>gov’s compensation for flood victim

>

ပခုက္ကူ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးသူများအတွက် လျော်ကြေးပေး
ခင်နှင်းလွင်၊ ရန်ကုန်
အောက်တိုဘာ ၂၃၊ ၂၀၁၁
ပခုက္ကူ ရွှေချောင်းတံတား အပျက်အစီးမြင်ကွင်းကို စနေနေ့က ကြည့်ရှုနေသော အရပ်သားတဦး (ဓာတ်ပုံ-getty images)


ရေကြီးသည့် ပခုက္ကူမြို့သို့ တနင်္ဂနွေနေ့တွင် ဒုသမ္မတ လာရောက်ကြည့်ရှုပြီး အသက်ဆုံးရှုံးရသူများအတွက် လျော်ကြေးငွေ ပေးသည်ဟု ပခုက္ကူမြို့ခံများက ပြောသည်။

အသက်ဆုံးရှုံးသူ လူကြီး တဦးအတွက် ကျပ် ၁ သိန်း၊ ကလေးတဦးအတွက် ၅ သောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအတွက် ဆန်အိတ် ၅၀၀ ကူညီခဲ့သည်ဟု သိရှိရသည်။
ယခုကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသူများအတွက် အစိုးရက လျော်ကြေးပေးအပ်ခြင်းမှာ ရှားပါးသည့် အဖြစ်အပျက် ဖြစ်သည်ဟု သတင်းစာဆရာ တဦးကပြောသည်။

ဒုက္ခသည်များအား မြို့ခံများ အပြင် မန္တလေးနှင့် ရန်ကုန်မှ အလှူရှင်များ လာရောက်ကူညီသည်ဟု လည်း မြို့ခံများက ပြောသည်။ ယနေ့ နံနက်ပိုင်း ရရှိသည့် သတင်းများအရ တအိမ်ထောင် ကျပ် တသောင်း နှစ်ထောင်နှုန်း ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။

ရေဘေးဒုက္ခသည်များအား တိလောက ရာမကျောင်း၊ မိုးကုတ်ဝိပဿနာကျောင်း၊ မ တထောင်ကျောင်း၊ကျောက်မီးကျောင်းတို့တွင် ခိုလှုံနေသည်ဟု ပခုက္ကူမြို့ခံ ကိုမင်းထွန်းက ပြောသည်။
` မိုးကုတ်ကျောင်းနဲ့ တိလောက ရာမကျောင်းကတော့ ဒုက္ခသည် အများဆုံးပဲ။ စခန်းအားလုံးဆိုရင် ဒုက္ခသည် ၃၂၀၀ လောက် ခန့်မှန်းကြတယ်´ ဟု ၎င်းကပြောသည်။

ဒုက္ခသည်များ အား ပခုက္ကူ-မြိုင်မြို့ ကားလမ်းနဘေး ချောက်ကန်ရွာအနီးတွင် ပြန်လည်နေရာချထားပေး မည်ဟု မြို့ခံများကပြောဆိုသည်။

ပခုက္ကူမြို့ နှင့် အနီးတ၀ိုက်တွင် သေဆုံးသူအနည်းဆုံး လူ ၁၀၀ ကျော်ရှိမည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ လတ်တလော အလောင်း ၇၀ ကျော် တွေ့ရှိထားသည့်ပြင် ပျောက်ဆုံးနေသူအများအပြား ရှိသည်ဟုလည်း ပခုက္ကူမြို့မှ အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးကပြောသည်။

စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် အထက်အညာဒေသ အချို့နှင့် အတူ ပခုက္ကူမြို့ရေကြီးမှု သတင်းဖေါ်ပြခဲ့သော်လည်း အသေအပျောက်စာရင်းကိုမူ တနင်္ဂနေ့ထုတ်တွင် စတင်ဖေါ်ပြသည်။ ပခုက္ကူရွှေချောင်း ချောင်းရေလျှံတက်မှုကြောင့် လူ ၅၈ ဦး၊ ပေါက်မြို့နယ်တွင် ၁၉ ဦး၊ မြိုင်မြို့နယ်တွင် ၆ ဦးရေထဲမျောပါ ပျောက်ဆုံးလျက်ရှိသည်ဟု ဖေါ်ပြပါရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts