>Kama Pale – The Struggle, The Self Interest & The Principle

>

တော်လှန်ရေးလမ်းကြောင်း၊ ပုဂ္ဂလ အကျိုးစီးပွားနှင့်ရန် – ငါ စည်း
ကမာပုလဲ
အောက်တိုဘာ ၂၁၊ ၂၀၁၁
တော်လှန်ရေး လမ်းကြောင်း
          လူသားဟာနိုင်ငံရေး သတ္တ၀ါ ဖြစ်တယ်ဆိုတဲ့ အဆိုအမိန့်ကို ၈၈၈၈ အရေးတော်ပုံကြီးရဲ့ လက်တွေ့သင်ကြားချက်အရယုံကြည်လာခဲ့ပါတယ်။ ကျောင်းသား ပါတီတခုမှာ နိုင်ငံရေး ၀င်လုပ် ဖြစ်တယ်။ ဒီမိုကရေစီရရှိဖို့အတွက် ဖြစ်ပါတယ်။ ထိုစဉ်က ဒီမိုကရေစီဆိုတာကို လူထုအုပ်စိုးခြင်း လို့ နိုင်ငံရေးအရယေဘုယျ သဘောလောက်သာ သိရှိခဲ့တာပါ။ အဓိက ခံစားချက်က စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်ရဲ့မတရားဖိနှိပ်မှုကို ကျရာအခန်းကနေ အုတ်တချပ်၊ သဲတပွင့် တိုက်ပွဲ ၀င်ဖို့ ပါ။ ဒါနဲ့ နောက်တော့ထောင်ကျတယ်။ ကျောင်းသားတပ်မတော်ကို လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ တောခိုလာခဲ့တယ်။
          ၂၃ နှစ်ကြာအတွေ့အကြုံတွေက အများကြီးပါ။ ခံစားနာကျင်ရတာတွေ၊ ဂုဏ်ယူပီတိဖြစ် ရတာတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ထင်မှတ်မထားတဲ့ အလွဲတွေ အများကြီးပါ။ ဒါပေမဲ့ ကိုယ့် ကိုယ်ကိုယ် မှန်မှန်ကန်ကန် ဝေဖန်ရေးလုပ်၊နိဂုံးချုပ်ကြည့်တဲ့အခါ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း အတွက် နောင်တရစရာ မဖြစ်ခဲ့ဘူး။ ကျေနပ်တယ်။လက်ရှိ ပြည်တွင်းက စစ်အကျဉ်းထောင် ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးမှူးရဲဘော်ကြီးရဲ့ မခွဲခွာခင် သူမှာခဲ့တဲ့စကားက `ဘယ်လို အခြေအနေမျိုးမှာ ရောက်ရှိနေပါစေအဓိကက တော်လှန်ရေး လုပ်မယ်ဆိုတဲ့ လူ တယောက်ဟာ တော်လှန်ရေးလမ်းကြောင်း ပေါ်မှာ ရှိနေဖို့ပါပဲ´တဲ့ …။
          ပထမတော့သူဘာကိုဆိုလိုတယ်ဆိုတာကို အတိအကျ မသိပါဘူး။ ဘာလဲပေါ့။ တော်လှန်ရေးလုပ်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတခုကို ရောက်ရှိလာတယ်။ တော်လှန်ရေး နယ်မြေမှာ တော်လှန်ရေးအလုပ်တွေကို နေ့စဉ်လုပ်နေတယ်။ဒါကြောင့် ဒါဟာ တော်လှန်ရေးလမ်းကြောင်း မဟုတ်လို့ ဘာလဲပေါ့။ နားမလည်နိုင်ခဲ့ပါဘူး။နောက်မှ ဖြတ်သန်းရတဲ့ တော်လှန်ရေးဘ၀ အတွေ့အကြုံတွေအရ တော်လှန်ရေးလမ်းကြောင်းပေါ်မှာရပ်တည်ရှိနေနိုင်ဖို့ဟာ အတော်မလွယ်ပါလားလို့ အသေအချာ သိလိုက်ရတယ်။ တကယ့်ကို ပါးပါးကလေးနဲ့ သိပ်ခက်တယ် ဆိုတာကို သိလိုက်ရတယ်။ဒီမှာတင် ရှေးက တော်လှန်ရေးသမားကြီး တဦးရဲ့ `လူဟာ ကိုယ့်အတ္တကို ကိုယ် တိုက်ပွဲဝင်ရတာအခက်ဆုံးပဲ´ ဆိုတာကို နားလည် သဘောပေါက်သွားတော့တယ်။
          ဗမာပြည်ရဲ့လက်တွေ့နိုင်ငံရေးကို ထားဘိဦး၊ လူတယောက်ရဲ့ လက်တွေ့ နိုင်ငံရေးဘ၀မှာတင် အတော့်ကိုအစမ်းသပ်ခံခဲ့ကြရပါတယ်။ ဒီတော့ ကိုယ့်မှာ အတွေးအခေါ် ရှုပ်ထွေးနေမယ် ဆိုရင် အလုပ်က ဘယ်မှာမှန်မှန်ကန်ကန် လုပ်နိုင် တော့မလဲ။ အတွေးအခေါ်ကို ရှုပ်အောင်လုပ်တာ ပြင်ပ ပယောဂ မဟုတ်ပါဘူး။ကိုယ့်အတ္တ၊ ကိုယ့်ဆန္ဒစွဲတွေသာ ဖြစ်တယ်ဆိုတာကိုလည်း လက်တွေ့ ဘ၀က သင်ကြားပေးခဲ့တယ်။ သင်ကြားပေးနေဦးမှာလည်းဖြစ်ပါတယ်။
ပုဂ္ဂလ အကျိုးစီးပွား
          လူသားဆိုတာနေ့စဉ်နဲ့အမျှ ဘ၀ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လှုပ်ရှားရုန်းကန်နေရတာ ဖြစ်တယ်။အစားအစာ လိုမယ်။ အ၀တ်လိုမယ်။ နေစရာလိုမယ်။ မျိုးဆက်တာဝန်ထမ်း ဆောင်ဖို့လိုမယ်။ စသည်ဖြင့်ပေါ့။ဖေါ်ပြပါ လိုအပ်ချက်တွေအတွက် ပြုမူဆောင်ရွက်ရာကနေ တရားမှု၊ မတရားမှု၊ ဖေါက်ပြန်မှု၊ သစ္စာမြဲမှုတွေက လူရဲ့ တန်ဖိုးကို သတ်မှတ်ပုံဖေါ်နေတယ်လို့ ခံယူပါတယ်။ သာမန် လူသားတဦးထက် ကိုယ့်ကိုယ်ကိုယ်အများအကျိုးအတွက်လုပ်မယ်ဆိုပြီး တော်လှန်ရေး၊ နိုင်ငံရေးသမား ဘ၀ကို ခံယူလာခဲ့ရင် နေ့စဉ်အခက်အခဲတွေကအသက်နဲ့ရင်းရတဲ့ ဒုက္ခအထွေထွေကို ကျော်ဖြတ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
          အဲဒီမှာကိုယ့်အတ္တနဲ့ ကိုယ့်ယုံကြည်ခံယူချက်နဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။ စေ့စပ်ညှိ နှိုင်းလို့မရပါဘူး။ အပြင်းအထန် တိုက်ပွဲဝင်ရပါတယ်။ ဒီမှာတင် ကိုယ့်ကိုယ်ကိုယ် လိမ်ဖို့ လမ်းစဟာအညှောင့်ထောင်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ပြီးရင် သူတပါးကို လိမ်ဖို့အတွက် လိပ်ပြာရှက်မနေတော့ပါဘူး။ဒါပေသိ လူတွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းတွေက လိမ်ထားလို့မှ မရတာ။ အဲဒီမှာတင် သွက်သွက်ခါအောင်ရူးသွပ်မှားယွင်းဖို့အတွက် ၀န်မလေးတတ်တော့ပါဘူး။ ဆိုတော့ အကြင်သူဟာ တော်လှန်ရေး၊ နိုင်ငံရေးသမားလို့တံဆိပ်တွေ ဘယ်လောက် တပ်ထား တပ်ထား တော်လှန်ရေး လမ်းကြောင်းပေါ်က လူလိမ်တဦး အဖြစ်နဲ့သာဘ၀ကို နိဂုံးချုပ်ရ တော့ မှာ ဖြစ်ပါတယ်။
ရန် – ငါ စည်း
          ဗိုလ်အောင်ဆန်းဟာနယ်ချဲ့အင်္ဂလိပ်ကို တိုက်ဖို့အတွက် ဖက်ဆစ် ဂျပန်နဲ့ ပေါင်းခဲ့ရပါတယ်။ ဖက်ဆစ်ဂျပန်က `ကျားထက်ဆိုးတဲ့ရှင်ကြီးကျား´ ဖြစ်နေလေတော့ ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ခဲ့ရပါတယ်။ တဖန် နယ်ချဲ့အင်္ဂလိပ်နဲ့ဖက်ဆစ်ဂျပန်ကို တိုက်ခဲ့အပြီးမှာ နယ်ချဲ့ထံမှာ လွတ်လပ်ရေးကို တောင်းယူခဲ့ရပါသေးတယ်။ထိုစဉ်က ဖက်ဆစ်တော်လှန်ရေး အပြီး လူထုဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားတိုက်ပွဲဝင်မှုတွေရော၊လိုအပ်လာရင် အကြမ်းဖက်ရတဲ့ လက်နက်ကိုင် တော်လှန်ရေး အတွက်ပါ အဆင်သင့်ဖြစ်နေပြီမို့ကိုရွှေနယ်ချဲ့က လွပ်လပ်ရေး ပေးခဲ့ရပါတယ်။ ဒီမှာ ဗိုလ်အောင်ဆန်းဦးဆောင်တဲ့  တော်လှန်ရေး၊ နိုင်ငံရေး သမားကြီးတွေနဲ့ ကိုယ်ရွှေနယ်ချဲ့ရဲ့ ခေါင်းဆောင်တွေ ဗမာပြည် လွပ်လပ်ရေး အတွက် ဒိုင်ယာလော့တွေ လုပ်ခဲ့ကြရပါ တယ်။
          ဗမာပြည်လွတ်လပ်ရေးအတွက် ထိုစဉ်က ရန်သူစစ်စစ်ဟာ နယ်ချဲ့ စနစ်နဲ့၊ ဖက်ဆစ်စနစ်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဖက်ဆစ်ကို လက်နက်ကိုင်တိုက်ခဲ့သလို နယ်ချဲ့ကို ကိုယ့်အိမ် ကိုယ်ပြန်ဖို့ လူထုတိုက်ပွဲတွေနဲ့တောင်းဆိုတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ လိုအပ်ရင်လည်း လက်နက်ကိုင် တော်လှန်ဖို့က အသင့်ဖြစ်နေပါတယ်။
          ဒီမှာ ရန်- ငါ စည်းပြဿနာနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ရာမှာ ဗမာပြည် လွတ်လပ်ရေး အတွက် ရန်သူဟာဖက်ဆစ်နဲ့နယ်ချဲ့ စနစ်တွေသာ ဖြစ်ပါတယ်။ ဂျပန်လူမျိုးနဲ့ အင်္ဂလိပ်လူမျိုးကို မုန်းတီးရေးမဟုတ်ပါ။ ဒါကို ဂျာနယ်ကျော် မမလေးက လွတ်လပ်ရေးရပြီးနောက်ပိုင်း `သွေး´ ၀တ္ထုနဲ့ သူ့သဘောထားကိုတင်ပြခဲ့ပါတယ်။ လွပ်လပ်ရေး လှုပ်ရှားမှုကာလ မှာလည်း နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ဖို့အတွက်အင်္ဂလိပ်စာကို မပစ်ပယ်ခဲ့ပါဘူး။ ဗမာစာကို တန်ဖိုးထားပြီး ရန်သူရဲ့ စကားကို တတ်အောင်၊ကျွမ်းအောင် သင်ခဲ့ကြပါတယ်။
          ၂၃ နှစ်တာတော်လှန်ရေးနဲ့ နိုင်ငံရေး ဘ၀ဖြတ်သန်းမှုရဲ့ သင်ကြားချက်အရ စစ်အာဏာရှင် စနစ်ကို တိုက်ရာမှာ`ရန်သူ့လူ ကိုယ့်ဘက်ပါရေး´ က စည်းရုံးရေးရဲ့ သေနင်္ဂဗျူဟာပါ။ ဘယ်လိုပါရေးလဲ။ ဒီမိုကရေစီအကျိုးစီးပွားဘက်ကို ပါဝင် ရပ်တည်လာရေးပါ။ ကျနော်တို့ တိုက်နေတာ စစ်အာဏာရှင်စနစ်ကိုတိုက်နေတာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်နဲ့ သူ့ အကျိုးစီးပွားကို အကာအကွယ်ပေးနေတဲ့၊ရှင်သန်တည်မြဲအောင် လုပ်ပေးနေမယ့် `၂၀၀၈ – ခုနှစ် အခြေခံ ဥပဒေ´ ကို တိုက်ဖျက်ပစ်ရေးပါပဲ။
၂၀၀၈ – အခြေခံ ဥပဒေရဲ့ လောင်းရိပ် အောက်မှာ ဒီမိုကရေစီ သစ်ပင်မရှင်သန်နိုင်ပါ။
ထိုသို့ တိုက်ဖျက်ရာမှာ လိုအပ်လို့ လက်နက်ကိုင် တိုက်နေရတဲ့လမ်းကြောင်းရှိနေမှာဖြစ်သလို လူထုတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ကိုယ်စား ပြုသူများနဲ့လည်း ဒိုင်ယာလော့ရ၊တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေရမှာပါပဲ။ မှန်သလား၊ မှား သလား ဆိုတာက ဒီမိုကရေစီ လူထုအကျိုးစီးပွားဘက်ကရပ်တည်ချက် ခိုင်မခိုင်အပေါ်မှာ တည်မှီ တယ်လို့ ယုံကြည်ပါတယ်။
          အကျဉ်းကျနေတဲ့၈၈၈၈ အရေးတော်ပုံကြီးရဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာမီဒီယာ တချို့ရဲ့ ပွဲဆူအောင် ရန်တိုက် ခလောက်ဆန်ပေးခဲ့တာကို မီဒီယာ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ကိုမင်းကိုနိုင်ရဲ့ ဒေါ်စုအပေါ်သဘောထားနဲ့ လက်တွေ့နိုင်ငံရေးအပေါ် သူ့ရပ်တည်ချက်ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့အမဖြစ်သူတွေရဲ့ အခိုင်အမာ ပြောစကားတွေအရ သိလိုက်ရပါတယ်။
” ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဒိုင်ယာလော့ဂ် လုပ်နေတာကိုသူထောက်ခံတယ်။ ဆွေးနွေးပွဲကနေ ရရှိလာမယ့် ရလဒ်တွေအပေါ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်တဲ့အတိုင်းလက်ခံမယ်။ အချိန်အတိုင်းအတာ သတ်မှတ်မှု ( Time Frame) ရှိသင့်တယ်။ NLD တရားဝင်မှတ်ပုံတင်ပြီး၊ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သတင်းတွေအပေါ် ကာယကံရှင်တွေက ဘာမျှ ပြောဆိုတာ မရှိသေးတဲ့အတွက်သူ့အနေနဲ့ ဘာမျှ မှတ်ချက် ပေးစရာ မရှိကြောင်း”
 ပြောဆိုသွားတယ်လို့ဘီဘီစီ၊ အာအက်ဖ်အေ မီဒီယာတွေမှာ ဖတ်လိုက်ရ ပါတယ်။
          နိုင်ငံရေး၊တော်လှန်ရေး လုပ်ရာမှာ ရန် – ငါ စည်း ပြတ်ဖို့ဟာ သိပ်ကို အရေးကြီးတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ရန်သူနဲ့ စကားပြောရတဲ့အခါ ကိုယ့်ရဲ့ သေနင်္ဂဗျူဟာ ရပ်တည်ချက် အပေါ်မှာ သွေဖည်မသွားဖို့ကသိပ်ကို ခက်ခဲပြီး သိပ်ကို သတ္တိရှိဖို့လိုပါမယ်။ ရန်သူရဲ့ လှည့်စားမှုတွေကို ပါးပါးနပ်နပ်ချေဖျက်နိုင်ရပါမယ်။ ဆန္ဒစွဲတွေ၊ ကိုယ်ကျိုးစီးပွားသမားတွေ၊ လူလိမ်တွေရဲ့ သူရူး တောချောက်ဝေဖန်ရေးတွေကိုလည်း ကြံ့ကြံ့ခိုင် ခံနိုင်ရည်ရှိဖို့ လိုပါမယ်။
သမိုင်းရှိသူ၊ သမိုင်း သိသူ၊ အစဉ်အလာကြီးမားတဲ့၊ ယနေ့အထိရပ်တည်ချက် ခိုင်မာတဲ့ နိုင်ငံရေး၊ တော်လှန်ရေး သမားကြီးတွေရဲ့ မှန်ကန်တဲ့ ၀ိုင်းရံမှုနဲ့အကြံပြုမှုများကို တလေးတစား နားထောင်တတ်ဖို့ လိုပါမယ်။ အထူးသဖြင့် လူထုအသံ၊ လူထုရင်ခုန်သံကိုနားထောင်တတ် ရပါမယ်။ ဒါတွေဟာ ကျနော်တို့ ဖြတ်သန်း ရင်ဆိုင် တွေ့ကြုံနေရတဲ့ ဗမာပြည်ရဲ့လက်တွေ့ နိုင်ငံရေး ယဉ်ကျေးမှုဖြစ်တယ်လို့  ယုံကြည်တယ်။    ။
          (၁၆၊ ၁၀၊၂၀၁၀)
         
         
         
           
         
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts