>Tin Aung Ni and Wa Thone

>

ကာတွန်းပေါက်စ မောင်ခင်လှ (သို့မဟုတ်) တင်အောင်နီကို ဖြစ်စေသူ
ကာတွန်းတင်အောင်နီ
အောက်တိုဘာ ၂၁၊ ၂၀၁၁

၂၀၀၈ အောက်တိုဘာ ၂၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ပန်းချီဝသုန် အမှတ်တရ

“လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက်ထည်ထည်ဝါ၀ါ ပန်းချီဝသုန်” စာအုပ်မှ တင်အောင်နီ၏ ရေးသားချက်ကို ကူးယူ ဖော်ပြသည်။


သူသည် ကျွန်တော့်ကို တင်အောင် ဟု ခေါ်သလို ကျွန်တော်က သူ့ကို မောင်ခင်လှ လို့ပဲ ခေါ်သည်။ ထိုစဉ်က သူသည် ပန်းချီဝသုန် မဖြစ်သေးသလို ကျွန်တော်သည်လည်း ကာတွန်းတင်အောင်နီ မဖြစ်သေး။ ကာတွန်းဆရာကြီး ဦးမောင်လွင်(ငထက်ဖြား) ထံတွင် သူရော ကျွန်တော်ပါ ကာတွန်းပညာသင်ဆဲကာလ၊ ၁၉၆၃-၁၉၆၄ ကာလ ဆိုပါတော့။

ဆရာက သူရေးနေသော ကာတွန်းစုံစာအုပ်တွင် ကျွန်တော်တို့နှစ်ယောက်ကို ဇာတ်လမ်းတိုများ စသုံးသည်။ ကျွန်တော်နှင့်မောင်ခင်လှသည် ထိုစဉ်ကပင် ခင်မင်ခဲ့ကြသည်။

ဆရာဦးမောင်လွင်ထံ သင်ဆဲကာလမှာပင် သူ၏ ဒယ်အိုးစွပ်မင်းသား ရုပ်ပြ ထွက်လာသည်။ ကာတွန်းပေါက်စ မောင်ခင်လှ လက်ဆော့သည်ဆိုသော မျက်နှာဖုံးမှ စာတန်းက ဆွဲဆောင်မှုရှိသည်။ ဇာတ်လမ်းဇာတ်ကွက်နှင့် အပြင်အဆင်က ဆန်းသစ်သည်။ ဆက်ရေးမည် ဆိုပါက နာမည်ရကာတွန်းဆရာဖြစ်မည့်သူ။

သို့သော် ကာတွန်းပေါက်စ မောင်ခင်လှသည် ဆက်ပြီး လက်ဆော့ချင်ဟန် မတူတော့။

“ငါ ပန်းချီရေးချင်တယ်ကွာ၊ ပန်းချီကျောင်း တက်တော့မယ်”

ကျွန်တော် နှမြောမိသည်။ သူ့ကို ကာတွန်း ဆက်ရေးစေချင်သည်။

“ကာတွန်းလည်း ငါချစ်ပါတယ်။ ဒါပေမဲ့ ငါက ကာတွန်းဟာသ မရဘူးကွ”

အနုပညာနှင့် ပတ်သက်လျှင် ရိုးရှင်းပွင့်လင်းစွာ သူပြောတတ်သည်။ ပန်းချီကျောင်းတက်သည့် အချိန်မှာ သူနှင့်ကျွန်တော် မဆုံဖြစ်တော့။ ကျွန်တော် တစ်ယောက်တည်း ဆရာဦးမောင်လွင်၏ ကာတွန်းစာအုပ်တွင် ဇာတ်လမ်းအတိုများ ရေးရင်း ကျန်ရစ်သည်။

ကာတွန်းအော်ပီကျယ်facebook တွင် တွေ့ရသော ၂၀၀၂ ခုနှစ်က ပန်းချီဝသုန်


ဆရာဦးမောင်လွင်မှာ ကာတွန်းရေးရာတွင် အနုစိပ်လွန်းသလို မရေးမီ ခဲတံချွန်ရာမှာပင် အနုစိတ်လွန်းသူ။ ဒါကို မောင်ခင်လှက ကြည့်ပြီး “တို့ဆရာက ခဲတံချွန်တာတောင် ခဲတံချွန်တာနဲ့ မတူဘူး၊ ပန်းပုထုနေသလိုပဲကွ” ဟု ပြောဖူးသည်။ ဤမျှ အနုစိတ်နေမှတော့ တစ်လ တစ်အုပ် ရေးဖို့ အလျဉ်မမီဖြစ်တော့သည်။ လစဉ်ထုတ် ထုတ်ဝေသူနှင့် ဆရာ လမ်းခွဲကြတော့သည်။ သည်မှာ လမ်းပျောက်သူ ရေးကွက်ပျောက်သူက ကျွန်တော်။ ဆရာဦးမောင်လွင်သည် အိမ်ရောင်းပြီး ဘယ်ပြောင်းသွားသည်မသိတော့။ ကိုယ့်ဘာသာ ကြိုးစားကြည့်ပြန်တော့လည်း မနိတ်။

“တို့က ဘလောက်ဖိုး၊ စက္ကူဖိုး အကုန်ခံပြီး ထုတ်ပေးရမှာ၊ အလကားရေးပေးရင် တင်ပေးမယ်”

ပိုက်ဆံပေးမည့်သူကျတော့လည်း ၂၅ ကျပ် ပေးမယ်၊ ရေးမလား ဆိုတာက တစ်မျိုး ….။

ကျွန်တော် မရေးဖြစ်ခဲ့။ ဆရာဦးမောင်လွင်က ကာတွန်းပညာကို တန်ဖိုးထားဖို့ တော်ရိလျော်ရိဈေးဖြင့် မရေးဖို့ပြောတာ နားထဲစွဲနေ၍ဖြစ်သည်။ ကျွန်တော်သည် ကာတွန်းစာအုပ် မရေးဖြစ်သော်လည်း ကာတွန်းကိုတော့ နေ့စဉ် လေ့ကျင့်သည်။

တစ်နေ့ ပန်းချီကျောင်းသတင်း သတင်းစာထဲမှာ ပါလာသည်။ ပထမနှစ်သင်တန်းဆင်း ကျောင်းသားများထဲတွင် ခဲပန်းချီ ပထမဆု ရသော ကျောင်းသားစာရင်းတွင် မောင်ခင်လှနာမည်ကို တွေ့လိုက်ရသည်။
ကျွန်တော့်မှာ ၀မ်းသာလိုက်ရသည့်ဖြစ်ခြင်း။ ထိုသတင်းပါပြီးမကြာ သူနှင့်ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ တွေ့သည်။ သည့်နောက် ကျွန်တော့်ထံ မကြာမကြာ ရောက်လာတတ်သလို သူရှိရာသို့လည်း ကျွန်တော်ရောက်ဖြစ်သည်။ မောင်ခင်လှသည် ကျွန်တော့်ကို ကာတွန်းဇာတ်လမ်းအတိုများ ရေးခိုင်းသလို ၁၆ မျက်နှာအရှည်လည်း ရေးခိုင်းတတ်သည်။ ထိုရေးသမျှထဲမှ စာအုပ်ထွက်သည်များ ရှိသလို မထွက်သည်များလည်း ရှိပါသည်။

ကာတွန်းတင်အောင်နီ – ၂၀၀၂ခုနှစ်/ကာတွန်းအော်ပီကျယ်facebook


ပန်းချီကျောင်းတက်ဆဲကာလမှာပင် မောင်ခင်လှသည် ကာတွန်းစာအုပ်များ ရေးဖြစ်ခဲ့ပါသည်။ အညာမင်္ဂလာဆောင် လေးချိုးကြီးကို ဂုဏ်ပြုရေးဆွဲခဲ့သော ကာတွန်းမှာ ထိုစဉ်က သတင်းစာမှာပင် ရေးသား ဝေဖန်ခံရသည်။ ကျွန်တော်က ပြန်ရေးဖို့ပြောတော့ သူက “လွှတ်ထားလိုက်ပါကွာ” ဟု အေးအေးဆေးဆေးပင် ပြောသည်။

ကိုရင်လူထွက် ငပိချက်၊ ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဆံတောက်ဖားဖား စသော ကာတွန်းများ ဆက်တိုက်ထွက်လာသည်။ မောင်ခင်လှသည် တယ်ပြီးမကြာလှ အိမ်ထောင်ပြုလိုက်သည်။ သူ့ဇနီးက မစန်းအေး၊ ထိုစဉ်က ပုဇွန်တောင် ကိတ်လမ်းမှ ဖြစ်သည်။ မောင်ခင်လှသည် ရောက်လေရာအရပ်တိုင်း ကျွန်တော့်ကို အသိပေးကာ အရောက်ခေါ်လေ့ရှိသည်။

ပြီးတော့ ထုံးစံအတိုင်း ကာတွန်းရေးခိုင်းလေ့ရှိသည်။ သူ ကာတွန်းမရေးတော့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းမှာ ပန်းချီရုပ်ပြများ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ မှတ်မှတ်ရရ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတွင် သူ၏ရုပ်ပြ ခါးပိုက်နှိုက်စိန်ပန်းကို ကျွန်တော် သဘောကျသည်။ ခါးပိုက်နှိုက်စိန်ပန်းဇာတ်ထုတ်ကို သူက သူ့ပုံသူပြန်ဆွဲပြီး သရုပ်ဖော်ထားခြင်းပင်။

မောင်ခင်လှမှာ ပုံရေးကောင်းသလို စာရေးလည်းကောင်းသူဖြစ်သည်။ သူသည် ကာတွန်း ဆက်မရေးဖြစ်သော်လည်း ကျွန်တော့ကိုတော့ ကာတွန်းဆရာဖြစ်စေချင်သည်။

‘တင်အောင် မင်းအတွင်းသားရေးကွာ၊ အဖုံးငါရေးပြီး ထုတ်ဝေသူကိုပေးမယ်’

ဤသို့ဖြင့် ဂျိမ်းစ်ဘွန်းရုပ်ပြ နှစ်အုပ်သုံးအုပ်လောက် ကျွန်တော်ရေးဖြစ်ခဲ့သည်။

သို့သော် ကျွန်တော့်မှာ အဲဒီတိုင် တင်အောင်နီ မဖြစ်လာ။ အရပ်ထဲ၊ ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာ ယောင် ၃၀ ဖြစ်နေခဲ့သည်။ ယောင်ဘ၀ကို ကျွန်တော် စွန့်မှဖြစ်တော့မည်။ ၁၉၆၈-၆၉ ကာလမှာ ကာတွန်းဆရာဖြစ်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီး မောင်ခင်လှအိမ် ရောက်လာခဲ့သည်။ ထိုအချိန်က မောင်ခင်လှ နှင့် အစ်ကို ဦးညိုလှ(ပန်းချီ)သည် တောင်ဥက္ကလာပ သဒ္ဒါလမ်းမှာ အိမ်တစ်အိမ်ကိုငှားပြီး အခန်းဖွဲ့နေကြသည်။ ကျွန်တော့်မှာ မုန့်ဝေတုန်းကမရောက်၊ တုတ်ဝေမှရောက်ရသည့် သကောင့်သားနှယ်ဖြစ်တော့သည်။ သူတို့နှစ်ယောက်စလုံးက ထုတ်ဝေသူထံမှ ပန်းချီရေးခ တိုးတောင်းမည်၊ မရလျှင်မရေး တင်းထားကြသည်။ သူတို့တင်းသလို သူတို့အိမ်နေမည့် ကျွန်တော့ကိုပါ တင်းခိုင်းသည်။ တစ်မျက်နှာတစ်ဆယ် မရက မရေးနှင့်။ အစ်ကိုဦးညိုလှရော မောင်ခင်လှကပါ အားပေးသည်။

‘ငါတို့ ပို့စ်ကတ်ရောင်းကြမယ်၊ ပြီးတော့ ပန်းပုရုပ်တွေလည်း လုပ်ရောင်းမယ်ကွာ’

(မောင်ခင်လှသည် ပန်းချီသင်တန်း ၃ နှစ် ပြီးဆုံးပြီး ပန်းပုသင်တန်း တစ်နှစ်တက်ခဲ့သူဖြစ်ပါသည်။)

ဤသို့ဖြင့် သူနှင့်ကျွန်တော် ကျိုက္ကဆံကွင်းနှင့် ဘုရားပွဲတော်များရှိရာအရပ်တွင် ဈေးရောင်းခဲ့ရသည်။ ထိုသို့ ဈေးရောင်းရင်းမှပင် သူသည် ကျွန်တော့်အတွက် ထုတ်ဝေသူတွေ့တိုင်း စာအုပ်စပ်ပေးရှာပါသည်။ သို့သော် သူတို့သတ်မှတ်ဈေးကြောင့် အလုပ်မဖြစ်သည်က များပါသည်။ ကျွန်တော့်အတွက် သတ်မှတ်ဈေးနှုန်း မရသော်လည်း သူတို့အတွက်ကတော့ ရတတ်ပါသည်။ တစ်နေ့ ကမ္ဘာအေးဘုရားပွဲရှိသဖြင့် သူနှင့်ကျွန်တော် နေ့ခင်းဘက်ကြီး ရောက်သွားသည်။

‘ဒီည မင်းပဲ ဈေးရောင်းလိုက်ကွာ။ အိပ်ဖို့တဲ ထိုးလိုက်ပေါ့။ ဒီဇိုင်းတစ်ခု အပ်ထားလို့ ပြီးအောင် ငါ ပုံပြန်ရေးလိုက်ဦးမယ်။ မနက်မှ ငါလာခဲ့မယ်’

တဲက ပြောတော့သာလွယ်တယ်၊ တကယ်လုပ်တော့ မလွယ်။ ကျွန်တော်က နှီးကို နံပြားချည်တာလောက်ပဲ မြင်ဖူးသူ၊ နှီးချည်ရင်း လက်ရှလိုက်သည်ဖြစ်ခြင်း။ သို့သော် ဘုရားပွဲတွင် တာဝန်ကျနေသော ကြက်ခြေနီ ကလေးများက ပြုစုကြပါသည်။ သူတို့အဖို့တော့ ကမ္ဘာအေးဘုရားပွဲတွင် ရှေးဦးသူနာမှာ ကျွန်တော်ပဲ ဖြစ်နေလိမ့်မည်။ တဲထိုးပြီးနောက် ကျွန်တော် ဈေးရောင်းပါသည်။ ညဥ့်နက်သည့်တိုင် ရောင်းတာမှ ငွေငါးကျပ်ပင်မပြည့်။ သည်လိုနှင့် ဆိုင်သိမ်းပြီး ကိုယ့်တဲပြန်ကြည့်တော့ နှီးချည်တာ မခိုင်သဖြင့် ခေါင်မိုးမှာ လျှောကျနေသည်။ ပြင်မနေတော့ လေးဘက်ထောက်ပြီး တဲထဲဝင်လိုက်သည်။

ချက်ချင်းမပျော်၊ စောရတောဝါ အရေးတွေပူသည်။ အသပြာငါးကျပ်မပြည့် စက္ကူနှင့်ပတ် မြေမြှုပ်ပြီး အိပ်လိုက်ရသည်။ ကမ္ဘာအေးဘုရားပွဲတော်မှာ ဇာတ်ရုံတွေက ဘာဇာတ်ခင်းနေသည်လည်း မသိ။ ကျွန်တော်ကတော့ ရေသည်ပြဇာတ် ခင်းနေမိသည်။

‘တင်အောင် ထ … ထ’ ဆိုမှ ကျွန်တော်နိုးလာသည်။ သူသည် ကျွန်တော်နှင့် ကျွန်တော့်တဲကို ကြည့်ပြီး ရယ်မောနေလေသည်။

ဘုရားပွဲများလည်း တဖြည်းဖြည်း ကျဲပါးလာသည်။ မိုးကျလျှင် ကျွန်တော်တို့ ဘယ်လိုစခန်းသွားကြမည်နည်း။

လတ်တလော မောင်ခင်လှကြောင့် တစ်မျက်နှာတစ်ဆယ်ရတာ မိုးဝေ မဂ္ဂဇင်းပဲရှိသေးသည်။ ကျွန်တော့်ဝင်ငွေက တစ်လ တစ်ဆယ် ဆိုပါတော့။ မိုးဝေ မဂ္ဂဇင်းက တစ်မျက်နှာကာတွန်းအပြင် ၀တ္ထုသရုပ်ဖော်ပုံများလည်း အပ်ပါသည်။ လစာတိုးပြီဟု မထင်ပါနှင့်။ မိုးဝေ မဂ္ဂဇင်းမှာ ယဲ့ယဲ့သာ ဖြစ်နေသည်မို့ မောင်ခင်လှက သူရော ကျွန်တော်ပါ ဒီဇိုင်းခ မယူခိုင်းပါ။ သူသည် စာပေသံယောဇဉ်ကြီးသူ၊ စာပေအတွက် အနစ်နာခံသူ အနုပညာသမားစစ်စစ်ပင်။ သည်လိုနှင့် သူသည် ကျွန်တော့်အတွက် အလုပ်ရှာသည်။ တစ်မျက်နှာတစ်ဆယ်ရမည့် ကာတွန်းစာအုပ်တစ်အုပ်။

ထိုရသည့်ငွေဖြင့် မြောက်ဥက္ကလာပ မေယုလမ်းမှာ ကျွန်တော်နေဖို့ အိမ်ခန်းငှားပေးသည်။ သူ့ဇနီး မစန်းအေးက အိုးတစ်လုံး၊ ဒယ်တစ်လုံး၊ ပန်းကန်ပြားတစ်ချပ် နှင့် ပန်းကန်လုံးတစ်လုံး ပေးသည်။ သူက မေယု ဟိုဘက်ထိပ်၊ ကျွန်တော်က မေယု ဒီဘက်ထိပ်။ ကျွန်တော်နှင့် ကာတွန်း(ဦး)၀င်းမောင် အိမ်က နီးသည်။ ထိုအချိန်မှ စ၍ ကျွန်တော်သည် လစဉ်ထုတ် အပတ်စဉ်ထုတ်များ စဉ်ဆက်မပြတ် ရေးတော့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ကာတွန်းတင်အောင်နီ ဖြစ်လာခဲ့ပါသည်။ တကယ်တော့ တင်အောင်နီကို ဖြစ်စေခဲ့သူမှာ ကာတွန်းပေါက်စ မောင်ခင်လှသာ ဖြစ်ပါသည်။

လွန်ခဲ့သည့် ငါးနှစ်လောက်က သူနှင့်ကျွန်တော်ဆုံကြတော့

‘တင်အောင် ကာတွန်းရေးတာ မင်းခါးမကျိုးသေးဘူးလား၊ ပန်းချီရေးတော့လေကွာ’ ဟု စေတနာဖြင့်ပြောတာ ယနေ့တိုင် ရင်မှာစွဲနေသည်။ ကျွန်တော်က ကြိုးစားပါမယ်ကွာ ဟုသာ ပြောလိုက်သော်လည်း ပန်းချီမရေးဖြစ်ခဲ့။

တင်အောင်နီကိုဖြစ်စေခဲ့သော ကာတွန်းပေါက်စ မောင်ခင်လှ၏ စေတနာစကားအတိုင်း ပန်းချီကားရေးဖို့ ကျွန်တော် ကြိုးစားရပါဦးမည်။ ယခုတော့ ကျွန်တော့်မှာ သူ့ကို သတိရရင်း အောက်မေ့ရင်းဖြင့် ခါးကျိုးသည်အထိ ကာတွန်းရေးနေဦးမည်လားမသိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts