>May Kha – Article

>

ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ
မေခ
အောက်တိုဘာ ၅၊ ၂၀၁၁

(၁)

အခုအခါ ကျွန်တော်တို့နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကိုသွားဖို့ရာ လမ်းစတွေ ပေါ်ထွန်းနေပြီး ရောင်ခြည်ပျိုးပျပျလေးကို မြင်နေရပါပြီ။ နိုင်ငံတော် သမ်္မတကြီးကလည်း ပွင့်လင်းငြင်သာတဲ့ သိမ်မွေ့တဲ့ နည်းလမ်းတွေကို ပုံဖော်ပေးနေပါတယ်။ တိုင်းပြည်ဟာ အကောင်းဘက်ကိုသွားနေတယ်လို့ ယေဘူယျပြောမယ်ဆို ပြောလို့ရတဲ့အချိန်အခါပါ။ အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအခါ ဒီမိုကရေစီအစိုးရတက်လာပြီမို့ ကျွန်တော်တို့မှာလည်း ဒီမိုကရေစီအခွင့်အရေးလေး နည်းနည်းတော့ ရှိနေပြီလို့ ယူဆမိလို့ ဒီစာကိုဖွဲ့လိုက်ရတာပါပဲ။ ဒီအကြောင်းကိုပြောချင်နေတာ ဆယ်စုနှစ် သုံးလေးစုမကခဲ့ပါဘူး။ ပွင့်လင်းတဲ့ ဒီမိုကရေစီအစိုးရလက်ထက်ရောက်လာပြီမို့ ထုတ်ပြောလိုက်ပါတယ်။ ဒီမိုကရေစီမှာ တွဲပါလာတာက လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး လူနည်း စုအခွင့်အရေး၊ တရားမျှတတဲ့ အုပ်ချုပ်မှု၊ ပွင့်လင်းမှု၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေက ကျွဲကူးရေးပါပါလာပါတယ်။

ဒါနဲ့ စကားမစပ် အခုတလော ကျွန်တော်တို့ နိုင်ငံမှာ စာပေဟောပြောပွဲတွေက နယ်တကာမှာ ဇာတ်ပွဲတွေလို ခြိမ့်ခြိမ့်သဲဝှဲချီး ကျင်းပနေကြပါ တယ် ။ ဒါလည်း ကောင်းတဲ့ လဏ်္ခာပါပဲ။ ကောင်းတဲ့ အရေးပဲ။ စာဖတ်တဲ့လူများလာလေလေ တိုင်းပြည် ကောင်းလေပဲလေ။ ဆိုတော့ကာ နယ်တကာမှာ စာပေဟောပြောပွဲကျင်းပကြတဲ့အခါမယ် စာပေဟောပြောပွဲနဲ့အတူ ကပ်ပါလာတာက စာပေဟောပြောပွဲလုပ်ဖို့ရာ ပြဿ နာတွေပါပဲ။ ဒီပြဿနာတွေထဲမှာ ငွေကြေးစုဆောင်းရတာကအစ ပွဲပြီးတဲ့ထိ စာရေးဆရာတွေကိုကျွေးမွေးပြုစုရတဲ့အဆုံး ဗာရီယတွေကို စာရေးဆရာ အတော်များများကလည်း ရေးခဲ့ဖူးလှပါပြီ။ ကျွန်တော် မပြောလိုတော့ပါ။

ကျွန်တော်ပြောချင်တာက စာပေဟောပြောပွဲဖြစ်မြောက်ဖို့ရာမှာ ပထမ နယ်မြေခံမှာရှိတဲ့ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကဦးဆောင်ပြီး ရန်ပုံ ငွေရှာ ပြီး လုပ်ကြရတာပါ။ ဒီနေရာမှာ ဒီမိုကရေစီအခွင့်အရေးအရ ပွင့်ပွင့်လင်းလင်းလေးပြောပါရစေ။ စာပေစာနယ်ဇင်းအဖွဲ့က တခါတရံ ငွေကြေးရံပုံငွေ အဆင်မပြေတဲ့အခါ တခြား အကြောင်းအမျိုးမျိုးနဲ့ မကျင်းပနိုင်တဲ့အခါမှာ မြို့စာဖတ်ဝါသနာရှင် စာပေလိုက်စားတဲ့သူတွေ က သူတို့တတ်နိုင်တဲ့ငွေလေးတွေစုပြီး ပွဲဖြစ်အောင်လုပ်ဖို့ ဆောင်ရွက်တတ်ကြတာလည်း မြို့နယ်အတော်များများမှာ ရှိပါတယ်။ စာပေ စာနယ်ဇင်းအဖွဲ့က ဦးဆောင်ငွေကြေးထုတ်လုပ်နိုင်ရင် ဘယ်သူကမှဝင်ပြီး ပြဩဿနာမလုပ်ဘဲ အားလုံးက ၀မ်းသာအားရနဲ့ မုဒိတာ ပွားပြီး ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ ၀င်ပါလိုက်ကြတာပါပဲ။ လူထုအရပ်သားတွေ နယ်ခံပြည်သူတွေက ဘာမှမပြောကြဘဲ ကူတောင်ကူညီလိုက်ကြ ပါသေးတယ်။ ငွေရေးကြေးရေးကအစ ကား၊ အကျွေးအမွေး၊ လက်ဆောင်ကအစပေါ့လေ။

ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ ပြဿနာက တကယ်လို့ စာပေစာနယ်ဇင်းက ငွေကြေးရန်ပုံငွေ မပြေလည်လို့ နယ်ခံ လူထုတယောက်ယောက်က ဦးဆောင်ပြီး ငွေစုစာပေဟောပြောပွဲလုပ်ကြတဲ့ အခါမှာတော့ ပြဿနာတွေက နောက်ကလိုက်လာပါတယ်။ ဘာလဲဆိုတော့ အခုနက စာပေစာနယ်ဇင်းအဖွဲ့တချို့ပါပဲ။ အထူးသဖြင့်နယ်တွေမှာပေါ့။ နယ်တွေမှာ နယ်လူထုက မည်းမည်းမြင်ရင်လန့်တတ်တဲ့ ရောဂါအခံကရှိ နေပြီးသားပဲ။ ယူနီဖောင်းဝတ်၊ အဖွဲ့အစည်း၊ အရာရှိ စသဖြင့် စသဖြင့်ကို မြင်လိုက်တာနဲ့ ပထမရွံ့သွားကြတယ်။ နောက် ဖြစ်နိုင်ရင် မပတ် သက်ချင်ဖူးရှောင်ကြမယ် ရှောင်လို့မရရင် ပြဿနာမဖြစ်ရဲကြဖူး။ အကြောက်တရားက ပြည်သူတွေရဲ ရင်ထဲအသည်းထဲထိုးနစ်နေခဲ့တာ နှစ်ပေါင်း နည်းမှမနည်းခဲ့ပဲလေ။ ဒီတော့ ထားရာနေစေရာသွား သူပြုသမျှနုရတဲ့ဘ၀တွေကိုနေရတာ အသားကျနေခဲ့ပြီးသားမို့ စာပေ စာနယ်ဇင်းဆိုတဲ့အဖွဲ့အစည်းကို နယ်ခံတွေက အာဏာပိုင်အဖွဲ့အစည်းလိုကို ကြောက်တတ်ကြပါတယ်။ ဒါကိုလည်း စာပေစာနယ်ဇင်း အဖွဲ့ဝင် တချို့ကလည်း သိနေခဲ့ကြပါတယ်။

(၂)

ဒီဖဲဒီအပွင့်ကို သိနေတော့ ဒီဖဲချိုးဖို့ သူတို့ကလည်း အာဏာရအဖွဲ့စည်းတခုလို ဆက်ဆံပြောဆိုပြုမူလာကြပါတယ်။ ဒါအဖြစ်မှန်ကို ပြော ပြနေတာပါ။ နယ်တွေမှာ စာပေစာနယ်ဇင်းအဖွဲ့ဝင်ဆိုတဲ့ ရင်ထိုးတံဆိပ်တွေကို တိုက်ပုံမှာတပ်၊ နေကာမျက်မှန်မည်းမည်းနဲ့ ရင်ကော့ ဆိုင်ကယ်တစီးနဲ့ (ဆိုင်ကယ်မှာ စာပေစာနယ်ဇင်းတံဆိပ်တပ်ထားပါသေးတယ်) မြို့ထဲပတ်၊ ဘယ်သူ့မှ လူမထင်တဲ့ဂိုက်ပေးနဲ့၊ မော့တော့ မော့တော့ မြောက်ကြွ မောက်ကြွလေနဲ့ ပြောတယ်လုပ်တယ်။ ဒီနေရာမှာ သူတို့ရရှိတဲ့အခွင့်အရေးတွေ နယ်ခံ ပယ်ခံ အာဏာပိုင်အဖွဲ့ အစည်းနဲ့ ပဏာစား မျက်နှာနာ ၀င်ထွက်သွားလာလို့ရအောင် နေရာရအောင် ၀င်ပြီးနေရာယူတတ်တာ အခွင့်အရေးယူတတ်တာတွေကိုထည့်မပြောတော့ပါဘူး။

စာပေဟောပြောပွဲအစမှာ မိုက်ကိုင် တောပြောတောင်ပြောပြော ပရိသတ်ကို စိတ်ပျက်စေတဲ့သူတွေ အများကြီးရှိပါတယ်။ ထားတော့ ဒါက သူလုပ်ချင်တာလုပ်ပါစေလို့ ခွင့်လွှတ်လို့ရနေပေမယ့်။ ခွင့်လွှတ်လို့မရတဲ့အပိုင်း ပြည်သူထုရင်ထဲ နာကျည်းတောက်ခေါက် ခံပြင်းဒေါသ ထွက်ရတဲ့ကိစ္စတွေကိုပါ လုပ်လာကြပါတယ်။

ဘာလဲဆိုတော့ နယ်ခံတယောက်ယောက်ကဦးဆောင်ပြီး စာပေဟောပြောပွဲလုပ်တော့မယ်ဆိုရင် ပထမသူတို့က လေပျော့လေးနဲ့ စာပေ ဟောပြောပွဲခေါင်းစီးမှာ စာပေစာနယ်ဇင်းကဦးစီးလုပ်ဆောင်သောဆိုတဲ့ စာတန်းတပ်ခိုင်းမယ်။ နောက် အဖွင့်ကစပြီး သူတို့ပြောချင်တာ တွေကို စာရေးဆရာကြီးတွေ မပြောခင်မှာ ပြောချင်တာတွေ ၂ နာရီ ၃ နာရီလောက် တက်ပြောခွင့်နဲ့နောက်ဆုံး သူတို့စိတ်ကြိုက် စာရေး ဆရာကို ခေါ်ခိုင်းတဲ့ကိစ္စတွေပါပဲ။

တကယ်လို့ နယ်ခံအလှူရှင်က လက်မခံနိုင်ဘူးဆိုရင် သူတို့က ဟိုတိုင်မယ် ဒီတိုင်မယ်ပြောမယ်။ တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး ။သူတို့ သာ လျှင် စာပေစာနယ်ဇင်းအဖွဲ့ဝင်တွေလို့ ခြိမ်းခြောက်မယ်။ ဘာမှတ်လဲ။ ဗဟိုထိတက်တိုင်လိုက်ရမလား။ ခယက တိုင်လိုက်ရမလား တိုင်းမှူးတက်တိုင်လိုက်ရမလား ဆိုတာတွေပါလာတယ်။ တိုင်လည်းတိုင်ကြပါတယ်။ စာပေဟောပြောပွဲကို ကန့်ကွက်ကြတယ်။ နိုင်ငံတော် ပုန်ကန်မှုကြီးတခုလို ဇာချဲ့ကြတယ်။ ကဲနောက်ဆုံး မရရင် ပွဲမဖြစ်မြောက်အောင် ကြော်ငြာဆိုင်းဘုတ်တွေကို လူမရှိတဲ့ချောင်တွေမှာ သွား ချိတ်မယ်။ လူမလာအောင် နည်းမျိုးစုံနဲ့ ပိတ်ပင်မယ်ထိ လုပ်လာတတ်ကြပါတယ်။ အံ့သြဖို့ကောင်းနေတာက သူတို့ကလည်း စာပေစာနယ် ဇင်းအဖွဲ့အစည်းအောက်က စာရေးဆရာတွေလို့ပြောနေသလို၊ လာဟောကြတဲ့ ဆရာတွေကလည်း စာရေးဆရာတွေပါပဲ။ လူတွေက စာရေးဆရာတွေ ဟောတာပြောတာကို နားထောင်ချင်ကြတာပါ။ အဖွဲ့အစည်းတခု၊ လူတစ်စုစကားကို နားထောင်ချင်ကြတာမဟုတ်ပါဘူး။ ပါတီကောင်စီခေတ်ကလို ခေတ်မျိုးမဟုတ်တော့ဘူးဆိုတာ သူတို့မေ့နေကြပုံပါပဲ။ စာပေဟောပြောပွဲ မဖြစ်မြောက်ရအောင် နည်းမျိုးစုံနဲ့ နှောက်ယှက်ဖျက်ဆီးဒုက်္ခပေးကြတယ်။ ဒါဆိုသူတို့တွေကဘာလဲ။ သူတို့လည်းစာရေးဆရာပဲလေ။ စာရေးဆရာဖြစ်ရက်နဲ့ ကိုယ့်အဖွဲ့ အစည်းက မလုပ်နိုင်လို့ သူများလုပ်တာကျတော့ စာသမားဆိုတဲ့စိတ်နဲ့ ဘာလို့မုဒိတာမပွားနိုင်ကြတာလဲ ပွဲမဖြစ်အောင် နှောက်ယှက် ကြတာလဲ။ မင်းသားကြီးမလုပ်ရတာနဲ့ ပန်းမကြီးဖောက်တဲ့အဖြစ်။ စဉ်းစားကြည့်စေချင်ပါတယ်။ သူတို့ဟာ စာပေစာနယ်ဇင်းအဖွဲ့က စာ ရေးဆရာလို့အမည်ခံထားကြပါလျှက်ကယ်ရဲ့ ဘာလို့သူများတွေက ဦးဆောင်လုပ်ရင် ပွဲကိုကန့်ကွက်ဖျက်နေကြတာလဲ။ ကိုယ်တိုင်လည်း မလှူနိုင် လှူတဲ့လူတွေကိုလည်း လိုက်ပိတ်ပင်ဆိုတယ်ဆိုတာမျိုး ဘာလဲဗျာ။ နားကိုမလည်နိုင်ဘူး။ လူတွေမှ ဟုတ်ကြပါရဲ့လား။

စာပေစာနယ်ဇင်းအဖွဲ့ဆိုတာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ အာဏာရအဖွဲ့အစည်းတခုမဟုတ်ပါ။

(၃)

အထက်က စာပေစာနယ်ဇင်းအဖွဲ့ဗဟိုကပုဂိ္ဂုလ်ကြီးတွေ သိစေချင်ပါတယ်။ အရင်ခေတ်စစ်စိုးရကချမှတ်ထားတဲ့မူတွေဟာ အခု ဒီမို ကရေစီအစိုးရထိ အကျုံးဝင်နေသေးသလား။ အရင်ကရော ဒီလိုလုပ်ဟလို့ မူတွေချထားပေးခဲ့လေသလား။ ပြည်သူက နာပြီးရင်းနာနဲ့ အရင်အနာက အခု စာပေဟောပြောပွဲလေးမှာတောင် လာနာနေရတော့ အနာကရင်းလာရင် ဖောက်ထုတ်မှသက်သာတတ်တဲ့သဘော လေး တွေရှိပါတယ်။ အနာမရင်းခင် ပြည်မတည်ခင် အမြန်ကုမှ ဖြစ်မယ်ထင်ပါတယ်။ စာပေဟောပြောပွဲဆိုတာ စာပေစာနယ်ဇင်းအဖွဲ့က လုပ်မှ စာပေဟောပြောပွဲဖြစ်တာမဟုတ်သလို ပြည်သူတိုင်းကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်။ ရှိလည်းရှိသင့်ပါတယ်။ ခက်တာက ပြည်သူ လူထုက သူတို့အလှူငွေနဲ့ စာပေစာနယ်ဇင်းကလူတချို့ကို စေတနာမဲ့နေကြခြင်းပဲဖြစ်ပါတယ်။ ပြည်သူ့မေတ္တာခံယူနေတဲ့အဖွဲ့ပေါ့ဗျာ။

ဒီမိုကရေစီနိုင်ငံမှာ နေရာတကာ ဟိတ်လုံးဟောက်လုံးကြောက်လုံးတွေနဲ့ ဆက်မကစေချင်တော့ပါ။ အခု တပါတီ စစ်အစိုးရခေတ် မဟုတ်တော့ပါ။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသွားနေပါပြီ။ သဘောထားကြီးကြီး စိတ်ရှီရှီ (ရှည်ရှည်) ဘာလို့ မထားနိုင်ကြတာလဲ ကျွန် တော်တော့ နယ်က စာပေချစ်သူပြည်သူတွေကိုပဲ သနားစိတ်မကောင်းဖြစ်နေမိပါတယ်။ ခေတ်ပြောင်းနေပြီလေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts