>Kyaw Thu – FFSS Yangon Activity,


>

ထူးခြားသောမွေးနေ့ နှင့် ထူးခြားသောဖြစ်ရပ်
ကျော်သူ
အောက်တိုဘာ ၁၉၊ ၂၀၁၁





၁၈.၁၀.၂၀၁၁ အင်္ဂါနေ့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော (၈၈) ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ မွေးနေ့ဖြစ်သည်။ မွေးနေ့ပွဲကျင်းပရာသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အလုပ်တာဝန်များပိနေ၍ မသွားဖြစ်ခဲ့သော်လည်း မွေးနေ့လက်ဆောင် အမှတ်တရ Birthday Card တစ်ခုကို ပေးပို့ခဲ့သည်။ ထိုမွေးနေ့လက်ဆောင်ကဒ်ပြားတွင် ကဗျာစာပိုဒ်လေးတစ်ခု ကျွန်တော် မှတ်မှတ်ရရ ရင်တွင်းစကား ရေးသားပေးလိုက်သည်။

“မင်းကိုနိုင် (၄၉)”
တကယ်တော့ … ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ … ပေါက်ကွဲမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။

တကယ်တော့ … ရဲရင့်မှုဟာ
ကမ္ဘာမြေကြီးကို သွေးချောင်းစီးစေနိုင်သလို
မဟာပထ၀ီမြေကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ … မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားခဲ့သလို
ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။

ကျော်သူ

ယင်းမွေးနေ့ အမှတ်တရကဒ်ပြားကို ပေးပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို တိုးချဲ့ဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီး နံနက် (၁၀း ၀၀) နာရီအချိန်တွင် ဆိုက်ရောက်လာသည်။ သံဃာတော် နှစ်ပါး မော်တော်ယာဉ်ပေါ်မှ ဆင်းလာပြီးသည့်နောက် “ဒကာ ကျော်သူနှင့် တွေ့စရာရှိတယ်။ ပစ္စည်းပေးပြီး ချက်ချင်းပြန်ကြွမယ်။” ဟု မိန့်ကြားခဲ့၍ ကျွန်တော်သွားရောက် ဖူးတွေ့လိုက်သည်။ သံဃာတော်တစ်ပါးသည် သူသည် သီရိလင်္ကာမှ ကြွရောက်လာသော Ven.Pannarwdha (အရှင်ပညာဝုဓ) ဖြစ်ကြောင်း … ယခု ဒကာကျော်သူကို သီရိ လင်္ကာမှ ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူနှင့် သစ်ကနက်သားစစ်စစ်ဖြစ် ထုလုပ်ပူဇော်ထားသော မြတ်ဗုဒ္ဓ ဆင်းတုတစ်ဆူကို လာရောက်အပ်နှံကြောင်းကို ပြောကြားပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ပြန်လည်ကြွမြန်း သွားတော့သည်။

ဗုဒ္ဓမြတ်စွယ်တော်တို့နှင့် ကျွန်တော်သည် မည်သည့်အကြောင်းဆက်များကြောင့်မှန်းတော့မသိ။ ပြည်မြို့၊ ရွှေပေါက်ပင်ဆရာတော်ကြီး၏ ကျောင်းဝန်းတွင် အပူဇော်ခံထားသော သီရိလင်္ကာမှ ဗုဒ္ဓမြတ်စွယ် တော်ပွား၊ တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ပွား၊ နဂါးပြည်မှ ဗုဒ္ဓမြတ်စွယ် တော်ပွား သုံးဆူစလုံးကို ကျွန်တော် အနီးကပ်ဖူးမြော်ခွင့်ရခဲ့သည်။ ယခုလည်း သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားသည် ကျွန်တော့် ထံသို့ ထူးခြားစွာရောက်ရှိလာခဲ့ပြန်သည်။

ညီငယ် မင်းကိုနိုင်ရဲ့ ထူးခြားသောမွေးနေ့ (ကမ္ဘာမြေပြင်ကို ရောက်ရှိလာသောနေ့) မှာ ဗုဒ္ဓမြတ် စွယ်တော်သည်လည်း ထူးခြားစွာ ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့ခြင်းသည် မင်္ဂလာရှိသော ထူးခြားမှုတစ်ရပ် ဖြစ်ပေါ်ပေဦးမည်ဟူသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts