>Zar War Yi – With Hoping

>

မျှော်လင့်ချက်များစွာနဲ့
ဇာဝါရီ
အောက်တိုဘာ ၁၄၊ ၂၀၁၁



နံနက်မိုးသောက် အာရုဏ်ဦးထဲက ရေဒီယိုသတင်း၊ အင်တာနက်သတင်း၊ သတင်းထုတ်ပြန်ချက်တွေကို နားထောင်၊ ဖတ်ကြည့်နေပေမယ့် ညနေပိုင်းရောက်ချိန်အထိ သူ့အမည်က လွတ်လာတဲ့စာရင်းထဲမှာမပါ။ နောက်ဆုံး လုပ်မြဲလုပ်နေကြ သတင်းအစအန ထွက်ချိန်ကတည်းက သားပြန်အလာကို တမျှော်မျှော်၊ ဆုတောင်း၊ မျှော်လင့်တကြီးနဲ့ စောင့်စားနေတဲ့ အမေကို ဖုန်းခေါ်မေးကြည့်ဖြစ်တယ်။

“ဘာသတင်းထူးလဲ။”

“ဒီအသုတ်ထဲမှတော့ သားလေး မပါသေးပါဘူးကွယ်။” အမေအိုရဲ့အသံက ကြေကွဲမှုများစွာနဲ့။ “အမေကတော့ နောက်လွှတ်မယ့် အသုတ်တွေထဲမှာ ပါလာပါစေလို့ ဆုတောင်းနေတယ်။”

ချက်ချင်း ဘယ်လိုဖြေသိမ့်ပြောဆိုရမှန်းမသိပေမယ့် ဘာမှ စိတ်မပျက် အားမငယ်ဖို့။ အမေလိုပဲ ထောင်ပေါင်းများစွာသော မိခင်တွေ ဆုတောင်းနေကြပါတယ်။ အမေ့သားလို နိုင်ငံရေးအကျဉ်းသားတွေ၊ မတရား ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ အပြစ်မဲ့အကျဉ်းသားတွေ ထောင်ပေါင်းများစွာ ကျန်နေသေးတယ်။ ရှစ်လေးလုံး အရေးတော်ပုံရဲ့အထင်ကရ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ရွှေဝါရောင်သံဃာလှုပ်ရှားမှု ခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦး စတဲ့ ထိပ်တန်းခေါင်းဆောင်တွေလည်း ကျန်ရှိနေသေးတယ်။ အခု လွတ်လာတဲ့အထဲမှာ နိုင်ငံသိ၊ ကမ္ဘာသိဆိုလို့ ကိုဇာဂနာ တယောက်ပဲ ပါသေးတယ်။ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကလည်း မလွတ်သေးတဲ့ ခေါင်းဆောင်တွေနဲ့ အညတရ နိုင်ငံရေးအရေးတော်ပုံသမားများ လွတ်မြောက်ရေးကို ချက်ချင်း ရဲရဲဝံ့ဝံ့ တောင်းဆိုနေကြတယ် မဟုတ်လား။ အမေသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်၊ လုပ်နေကြ ပြုနေကြ ဘုရားတရား အလုပ်တွေလုပ်ပြီး အမေချစ်တဲ့ သားငယ် လွတ်မြောက်လာမယ့်ရက်ကို အပြုံး၊ ဂုဏ်ယူမှုများနဲ့ စောင့်ကြိုနေပါလို့ အားပေးစကား ပြောဆိုပြီး ဖုန်းချလိုက်တယ်။

အမေရဲ့သားထွေးလေးကို လွန်ခဲ့တဲ့ (၃) နှစ်ကျော်က စစ်ထောက်လှမ်းရေးများနဲ့ ရပ်ကွက်အာဏာပိုင်တွေက အမေ့အိမ်ကနေ ခေါ်ဆောင် သွားပြီး စစ်အစိုးရ မတရာရုံးက နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမှု (ပုဒ်မ ၅ဝ၅ – ခ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု (ပုဒ်မ ၁၇/၂)၊ အီလက်ထရောနစ် ဥပဒေ (ပုဒ်မ ၃၃(က)/၃၈) စတဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မပုဒ်ထီးများနဲ့ ရှေ့ နေလျှောက်လွှဲချက်မပေး ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်တယ်။ အမေအိုရဲ့အသနားခံမှု၊ တောင်းပန်မှု၊ ရှင်းလင်းချက်တွေကို ရုပ်သေတရားသူကြီး ဂရုမစိုက်၊ နားမထောင်။

တရားမဲ့နိုင်ငံတော်ကြီးရဲ့ဆုံးဖြတ်ချက်နဲ့ အပြစ်ပေးခံရတဲ့သားငယ်ကို အမေ့မျက်စိအောက် လက်ထိပ်ခတ်ခေါ်ဆောင်သွားတာကို မျက်ရည်များ ပြည့်လျှံနေတဲ့ မျက်ဝန်းစုံနဲ့ ကြည့်ရင်း သားတယောက် အမေ့အပါးမှာ ကွယ်ပျောက်သွားခဲ့တာကို ပြောပြသလို၊ လွန်ခဲ့တဲ့ (၃) နှစ်ကျော်ကာလအတွင်း တလတကြိမ် ထောင်ဝင်စား သွားတွေ့ပြီး ပြန်အလာ သားငယ်လေး နည်းနည်းပိန်သွားတယ်၊ ချောင်းတွေဆိုး နေတယ်၊ ယားနားတွေပေါက်နေတယ်။ ဒါပေမဲ့ စိတ်ဓါတ်ကတော့ လူပိန်သလောက် မာလိုက်တာ၊ အမေကို အမြဲအားပေးစကား ပြောရှာတယ်လို့ အမေနဲ့ ဖုန်းပြောတိုင်း တဖွဖွနဲ့ သူ့သားငယ်အခြေအနေကို ပြောပြတယ်။

အမေ့မှာ သား (၇) ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ အထွေးဆုံး၊ အမေ့ရဲ့အသဲလေး။ အမြဲတမ်း အမေ့ သားလေး ငယ်သေးတယ်။ အထွေးဆုံးလေး ဘာမှ မလုပ်ခိုင်းဘူး၊ လုပ်နိုင်မှာ မဟုတ်ဘူး။ အသက် (၃၀) ကျော်လာပေမယ့် အမေ့စိတ်ထဲ နှလုံးသားထဲမှာ ပူတူတူလေး သားငယ်လေး အမေ့ မျက်စိအောက်က အပျောက်မခံ။

ဒါပေမဲ့ အမေ မသိတာက သားငယ်တယောက် သူကြီးပြင်းခဲ့လာရတဲ့ ဖိနှိပ်ခံ လူ့ဘောင်အသိုင်းအဝိုင်းအောက်က လွတ်မြောက်ချင်၊ မတရားမှုတွေနဲ့ အုပ်ချုပ်နေတဲ့ အစိုးရရဲ့လုပ်ဆောင်မှုတွေကို အံတုဖို့ ယုံကြည်ချက်တူ၊ ခံစားချက်တူ လူငယ်များစုပြီး နောင်တော် ၈၈ မျိုးဆက်များ ရေးထိုးသွားတဲ့ မပြီးသေးတဲ့ တော်လှန်သမိုင်းကိုဆက်ဖို့ သူတို့နည်းသူတို့ဟန်နဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ ဖွဲ့စည်းပြီး နှစ်ပေါင်းများစွာ မတရားလုပ်ရပ် ကျူးလွန်မှုတွေကို စတင်ဆန့်ကျင် ဖော်ထုတ်ကြတော့တယ်။ အမေအမြင်မှာတော့ သားငယ်လေး အရင်လိုမဟုတ် သူငယ်ချင်းတွေစုပြီး စာဖတ်အသင်းဖွဲ့၊ ပိုတည်ငြိမ်လာတယ်၊ တယောက်တည်း လေးလေးနက်နက် စဉ်းစားနေတတ်တယ်။ ဘာတွေလုပ်နေသလဲလို့မေးရင် ဘာမှ မစိုးရိမ်ဖို့ သူကောင်းတာ အများကောင်းကျိုးအတွက် ကြိုးစားလုပ်နေတာပါလို့ ပြောနေရင် တနေ့ အမေ့ချစ်သားငယ်ကို အာဏာရှင်လက်ပါးစေတွေက ပုဒ်မမျိုးစုံတပ်ပြီး ပြစ်ဒဏ်ခတ်တော့တယ်။

အမေကပြောတယ် … မျက်ရည်စို့ပေမယ့် မငိုပါဘူး။ ဝမ်းနည်းပေမယ့် သားငယ်ရဲ့ကောင်းကျိုးလုပ်ရပ်အတွက် ဂုဏ်ယူနေမိပါတယ်တဲ့။

မပြီးဆုံး မအောင်မြင်သေးတဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့အညတရ စစ်သည်တော် မျိုးဆက်သစ်လူငယ်အဖွဲ့ဝင်၊ အမေ့သားငယ်မှာ မောင်ဇင်မင်း အောင် ဖြစ်ပြီး၊ ပဲခူးထောင်မှာ အကျဉ်းကျခံနေရ၊ မလွတ်မြောက်လာသေးပါ။ မျက်ရည်စို့နေတဲ့ အမေကို အားပေးစကားဆိုခဲ့ပေမယ့် ကျနော်ကိုယ်တိုင် ညီငယ်နဲ့အတူ မလွတ်မြောက်လာသေးတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး နဲ့ မတရားဥပဒေပုဒ်မများနဲ့ ဖမ်းဆီး ချုပ်နှောင်းခံထားရတဲ့ အကျဉ်းသားများအတွက် အထူးစိတ်မကောင်း ဖြစ်နေမိပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ ကောက်ကျစ်စဉ်းလဲ လုပ်ရပ်လုပ်ဆောင်မှုတွေကို ရပ်တန့်၊ နိုင်ငံရေးအကျဉ်းသား (ခေါင်းဆောင်၊ အညတရ) များအားလုံး နဲ့ မတရားချုပ်နှောင်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးပြီး နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့ကို ဒီမိုကရေစီခေါင်းဆောင်များ၊ ပြည်သူပြည်သားများနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်ချိန်တန်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts