>Remembrance – 4

>

တမ်းတမ်းတတ အလွမ်းများ(၄)
အောင်ဝေး
အောက်တိုဘာ ၂၉၊ ၂၀၁၁


photo – AP

(ဒီတပတ်မှာ-အကြမ်းမဖက်တဲ့ ဒီမိုကရေစီ တော်လှန်ရေးဟာ၊ စိတ်ဓာတ်ရေးရာနဲ့ တိုက်တဲ့ တိုက်ပွဲဖြစ်လို့၊ ယုံကြည်ချက်သာ ပြည်သူတွေအတွက် အားထားရာဖြစ်တဲ့အကြောင်း တင်ပြထားပါတယ်)


အားလုံး မင်္ဂလာပါ။
ဝေဿန္တရာဇာတ်တော်ကြီးထဲက မင်းဘူးဆရာတော် ဦးသြဘာသ ရေးဖွဲ့ ခဲ့တဲ့ “သွားရမည့်ခရီး ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” ဆိုတဲ့ ဂန္ထ၀င်စာသားလေးတခုကနေပြီးတော့ပဲ၊ ဒီကနေ့ ပို့စ်မော်ဒန်ခေတ် ဒီမိုကရေစီတော်လှန်ရေးအကြောင်း ပြောပရစေ။

ကျနော်တို့ပြည်သူတွေ မိုင်ထောင်ချီတဲ့ ဒီမိုကရေစီ ခရီးရှည်ကြီးကို ချီတက်နေကြတာပါ။ ကျနော်တို့ခရီး မပြီးသေးပါဘူး။ ဒီခရီးမှာ ကျနော်တို့ ပြည်သူတွေအတွက် မဆုတ်မနစ်တဲ့ဇွဲစိတ်ဓာတ်ကို အရင်းခံတဲ့ ယုံကြည်ချက်ခွန်အားပဲ အားကိုးရှိပါတယ်။

ကျနော်တို့ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲဟာ၊ စစ်အာဏာရှင်စနစ်ကို မြေမြှုပ် သင်္ဂြိုဟ်ပစ်ရမယ် ဆိုတဲ့ မဟာရှစ်လေးလုံးအရေးတော်ပုံကြီးက ချမှတ်ခဲ့တဲ့ သေနင်္ဂဗျူဟာကနေ၊ အဲဒီ ဦးတည်ချက်ကနေ တလက်မမှ သွေဖည် မသွားသေးပါဘူး။

သဘောတရားအရ သေနင်္ဂဗျူဟာကို ကြွေးကြော်သံ တင်ကြရစမြဲပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံတုန်းကလည်း ကျနော်တို့ဟာ ဒီကြွေးကြော်သံပါပဲ။ အခုလည်း ရွှေဝါရောင် တော်လှန်ရေး အလွန်မှာ ကျနော်တို့ဟာ ဒီကြွေးကြော်သံကိုပဲ ဆက်လက် ကြွေးကြော်နေဆဲပါပဲ။
သေနင်္ဂဗျူဟာကို အကောင်အထည် ဖော်တဲ့နေရာမှာတော့၊ နည်းပရိယာယ် ဆိုတာ သူ့နေရာနဲ့သူ၊ သူ့အချိန်နဲ့သူ၊ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်အပေါ် မူတည်ပြီးတော့ အမျိုးမျိုးရှိနိုင်တာပါ။ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးတော့၊ တိုက်ပွဲပုံစံ အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။

ကျနော့်အဖေက စစ်သား။ စစ်သားဆိုတော့ အဖေက စစ်သားစကားနဲ့ ကျနော်တို့ကို သင်ကြားခဲ့ပုံတခုက“Flexible ဖြစ်ရမယ်။ Mobile ဖြစ်ရမယ်” တဲ့။ ပျော့ပျောင်းရမယ်၊ ရွှေ့ လွယ် ပြောင်းနိုင်ဖြစ်ရမယ် ဆိုတဲ့သဘောပါ။ တရားသေသမား ဖြစ်မသွားအောင် ကိုယ့်အယူအဆကို အသေ ကျောက်ချရပ်ခံဖို့ မဟုတ်ဘူး။ တိုက်ပွဲက တောင်းဆိုလာရင် ကိုယ့်အယူအဆကို လိုအပ်သလို အလျှော့အတင်း လုပ်နိုင်ရမယ်။

နောင် ကျနော်ကြီးပြင်းလာတဲ့အခါ၊ တိုးတက်တော်လှန်တဲ့ စာပေကျမ်းဂန်တွေကို ဖတ်ရှု လေ့လာရတဲ့အခါ၊ ငယ်ငယ်တုန်းက အဖေ သင်ကြားခဲ့တာကို လက်တွေ့ အရ၊ ကျောင်းသား တိုက်ပွဲ ဖြတ်သန်းမှုအတွေ့ အကြုံ၊ ထောင်အတွေ့ အကြုံတွေအရ ပိုပြီး သဘောပေါက်လာပါတယ်။

ဘာကြောင့် ပျော့ပျောင်းဖို့လိုသလဲ ဆိုတာကို ဆရာဒဂုန်တာရာက “ပျော့ပျောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်” လို့ သင်ကြားခဲ့ပါတယ်။ ဒါ ဆရာဒဂုန်တာရာရဲ့  အတွေးအခေါ်ပါ။ အပျော့ပျောင်းဆုံးလေးကိုင်းဟာ၊ အဝေးဆုံးက ရန်သူရဲ့ ရင်အုံကို တည့်တည့် စိုက်ဝင်သွားအောင် ပစ်လွှတ်နိုင်စွမ်းရှိရဲ့  မဟုတ်လား။

ပျော့ပျောင်းတာဟာ ပျော့ညံ့တာ မဟုတ်ပါဘူး။ ပျော့ပျောင်းတာဟာ တိုက်ပွဲကို နားလည်တာပါပဲ။ ကိုယ့်ရဲ့ ရန်သူကို နားလည်တာ၊ ကိုယ့်ရဲ့ အခြေအနေကို နားလည်တာပါပဲ။ တရုတ်ကဗျာဆရာကြီး မော် ကလည်း သူ့ကဗျာတပုဒ်ထဲမှာ “မိုးမခပင်မှာ ပျော့ပျောင်းမှုရှိတယ်။ ပိုင်းပင်မှာ မူရှိတယ်” လို့ ရေးခဲ့ဖူးပါတယ်။ (ပိုင်းပင်ဆိုတာ ထင်းရှူးပင်ကို ပြောတာပါ)

မိုးမခပင်က ပျော့ပျောင်းတယ် ဆိုတာ ပျော့ညံ့တာ၊ အရှုံးပေးတာ၊ ဒူးထောက်တာ မဟုတ်ပါဘူး။ လေပြင်းမုန်တိုင်း ထန်နေတဲ့အချိန်မှာ မိုးမခပင်က မုန်တိုင်းဒဏ်ကိုညွှတ်ကွေးပြီး တောင့်ခံတာပါ။ ပျော့ပျောင်းခြင်းဟာ သန်စွမ်းခြင်းပဲ။ လေပြင်း အားပျော့သွားပြီ၊ မုန်တိုင်းစဲပြီ ဆိုတဲ့အခါ၊ မိုးမခပင်ဟာ သူ့နဂိုမူလအတိုင်း၊ မလဲမယိုင်၊ မကျိုမပဲ့ဘဲနဲ့ ခိုင်ခိုင်မာမာ ပြန်လည်ရပ်တည်ပြတာပါပဲ။ မိုးမခပင်တွေကို ကျနော်တို့ အတုယူရမယ် မဟုတ်လား။

အခုအချိန်မှာ ကျနော့်အဖေ စစ်သားကြီးလည်း ကွယ်လွန်ခဲ့ပါပြီ။ အဖေ သင်ကြားပေးခဲ့တာတွေကိုတော့ ကျနော် အမြဲအလေးမူ ဂရုပြုမိနေတုန်းပါ။ ဒီကနေ့ ကျနော်တို့ လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုက ကျနော်တို့ စစ်တိုက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တိုက်နေသလိုပါပဲ။

စစ်တိုက်နေတာထက်တောင် ပိုပြီး ကြမ်းတမ်း ခက်ထန်တဲ့၊ ရှုပ်ထွေးနက်နဲတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဘာဖြစ်လို့လဲ ဆိုတော့၊ ကျနော်တို့လှုပ်ရှားမှု၊ ကျနော်တို့တော်လှန်ရေးဟာ၊ အကြမ်းမဖက် တော်လှန်ရေး၊ အကြမ်းမဖက်တော်လှန်ရေး ဆိုတာ စိတ်ဓာတ်ရေးရာ တော်လှန်ရေးဖြစ်နေလို့ပဲ။ တဖက်အင်အားစုကို၊ ရန်သူကို စိတ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ တိုက်ပွဲမှာ၊ ကျနော်တို့ရဲ့ အဓိက အားကိုးရာက ယုံကြည်ချက်ပဲ။
ဒီယုံကြည်ချက်နဲ့ မျှော်လင့်ချက်က လွဲရင် လက်နက်ဆိုလို့ ကျနော်တို့မှာ အပ်တိုတချောင်းတောင် မရှိဘူး။

ဘာ သေနတ်တလက်၊ ဓားတလက်၊ မြားတစင်းမှ မရှိဘူး။ ဂျင်ဂလိမပြောနဲ့လေးခွဆိုတာတောင် မရှိတဲ့သူတွေပါ။ ကျနော်တို့မှာရှိတာက ယုံကြည်ချက်ပဲ၊ စိတ်ဓာတ်ပဲ။ ဒီယုံကြည်ချက်သာ၊ ဒီစိတ်ဓာတ်သာ ကျနော်တို့အတွက် အခရာ မဟုတ်လား။

ဒါကြောင့် ကျနော်တို့ဟာ၊ ကျနော်တို့ရဲ့  ဦးစီးဦးဆောင်တွေ ဖြစ်ကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့ရဲ့ နောက်က လိုက်ပါ ချီတက်ကြတဲ့အခါမှာ၊ ခေါင်းဆောင်လည်း တူတယ်၊ ယုံကြည်ချက်လည်း တူတယ်၊ မျှော်လင့်ချက်လည်း တူတယ် ဆိုရင်၊ ကျနော်တို့အားလုံးဟာ ခရီးဖော်တွေပါပဲ။ တိုက်ဖော် တိုက်ဖက်တွေပါပဲ။ ဒါက အဓိက အကျဆုံးအချက်ပါပဲ။

ဒီတော့ လက်အောက်ခံပြဿနာဖြစ်တဲ့ တိုက်ပုံတိုက်ပန်း မတူတာနဲ့ပဲ၊ တိုက်ပွဲနည်း ပရိယာယ် ကွဲတာနဲ့ပဲ၊ ကျနော်တို့ဟာ အတိုက်အခံတွေ အချင်းချင်း သွေးကွဲတာမျိုး၊ ညီညွတ်ရေး ပျက်ပြားတာမျိုးတွေ လုံးဝ မဖြစ်သင့်ပါဘူး။ နည်းပရိယာယ်ကိစ္စမှာ မတူတာတွေကို နားလည် လက်ခံပေးနိုင်တဲ့ ဒီမိုကရက်စိတ်ထားမျိုး လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှန်ချစ်ရင်၊ ကိုမင်းကိုနိုင်ကို တကယ်ချစ်ရင်၊ ကျနော်တို့ဟာ အချင်းချင်းအပေါ်မှာလည်း ချစ်ခင်ကြဖို့ပါပဲ။ သွားရမည့်ခရီး ဝေးသေး၏။ ခြေသာလျှင်ယာဉ်ရှိကုန်၏ တဲ့။

ကျနော်တို့တခုတည်းသော အားထားရာဖြစ်တဲ့ ယုံကြည်ချက်အပေါ်၊ ခိုင်ခိုင်မြဲမြဲ ဆက်လက် ယုံကြည်သွားကြဖို့ပါပဲ။

နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
အောက်တိုဘာ ၁၇-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts