>Forced Recruiting Porters, Human Rights Abuse, KIO

>

 
ပေါ်တာဆွဲခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်၍ တိုင်ကြားသင့်ဟု KIO ပြော
ကချင်လေး၊ မြစ်ကြီးနား –  အောက်တိုဘာ ၂၆၊ ၂၀၁၁

အစိုးရ စစ်တပ်မှ မကြာမီ စတင်ဖွယ်ရှိသည့် ထိုးစစ်အတွက် အရပ်သားများအား ပေါ်တာဆွဲခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သဖြင့် ကချင်ပြည်သူများအနေဖြင့် နိုင်ငံတကာ နှင့် လွှတ်တော် ကိုယ်စားလှယ်များထံ သတ္တိရှိရှိ တိုင်ကြားကြရန် KIO က တိုက်တွန်းလိုက်သည်။
မြန်မာစစ်တပ်နှင့် KIO အကြား စစ်ဖြစ်ပွားမှု အပေါ် စစ်တပ်က ကချင်ပြည်သူများကို ပေါ်တာဆွဲသည့် လုပ်ရပ်အား ကချင်ပြည်သူများအနေဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း- ILO နှင့် ပြည်သူက ရွေးကောက် တင်ပြထားသော ကချင်ပြည်နယ်မှ လွတ်တော်ကိုယ်စားလှယ်များထံ တိုင်ကြားရန် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။
“လူထုတွေအနေနဲ့ ရဲရဲတင်းတင်းပြောဆိုဖို့ အချိန်ကျရောက်ပြီ၊ အခုချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ နဲ့ တင်ပြဖို့ ပြည်သူလူထုတွေမှာ တာဝန်ရှိတယ် ” ဟု ဦးလာနန်ကပြောသည်။
မြန်မာစစ်တပ်က ကချင်ပြည်သူလူထု ကို ပေါ်တာဆွဲနေခြင်း အပေါ် ကေအိုင်အို အနေဖြင့် တစုံတရာ တားဆီး ပေးနိုင်စွမ်းမရှိဟု ၎င်းက ထပ်မံပြောဆိုသည်။
“KIO အနေနဲ့ အခုအချိန်မှာ တိုက်ပွဲ ကာလ ဖြစ်တဲ့ အတွက် ပြည်သူ လူထုတွေကို ပေါ်တာ မလိုက်နိုင်အောင် ကျွန်တော်တို့ အနေနဲ့ တားဆီးနိုင်တဲ့ အနေအထားမရှိဘူး” ဟု KIO ကပြောသည်။
ကချင်ပြည်သူများ အနေဖြင့် ပြည်သူများရွေးကောက်တင်မြောက်ထားသည့် လွတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားရန်နှင့် လွတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ အကြားဖြစ်ပွားနေသည့် ပေါ်တာကိစ္စမျာကို လွတ်တော်တွင် မေးမြန်းသင့်သည်ဟုလည်း ဆိုသည်။
“ လွှတ်တော်ထဲမှာ နေ့တိုင်းနေ့တိုင်း ခေါင်းပေါင်းဆောင်းပြီး အစည်းဝေးမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ် တွေက ကိုယ့်ပြည်သူတွေ ပေါ်တာကို ကြောက်နေလန့်နေ တဲ့ အချိန်မှာကိုယ့်ပြည်နယ်အတွက် ဘာတွေပြောခဲ့ဖူးပြီလဲ ” ဟု ဦးလာနန်က ပြောသည်။
ယင်းကဲ့သို့ တိုင်းကြားပြုလုပ်ခြင်းမရှိပါက မြန်မာစစ်တပ်များအနေဖြင့် ပိုမိုဆိုးရွာလာနိုင်ဖွယ်ရှိသည်ဟု ထပ်မံပြောဆိုသည်။
ယခုဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲသည် လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသည့် ကိစ္စ ဖြစ်၍ အစိုးရစစ်တပ်က တိုက်ပွဲအတွင်း အပြစ်မဲ့ ပြည်သူများအား ဆွဲသွင်းခြင်း ၊ ပေါ်တာဆွဲပြီး ကျန်းမာသန်စွမ်းသည့်သူများကို စစ်သင်တန်းပေးခြင်း ၊ မိုင်ရှင်း ရန်၊ လမ်းပြရန် အသုံးပြု လုပ်ဆောင် နေခြင်းတို့ကို အသုံးပြုနေခြင်း တို့ကို နိုင်ငံတကာက သိရှိအောင် တင်ပြရန် ပြည်သူလုထုမှာလည်း တာဝန်ရှိသည်ဟု KIO ကပြောသည်။
ယခုလ ၂၀ ရက်နေ့က ကျင်းပသော မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုကိုနိုင် က လာမည့် ထိုးစစ်တွင် အသုံးပြုရန် မြစ်ကြီးနားမြို့မှ ပေါ်တာ ၁၂၀၀ ပြည့်အောင် ဆွဲမည်ဟု ပြောဆိုခဲ့သည်။
(Photo – Flickers, Internet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts