အမှတ် ဝဝ၈
နိုဝင်ဘာ ၄၊ ၂၀၁၁


တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား နှင့်အတူ တွေ့ရသော သံအမတ် ဦးမြင့်နောင် (ဓာတ်ပုံ – Yolande Snyman)


တောင်အာဖရိကရောက် သံအမတ်ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးရန် တောင်အာဖရိက အခြေစိုက် Mail & Guardian Online သတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

ဦးမြင့်နောင်သည် ယခင်က ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ဖွယ်ရှိပြီး ကရင်တိုင်းရင်းသားကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ၂၀၀၇ သံဃာ့အရေးအခင်းကို ရက်စက်စွာ နှိပ်ကွပ်မှု စသော ပြစ်မှုများနှင့် ဆက်စပ်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်နေကြကြောင်း သတင်းတွင် ရေးသားထားသည်။

ထိုအဖွဲ့များက တောင်အာဖရိက အစိုးရအား ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးပြီး လိုအပ်ပါက နိုင်ငံမှ နှင်ထုတ်ရန် တောင်းဆိုနေကြသည်။

တောင်အာဖရိကသံအမတ်အဖြစ် ဦးမြင့်နောင်ကို ခန့်အပ်ကြောင်း ပြီးခဲ့သည့်မတ်လတွင် မြန်မာအစိုးရက ကြေညာခဲ့သည်ဟု သတင်းတွင် ရေးထားသည်။

ဦးမြင့်နောင်က ဇူလိုင်လတွင် သံအမတ်ခန့်အပ်လွှာကို တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားထံ ပေးအပ်သည်ဟု သတင်းတွင် ရေးထားသည်။

ဧရာဝတီသတင်းဌာန၏ သတင်းတပုဒ်တွင် ဗိုလ်မှူးချုပ်မြင့်နောင်နှင့် စစ်အရာရှိ အများအပြားကို နိုင်ငံခြားရေးဌာနသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း၊ ဦးမြင့်နောင်၏ ယောက္ခမသည် စစ်အရာရှိဟောင်းတဦး ဖြစ်ပြီး မကြာသေးမီက တောင်အာဖရိကသို့ လာရောက်လည်ပတ်ခဲ့သည်ဟု သိရကြောင်း သတင်းတွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts