>Tu Maung Nyo – Articles

>

ကျယ်ကျယ်လောင်လောင်တောင်းဆို မေးခွန်းများများထုတ်
တူမောင်ညို
အောက်တိုဘာ ၂၊ ၂၀၁၁



“မေးခွန်းဆိုတာ အမြဲထုတ်ရမယ်”လို့ ဦးဝင်းတင်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ စက်တင်ဘာ (၂၇) ရက်နေ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တည်ထောင်ခြင်း (၂၃) နှစ်မြောက် အခမ်းအနားမှာ အလေးအနက်ထည့်သွင်းမိန့်ကြားသွားကြပါတယ်။

ဒီတော့ ဖြိုးဖြိုးဖျပ်ဖျပ် ဖြစ်ပေါ်နေတဲ့ ဒီနေ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် ကျနော်တို့ မေးခွန်းတွေထုတ်ကြရမယ်။ ဒီလိုမေးခွန်းထုတ်ခြင်းအားဖြင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကို ကျနော်တို့ ဆဝါးနိုင်လိမ့်မယ်၊ နားလည်နိုင်ကြပါလိမ့်မယ်။

မေးခွန်းတွေမထုတ်ခင်မှာ အပြောများပြီး၊ အများပြောနေကြတဲ့ “အပြောင်းအလဲ” ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုနားလည် လက်ခံထားကြမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးကြတာပေါ့ဗျာ။ ဒီနေရာမှာ ပြုပြင်မှုတွေရှိလာမှသာ အပြောင်းအလဲဆိုတာဖြစ်ပေါ်လာ မှာ မဟုတ်ပါလားခင်ဗျ။ အပြောင်းအလဲဆိုတာတွေ လက်တွေ့မျက်တွေ့အကောင်အထည်ရှိရှိ ဖြစ်ပေါ်လာစေဖို့ ပြုပြင်မှုဆိုတာတွေကို ဘယ်သူ့ဘက်က အဓိကစတင်လုပ်ဆောင်ရမှာလဲ ဆိုတဲ့မေးခွန်းနဲ့ ပြုပြင်မှုတွေလက်တွေ့ဖြစ်မြောက်လာစေဖို့ ကျနော်တို့ဘက်က ဘာတွေ လုပ်ဆောင်ရမှာလဲ ဆိုတဲ့မေခွန်း နှစ်ခု ပေါ်ထွက်လာပါတယ်။

“စစ်တပိုင်းအစိုးရဟာ ပြုပြင်မှုတွေတော့လုပ်ရလိမ့်မယ်လို့ကျနော်ကထင်တယ်။ အဲဒီပြုပြင်မှုတွေ သူတို့ဘာတွေလုပ်နေသလဲ၊ ဘယ် လောက်လုပ်နေသလဲဆိုတာ ကျနော်တို့ အမြဲတမ်း မျက်စိဒေါက်ထောက်ပြီးတော့ကြည့်နေဖို့လိုတယ်။ အဲဒီအပြုအပြင်တွေကိုလည်း ကျ နော်တို့ အမြဲတမ်း အသံကျယ်ကျယ်နဲ့ တောင်းဆိုနေဖို့လိုတယ်ဆိုတာ ကျနော်သဘောပေါက်တယ်။ ကျနော်ခံစားရတယ်၊ ခံယူရတယ်”

ကျနော်တို့အနေနဲ့ အပြောင်းအလဲဆိုတာတွေကို မေးခွန်းထုတ်ကြတဲ့နေရာမှာ “ဘယ်လောက်ပြောင်းသလဲ၊ ဘယ်လိုပြောင်းသလဲ၊ ဘာကြောင့်ပြောင်းသလဲ၊ ဘာအတွက်ပြောင်းသလဲ၊ ဘယ်အတိုင်းအတာအထိ ပြောင်းသလဲ” ဆိုတဲ့မေးခွန်းတွေ အဓိကမေးမြန်း သမှုပြုကြ ရမှာပဲဖြစ်တယ်ခင်ဗျ။

အမျိုးသားလွှတ်တော်သို့ ပေးပို့တဲ့ သမ္မတဦးသိန်းစိန် “သဝဏ်လွှာ” နဲ့ “တတိယအကြိမ်မြောက် စိမ်းလဲ့ကန်သာတွေ့ဆုံမှု” ဆိုတဲ့ဖြစ်ရပ် နှစ်ခု တပြိုင်နက်ပေါ်ပေါက်ခဲ့ပါတယ်။ ဘာကြောင့် တစ်ပြိုင်နက်တည်း ပေါ်ပေါက်ရတာလဲ။ မတော်တဆတိုက်ဆိုင်မှုတော့ လုံးဝမဖြစ်နိုင်ပါ။ ဒုတိယအကြိမ်စိမ်းလဲ့ကန်သာတွေ့ဆုံမှုနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ၊ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) တို့လည်း တစ်ပြိုင် နက်ဖြစ်ခဲ့တာပါ။ ဒါလည်းတိုက်ဆိုင်မှုမဟုတ်ခဲ့ပါဘူး။ ကွက်ပြည့်နင်းပြီးလုပ်တာလို့ယူဆပါတယ်။

သမ္မတသဝဏ်လွှာထဲမှာ အချက် (၁၀) ချက်ဖေါ်ပြထားပါတယ်။ အများစုရဲ့ဖိုးကပ်စ် က အချက်အမှတ် (၉) နဲ့ (၁၀) ကို စုပြုံကျရောက်နေ ပါတယ်။ လွှမ်းမိုးနေပါတယ်။ အချက်အမှတ် (၃/၄/၅/၆) တို့ကိုလည်း သတိပြုကြဖို့လိုပါတယ်ခင်ဗျ။

ရှင်းအောင်ပြောရလျှင် “သမ္မတသဝဏ်လွှာ”လို့သာ အမည်တပ်ထားသော်ငြားလည်း အမှန်စင်စစ်မှာတော့ သဝဏ်လွှာအသွင်ယူထားတဲ့ တုန့်ပြန်ဖြေရှင်းချက်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုဘာကြောင့်ပြောနိုင်ရသလဲဆိုတော့ အချက်အမှတ် (၃/၄/၅/၆) တို့မှာဖေါ်ပြထားတဲ့အကြောင်းအရာတွေကို ထောက်ပြီးပြောရတာပဲခင်ဗျ။

အချက်အမှတ် (၃) က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဆိုတာကို အသိပေးတာဖြစ်ပါတယ်။

အချက်အမှတ် (၄)က “ ပသုံးလုံး ပြည်ပပြန်၊ အကျဉ်းသားများလွှတ်ပေးရေးကိစ္စ၊ စက်တင်ဘာ ၂၆ ဆန္ဒပြမှု”တွေကို တုန့်ပြန်တာ ပါ။“စက်တင်ဘာ ၂၆ ဆန္ဒပြမှု” ကိုလည်း (EMG) က စီအီးအိုကြီးလို “သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲ ဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။” ဒဲ့ဒိုးပေါ်တင်မပြောဘဲ၊ ပါတီအချို့၊ အင်အားစုအချို့လှုပ်ရှား လုပ်ဆောင်မှုများပြလုပ်နေတဲ့အတွက် “စိတ်မချမ်းမြေ့ဖွယ်”တွေ့ရှိရတယ်လို့သာ ပြောထားပါတယ်။

“အကျဉ်းသားများလွှတ်ပေးရေးကိစ္စ” တဲ့၊ “နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ”လို့ သမ္မတက ပြုပြင်ပြောင်းလဲပြီး မသုံး သေးပါဘူး။ ဒါပေမယ့် “ဖျက်သိမ်းပြီး NLD” ဆိုတဲ့ အသုံးအနှုန်းကနေ “မှတ်ပုံတင်ခြင်းမပြုလုပ်ရသေးသော NLD” လို့ ပြောင်းလဲပြီး သုံးစွဲနေတာကို ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၁ မှာကတည်းက သတိပြုမိပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်ကပဲ သူတို့ဆန္ဒနဲ့ သူတို့ တက်ကြွပြီးပြောင်းလဲတာလား။ စိစစ်ရေးကပဲ ဒီလိုရေးသားရမယ်လို့ ညွန်ကြားထားလေသလားတော့ သက်ဆိုင်သူများက ပြောမှ သာသိနိုင်မှာပါ။

ဒီအသုံးအနှုန်းကိုပဲ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၂ ထဲမှာ “ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် မှတ်ပုံ တင်ခြင်းမပြုလုပ်ရသေးသော NLD ခေါင်းဆောင်)” လို့ ရေးသားဖေါ်ပြထားတော့။ ထွက်လာတဲ့အဓိပ္ပါယ်က ဦးဝင်းတင်ဟာ “မှတ်ပုံမ တင်ရေးသေးတဲ့ NLD ခေါင်းဆောင်” ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေပါတယ်။ NLD ခေါင်းဆောင်ဖြစ်ကြောင်း ဦးဝင်းတင်ကပဲ မှတ်ပုံတင် ရဦးမှာ လိုဖြစ်နေတယ်ခင်ဗျ။

အချက် (၅) က “အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးဟာ အတတ်ပညာအရ၊ ငွေကြေးမပြည့်စုံမှုအရ၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှု တို့ကြောင့် မိမိတို့နိုင်ငံအတွက်မဖြစ်နိုင်သောကိစ္စ” ဆိုပြီး ဝန်ခံချက်ပေးထားတဲ့သဘောဖြစ်ပါတယ်။

အချက် (၆) “ကမ်းလွန်သဘာဝဓာတ်ငွေ့” ပြည်ပပို့ပြီးရောင်းလို့ရတဲ့ငွေတွေ ဘယ်မှာလဲဆိုတဲ့ အများပြည်သူသိရှိလိုတဲ့မေးခွန်းကို အဖြေပေးတာနဲ့ ချေးငွေတွေအတိုးပေးနေရတဲ့ကိစ္စနဲ့ ရောပြီးငိုပြတာဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့ရောင်းရငွေတွေကိစ္စကို ဒီလို “ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာခွဲဝေရှိပါသည်” ဆိုတာလောက်နဲ့ မလုံ လောက်ပါဘူး။ ပြည်သူများသိရှိနိုင်စေရန် စာရင်းဇယားနဲ့တစ်ကွ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။

အများအာရုံကျနေကြတဲ့ အချက်အမှတ် (၁၀) ကလည်း တကယ်တော့ သမ္မတဦးသိန်းစိန်က သူ့ရဲ့အစိုးရသက်တမ်းကာလအ တွင်း “မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” ဆိုတာပဲဖြစ်ပါသေးတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေးကိုသာ ရပ်ဆိုင်းထားပြီး ဧရာဝတီမြစ်ပေါ်ရှိ အခြားစီမံကိန်းများနဲ့ပတ်သက်ပြီး ရပ်ဆိုင်းထားမည် သို့တည်းမဟုတ် ဆက်လက်လုပ်ဆောင်သွားမည် ဆိုတဲ့အချက်ကို တိကျရှင်းလင်းစွာဖေါ်ပြထားခြင်းမရှိပါ။

သမ္မတဦးသိန်းစိန်က သူ့ရဲ့အစိုးရသက်တမ်းကာလအတွင်းရပ်ဆိုင်းထားမည် ဟူသည့်အချက်ကတော့ ပြည်သူများ၊ ဧရာဝတီချစ်သူများ၏ ကနဦး အောင်သီးအောင်ပွင့်ပဲဖြစ်ပါတယ်။

သမ္မတသဝဏ်လွှာနဲ့ပတ်သက်ပြီးနောက်ဆုံးတင်ပြချင်တာကတော့ သဝဏ်လွှာပေးပို့ပုံ၊ ပေးပို့နည်းဖြစ်ပါတယ်။

ဘာကြောင့် ကျင်းပဆဲလွှတ်တော်သို့ မတင်ဘဲ။ သမ္မတလုပ်ပိုင်ခွင့်သုံးပြီး သဝဏ်လွှာပို့ရသလဲ။ သမ္မတလုပ်ပိုင်ခွင့်ကိုသုံးပြီး သဝဏ်လွှာပို့ လိုက်တာဟာ တစ်ချက်ခုတ်၊ နှစ်ချက်၊ သုံးချက်ပြတ်နည်းနဲ့ စဉ်းစားလုပ်ဆောင်ခဲ့တာလို့ ယူဆပါတယ်။

ပထမအချက်က မြစ်ဆုံကိစ္စကို လွှတ်တော်ထဲတင်ပြီးဆုံးဖြတ်မယ်ဆိုရင်(ပြည်သူ့+အမျိုးသား) လွှတ်တော် ၂ ရပ်စလုံးမှာ အများစုဖြစ်တဲ့ကြံ့ဖွံ့ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေအများစုနဲ့ စစ်သားအမတ်တွေအများစုက ထောက်ခံမှဖြစ်လာမှာပါ။ ဒီလိုတင်ပြီးဆုံးဖြတ်လိုက်ရင် ကြံ့ဖွံ့ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်သားအမတ်အများစုက ထောက်ခံမဲပေးကြရပါမယ်။

ဒုတိယတစ်ချက်က ဒီလိုမဲပေးဆုံးဖြတ်မှုကို လွှတ်တော် ၂ ရပ်လုံးက မှတ်တမ်းတင်ထားမှာလည်းဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်လုံးက သဘောတူတဲ့ကိစ္စဟာ ပြည်ထောင်စုလွှတ်တော်ကသဘောတူတဲ့ကိစ္စအဖြစ်မှတ်ယူရမယ်ဆိုတဲ့ကိစ္စလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ထဲမှာ ပြဌာန်းထားပါတယ်။ အကယ်၍မြစ်ဆုံကိစ္စကိုသာ လွှတ်တော်မှာတင်ပြဆုံးဖြတ်ခဲ့မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်လိုပဲ နောင်တက်လာတဲ့အစိုးရတိုင်းအတွက ထိတ်လန့်နေရမယ့်အချက်မျိုးလည်းဖြစ်ပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်အတိတ်အရိပ်က လက်ရှိလွှတ်တော်ထဲအထိ လွှမ်းမိုးချောက်လှန့်နေဆဲမဟုတ်ပါလား။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ဆိုတာ ၁၉၈၈ လူထုဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့တိုက်ရိုက်အကျိုးဆက်ဖြစ်ပါတယ်။

တတိယအချက်က ဒီစီမံကိန်းဟာ ယခင် (နအဖ) စစ်အစိုးရ စတင်လုပ်ဆောင်ခဲ့တဲ့ကိစ္စဖြစ်တယ်။ ရှေ့အစိုးရလုပ်ခဲ့တာကို နောက်တက် လာတဲ့အစိုးရက ပယ်ဖျက်ရုပ်သိမ်းရမယ့်အလုပ်မျိုးလည်းဖြစ်နေပြန်ပါတယ်။ ပယ်ဖျက်ရုပ်သိမ်းလိုက်ရတယ်ဆိုတဲ့ အစဉ်အလာအဖြစ်မခံနိုင်ဘူးလို့ထင်ပါတယ်။

စတုတ္တအချက်က ဒီသဝဏ်လွှာဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (အကလ) ဆုံးဖြတ်ချက်ကို သမ္မတသဝဏ်လွှာ အသွင် နဲ့ထုတ်ပြန်လိုက်တာလည်းဖြစ်တယ်။ ဒါကြောင့် သမ္မတကိုချီးကျူးနေကြခြင်းဟာ သွယ်ဝိုက်သောနည်းအားဖြင့် (အကလ) ကို ချီးမွှမ်း သလိုလည်းဖြစ်နေပါလိမ့်မယ်။

ဒီတော့ မြစ်ဆုံကိစ္စကို ဘယ်လွှတ်တော်မှာမှ တင်သွင်းဆုံးဖြတ်လို့မဖြစ်တော့ဘူး။ လွှတ်တော်တွင်း အတိုက်အခံပါတီငယ်လေးတွေ က မြစ်ဆုံကိစ္စလွှတ်တော်မှာတင်ပြမယ်ဆိုရင်လည်း ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်များအဖို့ ထောက်ခံရင်လည်းအခက် ကန့်ကွက်ပြန်ရင် လည်း ပြည်သူ့သဘောထားကို ဆန့်ကျင်ရာရောက်ပါတော့မယ်။ ဒါကြောင့် အဆိုပါ အခက်အခဲတွေရှောင်လွှဲစေနိုင်ဖို့ နောက်ဆုံးမှာ သမ္မတလုပ်ပိုင်ခွင့်သုံးပြီး “သမ္မတသဝဏ်လွှာ” အဖြစ် လွှတ်တော်ထဲပို့လိုက်ရတာဖြစ်မယ်လို့ သုံးသပ်ယူဆပါတယ်။

တတိယအကြိမ် စိမ်းလဲ့ကန်သာတွေ့ဆုံမှုကို ဆက်ရမယ်ဆိုရင်တော့ဗျာ။

“သတင်းထုတ်ပြန်ချက်” ဆိုတာကတော့ ယခင်လို ယေဘုယျကျမြဲကျဆဲပါပဲလို့ အားနာနာနဲ့ပြောရဦးမှာပါပဲ။ ဆွေးနွေးကြတဲ့ ခေါင်းစဉ် အချို့တော့ဖော်ပြထားပြီး တွေ့ဆုံမှုဆက်လက်ပြုလုပ်သွားမည်လို့ဆိုပါတယ်။

သတိပြုစရာအဖြေ (၂) ခုကတော့ …

(ဦးအောင်ကြည်) “ကျွန်တော့်အနေနဲ့ ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့ဆိုတာကို အမြဲတန်းကြိုဆိုလျက်ရှိပါတယ်ဆိုတဲ့အကြောင်း ဖြေကြားလိုပါတယ်”

(ဒေါ်အောင်ဆန်းစုကြည်) “NLD အရတော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင်ပြရဦးမှာ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်”

ထုံးစံအတိုင်း ဒီချုပ်စီအီးစီကလည်း ထုတ်ပြန်ချက်အပေါ် သဘောတူညီကြောင်းကြေညာချက်ထပ်မံထုတ်လိမ့်ဦးမယ်လို့ ထင် ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ဗျာ။

ဒီကနေ့အခြေအနေက အမျိုးသားဒီမိုကရေစီအဖွဲ့၊ (စီအီးစီ) ဦးဝင်းတင် ပြောကြားခဲ့သလိုပါပဲ “တောတိုးသလို တိုးသွားရမယ့် အနေ အထားဖြစ်တယ်”။ အခြားသောသူတွေကတော့ “သိမ်မွေ့တဲ့အနေအထား” လို့လည်းအကဲဖြတ်ကြပါတယ်။သေချာတာကတော့ ကြုံရ တဲ့ အခက်အခဲတွေအကြပ်အတည်းတွေကို အားလုံးဟာ ကိုယ့်ဟာကိုယ် “ဖျင်” ပြီးတော့သွားကြရမယ်ဆိုတဲ့အချက်နဲ့ ညီညွတ် ရေး အရေးကြီးတယ်ဆိုတဲ့အချက်ပါပဲဗျာ။

အများပြောပြီး အပြောများနေတဲ့ “အပြောင်းအလဲ” ဆိုတာကတော့ ဦးသိန်းစိန်သမ္မတအစိုးရ (စစ်တပိုင်းအစိုးရ) ဘက်က “အကောင် အထည်အတိအကျရှိတဲ့ ပြုပြင်မှုတွေ” လက်တွေ့လုပ်လာမှသာ ပေါ်ထွက်လာနိုင်တာဖြစ်ပါတယ်။

ပြည်သူများနဲ့အတူ ကျနော်တို့လုပ်ဆောင်နေရမှာတွေကတော့ အပြုအပြင်နဲ့ အပြောင်းအလဲတွေကိုအမြဲတမ်း အသံကျယ်ကျယ်နဲ့တောင်း ဆိုနေဖို့လိုတယ်ဆိုတဲ့အချက်နဲ့ မေးခွန်းဆိုတာ အမြဲထုတ်နေရမယ်ဆိုတာပါပဲဗျာ။

ညွှန်းဆိုချက်

  • (၂၇) စက်တင်ဘာ (ဒီချုပ်)၂၃ နှစ်မြောက်တည်ထောင်ခြင်းနေ့ တွင် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များ
  • (၁) အောက်တိုဘာ မြန်မာ့အလင်းသတင်းစာ၊ သမ္မတ ဦးသိန်းစိန်ထံမှ လွှတ်တော်သို့ပေးပို့သည့် သဝဏ်လွှာ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts