>Kyaw Thu – FFSS Yangon Activity

>

ကုသိုလ်ရေး တစ်သိန်းတစ်သောင်း
ကျော်သူ
အောက်တိုဘာ ၅၊ ၂၀၁၁


၅၊ ၁၀၊ ၂၀၁၁ (ဗုဒ္ဓဟူး) နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှုပေါင်း ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ပြည့်မည့် နေ့ရက်ဖြစ်သည်။ နေ့လည် (၂း ၀၀) နာရီအချိန်ခန့်တွင် အသင်းသူ/ သားများတို့သည် နာရေးအကူအညီတောင်းမှု တယ်လီဖုန်းမြည်သံအား နားစွင့်ကာစောင့်ဆိုင်းနေကြစဉ် ဖုန်းမြည်သံထွက်ပေါ်လာတော့သည်။ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ဓမ္မပါလလမ်းနေ ဒေါ်လှဆိုင် အသက် (၆၅) နှစ် သေဆုံးကြောင်း အကူအညီတောင်းခံခြင်းအား လက်ခံပြီးနောက် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ အသင်းသားဖြစ်သူ ဦးအေးကြူနှင့်အဖွဲ့သည် နာရေးရှင်နေအိမ်သို့ ရှေ့ပြေးသွားရောက်ကာ နာရေးကူညီမှု တစ်သိန်းတစ်သောင်းပြည့်အဖြစ် စည်ကားသိုက်ဝိုင်း စွာဖြင့်ကျင်းပပေးလိုကြောင်းရှင်းပြပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပြန်လည်ဆက်သွယ်ခဲ့သည်။

ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်၍ အထူးနိဗ္ဗာန်ယာဉ်ကြီး၊ ရှေ့ပြေးလမ်းရှင်းယာဉ်၊ အရေးပေါ် လူနာတင်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့မော်တော်ယာဉ်နှင့် နာရေးပို့ဆောင်သူများ လိုက်ပါရန် BM မော်တော်ယာဉ် (၅) စီးတို့ဖြင့် စည်ကားစွာ နာရေးနေအိမ်သို့ သွားရောက်ခဲ့သည်။ BM မော်တော်ယာဉ်များသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းသား ကိုစည်သူနှင့် ကိုသန်းထိုက်တို့မှ အကူအညီပေးခဲ့သည်။ နာရေးအိမ်သို့အရောက် နိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ နိုင်ငံခြားမှလာသောအခေါင်းအား အသင်းသူများမှ သယ် ဆောင်ကာ နေအိမ်အတွင်းသို့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သည်။ ထို့နောက် နေအိမ်တွင် ကျန်ရစ်သူ နာရေးရှင်မိသားစုအား အသင်းသူ/သားများ စုပေါင်းထည့်ဝင်လှူဒါန်းထားသော အလှူငွေ (၂၂၃၀၀၀) ကျပ်တိတိနှင့် ရက်လည်ဆွမ်းသွပ်ပွဲ၌ သံဃာတော်အတွက် သင်္ကန်း တို့အား လှူဒါန်း၍ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။

ထို့နောက် ကွယ်လွန်သူ ဒေါ်လှဆိုင်၏ ရုပ်အလောင်းအား အခေါင်းထဲသို့ ထည့်သွင်း၍ အသင်းသူ /သားများတို့မှ လက်ဆင့်ကမ်း၍ နိဗ္ဗာန် ယာဉ်ပေါ်သို့ ပို့ဆောင်ကာ ရေဝေးသုဿန်သို့ ၀တ်ရွတ်အဖွဲ့မှ မေတ္တာပို့သံ၊ သံဝေဂအလင်္ကာ ရွတ်ဖတ်သံတို့ဖြင့် လွှမ်းခြုံကာ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။

မကြောက်နဲ့
သေရမှာလည်း မကြောက်နဲ့ …
ခံစားနေရမှာလည်း မကြောက်နဲ့ …
မခံစားနိုင်လို့ သေရတာဖြစ်လေတော့
တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်ရမှာသာကြောက်ပါ …
အနှစ်ပါပါပြန်ရရင်တော့ မြေအိုးနဲ့ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်ပါတော့ …
ဒီတော့….
သင့်မှာ ကြောက်ဖို့ကိုကော သိပြီလား …
အနှစ်ကော ရှိပြီလား … ။ ။

(၀ဋ်ကြွေးတော်ပြေ ဆရာတော်ဘုရားကြီး၏သြ၀ါဒ)


မှတ်တမ်းဓာတ်ပုံများ


















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts