>Maung Luu Yae – Human Answer for CPI

>

CPI အတွက် လူ့မေးခွန်း
မောင်လူရေး
အောက်တိုဘာ ၉၊ ၂၀၁၁


သမတကြီးကား ပြည်သူ့စကား နားထောင်ဘိ၏။ မြစ်ဆုံနှင့်တကွ ဧရာဝတီကို အညှီကို ယင်ခဲသလို သဲသဲမဲမဲခဲကြသော ပြည်တွင်းအပုတ်နှင့် ပြည်ပအယုတ်တမာတွေကို ဆုတ်ခွါစေလေပြီ။
ပြည်သူ့အသံသည် ဥပဒေအမှန်တည်း။

ပြည်သူ့သဘောထက် တော်တည့်ဖြောင့်မတ်မှန်ကန်သော ဥပဒေဟူသည် မရှိစကောင်း။ ထိုဥပဒေကို ထိုပြည်သူနှင့် စပ်ယှက်သူမှန်သမျှ နာခံရပေမည်။သမတကြီးကတော့ လိုက်နာပေပြီ။ CPI သာကျန်ဘိတော့၏။သမတကြီးကား ပြည်သူ့စကား နားထောင်ဘိ၏။ထိုရောအခါ ပြည်သူများ ပျော်ပါးကြလေသတည်း။

သို့သော် ကချင်မပါ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ရှေ့တန်းရောက်နေ စစ်သည်တွေနှင့် မိတွေဖတွေ မယားတွေနှင့် သားတွေမပါ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ။နိုင်ငံရေးသမား မိသားစုများမပါ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ ဖြစ်နေတာတော့ မကောင်း မဟုတ် ယုတ်တုန်း ညံ့တုန်းတည်း။

တရုပ်သည် စီမံကိန်းမြစ်ဆုံကိုဗန်းပြ၍ သရမ်းကြသည်မှာ မှန်းဆ၍ပင် လွယ်မည်မထင်ပေ။သယံဇာတတွေ အမှန်ပင် ပြာကျလေပြီ။ သစ်ရောကျောက်ပါ ရွှေမြေစာနှင့်။ အသက်ရော ဂက်စ်ပါ မြစ်ဧရာနှင့်။ မြန်မာ့သယံဇာတများ လောင်မီးကျနေပြီ။

မြစ်ဆုံစီမံကိန်းဖြင့် တပြည်လုံးမတိမ်းပါးအောင် အထိမ်းအချုပ်တာဝန်ကျသူ သမတကြီး၏ တန့်ပါရပ်ပါ မိန့်တော်စာကို အားမနာလျှာမကျိုး သူခိုးကလူဟစ် ထိုလောင်မီးချသူများက တရားတဘောင်များပင် ဖြစ်ချင်သေးဟူ၏။

ယင်းတို့သည် တစာချုပ်ချုပ်လုပ်နေ၏။ ယင်းတို့စာချုပ်သည် နိုင်ငံရေးကြာကူလီနှင့် လူဂုဏ်ရည်အပေါ် ယုတ်ကန်းမှုကြီး၏ သက်သေ သာဓက သာဖြစ်၏။ လူသားသမိုင်း၏ ရိုင်းစိုင်းစုပ်ချာ ကာလနာတိုက်မှုကြီးသာဖြစ်၏။

နိုင်ငံတနိုင်ငံ၏ရေမြေသဘာဝ သယံဇာတကို ယာယီအုပ်ချုပ်ခွင့်ရထားသော မည်သည့်အစိုးရမျိုးမဆို ဘယ်တော့မှ ဘာကြောင့်မှ မပိုင်ဆိုင်ပေ။ ထိမ်းသိမ်းစောင့်ရှောက်ခွင့်သာ ရှိချေ၏။ အစိုးရဟူသည် တပါတီ့တပါတီ အာဏာရှင့်အာဏာရှင်ဆိုအုံးတော့ အချိန် တန်သေဆုံးမည်သာ။ ရေမြေသဘာဝများကား မှီတင်းနေထိုင်သူနှင့်တကွ ကမ္ဘာပျက်သည်အထိ တည်ရှိနေမည့်အရာဖြစ်ချေ၏။ ဆိုပါစို့။

ကွန်မြူနစ်ပါတီနှင့် ဟူကျင်တောင်သည် ဂရိတ်ဝေါကို မြစ်ဝါမြစ်ကို ငါအာဏကာရပါတီ၊ ငါအစိုးရ၊ ငါသမတ၊ ငါဥက္ကဋ္ဌဆိုပီး ရောင်းစား ခွင့်မရှိချေ။ ထိန်းသိမ်းစောင့်ရှောက်ခွင့်သာ ရှိချေသည်။ အကြောင်းတစုံတရာကြောင့် ကြိတ်ပုန်းခုပ်ရောင်းစားခဲ့သော် ပြည်သူများ သိရှိကန့်ကွက်လျှင် ထိုဝယ်ရောင်းစာချုပ်သည် စက္ကူစုပ်သာ။ အကြောင်းမှာ ပါတီပိုင်၊ ဟူကျင်တောင်ပိုင်ပစ္စည်းမဟုတ်သောကြောင့် တည်း။

ယခုလည်း ထိုနည်းတူပင်။ မှီတင်းနေထိုင်သူပြည်သူများပိုင်ဆိုင်သော ရေမြေသဘာဝများကို အစိုးရနှင့်ကြိတ်ပုန်းခုတ်၍ လက်သိပ်ထိုးချုပ် ထားသော အရောင်းအဝယ်စာချုပ်သည် ပစ္စည်းရှင်များ သိရှိကန့်ကွက်သောအချိန်တွင် အလိုအလျောက်ပျက်ပြယ်တော့သည်သာ။

ပိုဆိုးတာက ယခုစာချုပ်သည် သိသိကြီးနှင့် ကျူးလွန်ထားသောလူသားမျိုးနွယ်တရပ်လုံးအပေါ် သားစဉ်မြေးဆက် မဟာ့ မဟာသတ်ဖြတ် ညှင်းဆဲမှုကြီးပင် ဖြစ်နေပေသေးသည်။

လူသားသိန်းသန်းအပေါ် သဘာဝပတ်ဝန်းကျင်များပျက်စီးပြီး ဘေးဒုက္ခမျိုးစုံဆိုက်ရောက်ကြမည်ကို တစ်နှင့် တစ်ပေါင်းလျှင် နှစ်ဖြစ်မည်ကို သိသလိုသိနေသော အချက်အလက်များကို ထိန်ချန်ထားမှုကြီးသည် လူသားသမိုင်းတွင် အယုတ်ကန်းဆုံးသောပြစ်မှုကြီးသာတည်း။

ထိုအတွက် CPI ၏အဖြေကို ကြားလိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts