>Remembrance 2

>

တမ်းတမ်းတတ အလွမ်းများ(၂)
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၁၁

(ဒီတပတ်မှာ- ဧရာဝတီကယ်တင်ရေးနဲ့ ဆက်စပ်လို့၊ လူထုဘ၀ထဲ၊ စာပေအနုပညာထဲက မြစ်တွေနဲ့၊ ပြည်ပက ဧရာဝတီကဗျာ ပါဖောမင့်ပွဲလေးတပွဲအကြောင်း တင်ပြထားပါတယ်)


အားလုံးမင်္ဂလာပါ။
အရင်တပတ်က ပြည်သူအများ စိုးရိမ်ပူပန်ပွားနေတဲ့ ဧရာဝတီမြစ်ကြီးရယ်လို့ စကား ပလ္လင်ခံပြီး၊ တိမ်ကော ပျောက်ကွယ်သွားတဲ့ မြစ်တမြစ်အကြောင်း၊ ကဗျာဆရာ ငခါး(ကွမ်းခြံကုန်း) ရေးဖွဲ့ ခဲ့ဖူးတယ် ဆိုတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အခု ဒီအကြောင်း ဆက်ပြောပါမယ်။

ကဗျာဆရာ ငခါး(ကွမ်းခြံကုန်း)က တိုးမြစ်ဝှမ်းသားတယောက်ပါ။ တခါတုန်းက သူက သူ့ ဒေသက မြစ်ကြီးတစင်း တိမ်ကောပျက်စီးပြီး သေဆုံး ပျောက်ကွယ်သွားခဲ့တဲ့ အကြောင်း မိုးဝေမဂ္ဂဇင်းမှာ ကဗျာရှည်ကြီးတပုဒ် ရေးခဲ့ပါတယ်။ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ၀ါးလောက်သောက် စတဲ့ ဒေသတကြောက လွမ်းမောကြေကွဲဖွယ် ပထ၀ီဝင်ပုံပြင်တပုဒ် လို့ တောင် ဆိုနိုင်ကောင်းပါရဲ့။

ဒီဒေသတွေဟာ ဆရာကြီးမင်းသုဝဏ် ချက်မြှုပ်ရာ ဘူမိနက်သန်နေရာပါ။ ဒီမြစ်ကြီးဟာ မသေဆုံးခင်တုန်းကတော့၊ အခု နှစ်ရှည်ထောင်ဒဏ် ကျခံနေရပြီး ပြန်လွှတ်လာတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးတို့ ရွာတွေကိုလည်း ပွေ့ ဖက် စီးဆင်းခဲ့မယ်ထင်ပါရဲ့။ အခုတော့ ဒီမြစ်ကြီး မရှိတော့ဘူးလို့ ကဗျာဆရာက အသိပေးလိုက်တဲ့အခါ ကျနော်တို့ အံ့သြ တုန်လှုပ်ခဲ့ကြရတာပါ။ မြစ်ဆိုတာ ဂရုတစိုက် မစောင့်ရှောက်ရင် သေဆုံးတတ်ပါလား။ ကဗျာတပုဒ်က ရင်ဘတ်တွေကို ပုတ်နှိုးခဲ့တာပါပဲ။

ကျနော်တို့မြစ်တွေကိုချစ်တယ်။ မြစ်တွေနဲ့ လူတွေ ရင်းနှီးကြတယ်။ မြစ်တွေ အကြောင်းလူတွေ စာဖွဲ့ ကြတယ်။ ကျနော်တို့ဆီက ဆရာမောင်ထင်ရဲ့“ကိုဒေါင်း” ၀တ္ထုတိုတွေထဲမှာ အဓိက ဇာတ်လိုက်က လပွတ္တာဘက်က ရွေးမြစ်ကြီး ဖြစ်လို့ နေပါတယ်။

အမေရိကန်စာရေးဆရာကြီး မတ်တွိန်းဟာ အမေရိကရဲ့ မဟာနဒီမြစ်ကြီး မစ္စစ္စပီရဲ့ အကြောင်းကို Life On Mississippi ဆိုပြီး တခမ်းတနား ရေးခဲ့ဖူးတယ်။ (ဆရာမောင်ထွန်းသူက “မြစ်ကြီးမစ္စစ္စပီ” ဆိုပြီး ဘာသာပြန်ခဲ့ပါတယ်)

ကမ္ဘာကျော် “ဂန္ဒီ” ရုပ်ရှင်ဇာတ်ကားထဲက၊ မဟတ္တမဂန္ဒီဂျီးရဲ့ အရိုးပြာအိုးကို ဂင်္ဂါမြစ်ထဲ မျှောလိုက်တဲ့ ဇာတ်သိမ်းခန်းကိုကြည့်ရင်း ကျနော်တို့မျက်ရည်တွေ ဂင်္ဂါမြစ်ထဲ စီးကျခဲ့ရတယ်။ ဗုဒ္ဒစာပေပညာရှင်ကြီး ရာဟုလာသံကိစ္စည်းရဲ့ ကမ္ဘာကျော်စာအုပ်နာမည်က “ဗော်လဂါမှဂင်္ဂါသို့” တဲ့။ ရုရှားစာရေးဆရာ မစ်ခေးရှိုလိုကော့ဖ်ရဲ့ ၀တ္ထုအမည်က“တသိမ့်သိမ့်ဒွန်” တဲ့။ ဆရာ ဒဂုန်တာရာရဲ့ ခရီးသွားစာအုပ်က“ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ” တဲ့။ လူတွေက မြစ်တွေကိုချစ်ခဲ့ကြတယ်။

အခုတော့ မြစ်ကို မချစ်တတ်တဲ့လူတွေကြောင့် ကျနော်တို့ လွမ်းနေရပြီ။ ကျနော်တို့ ဧရာဝတီကို လွမ်းနေရပြီ။ ကျနော်တို့ကမြစ်တွေကို အလှကြည့်နေချင်တာပါ။ အခုလို ဧရာဝတီမြစ်ကြီး အလှပျက်တော့မှာကို ကျနော်တို့ မကြည့်ရက်ကြပါဘူး။

ဧရာဝတီအရေး လွှတ်တော်မှာ ဆွေးနွေးမယ် ဆိုတာလည်း ဘ၀င်မကျစရာပါ။ ဧရာဝတီရဲ့ သေရေးရှင်ရေးဟာ လွှတ်တော်တရပ်၊ အစိုးရတဖွဲ့ ၊ အတိုက်အခံတစုနဲ့ ကွက်ကွက်ကလေးသာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဧရာဝတီရဲ့ သေရေးရှင်ရေးဟာ တိုင်းပြည်တခုလုံး၊ ပြည်သူတရပ်လုံး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ အားလုံးနဲ့ သက်ဆိုင်နေတဲ့ကိစ္စပါ။ အမျိုးသားရေးကိစ္စပါ။

ကျနော်တို့ဒီစကားတွေ ပြောနေကြတဲ့အချိန်မှာပဲ မြစ်ကြီးဧရာဝတီခမျာ ငါတကော ကောတဲ့ လူတွေရဲ့ လက်ချက်နဲ့ နာကျင်ခံခက် အသည်း ဟက်တက်ကွဲနေရပါပြီ။ ကျနော်တို့ စကားတွေပြောနေမယ့်အစား၊ ဆရာဇော်ဂျီရဲ့“တို့တိုင်းပြည်” ကဗျာထဲကလို “သူကအစ၊ ငါကအဆုံး၊ လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်” နဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့၊ အခုကပဲစပြီး သတ္တိရှိရှိ စွမ်းဆောင်နိုင်ကြရင် မကောင်းဘူးလား။

အခုတော့ ကျနော်တို့ လွမ်းနေရပါပြီ။ တွေးကြည့်တော့၊ တွေးမိတိုင်း အရိုးနာပါတယ်။ လွင်မိုး အကယ်ဒမီရတဲ့ “တခါကဧရာဝတီညများ” ဆိုတဲ့ ရုပ်ရှင်ထဲက ဧရာဝတီမြစ်ကြီးရဲ့ အလှတွေကိုသော်မှ၊ ကျနော်တို့ ပြန်တမ်းတလို့ မရနိုင်တော့တဲ့အခြေ ဆိုက်နေပါပေါ့ လား။

အခုအချိန်ဟာ ဘေးကျပ်နံကျပ်အချိန်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာက ငယ်ထိပ်မြွေပေါက်ပြဿနာလို့ ဆိုရင်၊ ဧရာဝတီပြဿနာက ဦးခေါင်းဆင်နင်းပြဿနာလို့ ဆိုရမှာပါ။


ဒီပြဿနာ နှစ်ရပ်စလုံးဟာ နိုင်ငံရေးအကျပ်အတည်း တခုတည်းအောက်မှာ ရောက်ရှိနေပါတယ်။ ဒီပြဿနာနှစ်ရပ်စလုံး ပြေလည်သွားဖို့၊ နိုင်ငံရေး အပြောင်းအလဲတခုတော့ မလွဲမသွေ လိုအပ်နေပါပြီ။
ပြည်တွင်းမှာ “ဧရာဝတီကို ကယ်တင်ကြ” ဆိုတဲ့ဟောပြောပွဲတွေ၊ အနုပညာပြပွဲတွေ၊ အခမ်းအနားတွေ ဆက်တိုက် ဆိုသလို ကျင်းပလာတာ၊ ကျနော်တို့အဝေးကလူတွေလည်း ကြားနေရပါတယ်။ ကျနော်တို့လည်း ဒီမှာ၊ ပြည်ပမှာ တတ်နိုင်သမျှတော့ ဧရာဝတီကယ်တင်ရေး လုပ်နေကြတာပါ။ မကြာသေးခင်က၊ အင်္ဂလန်နိုင်ငံမှာနေတဲ့ တောပြန်၊ ထောင်ထွက် ပန်းချီဆရာ ကိုထိန်လင်း၊ အမေရိကကို ခေတ္တရောက်ရှိလာပါတယ်။ သူရောက်တုန်းရောက်ခိုက်၊ အင်ဒီယားနားပြည်နယ်။ ဖို့တ်ဝိန်းမြို့ က အဆိုတော်ကြီး ဒေါ်မာမာအေး ခြံထဲမှာ၊ ကဗျာပါဖောမင့်ပွဲလေးတပွဲ လုပ်ကြပါတယ်။ ပြည်တွင်းကလာတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ အနေနဲ့ကျနော်တို့၊ သစ်ကောင်းအိမ်တို့၊ ဆရာမ ခက်မာတို့ ပါပါတယ်။ ကျောင်းသားတပ်မတော်ကလာတဲ့ ဘလော့ဂါကဗျာဆရာ ဆောင်းယွန်းလတို့ ပါပါတယ်။

ဒီပွဲလေးမှာ ကျနော်ရေးတဲ့ “ဧရာဝတီရေဆန်” ကဗျာရှည်ကို အုပ်စုလိုက် ရွတ်ဆိုတာ ပါပါတယ်။ ပန်းချီထိန်လင်းက “မိခင်ဧရာဝတီ လွတ်လပ်စွာ စီးဆင်းနိုင်ပါစေ” ဆိုတဲ့ ပါဖောမင့်တခု လုပ်ပါတယ်။ ကျနော်တို့ အိမ်လွမ်းစိတ်က စွမ်းနိုင်သလောက် လုပ်ခဲ့ကြတာပါပဲ။

နောက်တပတ်မှာ ဧရာဝတီကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတဲ့အတွေ့ အကြုံတချို့ ကို ပြောကြည့်ပါဦးမယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
စက်တင်ဘာ ၂၄-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts