>U Linn – The Price for Saffron Revolution

>

ရွှေဝါရောင်တော်လှန်ရေးအတွက်ပေးဆပ်ခြင်းရဲ့ ရလဒ်
ဦးလင်း(ကပ္ပိယကြီး)
စက်တင်ဘာ၂၉၊ ၂၀၁၁
ရင်ထဲမှာအစ်နေဆဲ…။ ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့အတူရွတ်ဖတ်နေတဲ့ မေတ္တာသံတွေက လျှံနေဆဲ…။ ပြည့်အန်နေတဲ့ မျက်ရည်တွေကြားမှာတော့ နီစွေးစွေးသွေးကွက်ကြီးနဲ့ပရမ်းပတာ ဖိနပ်တွေက ရွှေ့လို့မရ ဖယ်လို့မရနဲ့..။ လေးနှစ်ကြာခဲ့ပြီဆိုပေမဲ့ ပြေးလွှားနေကြတဲ့သင်္ကန်းဗလာနဲ့ ပုံရိပ်တွေက ခန္တီစပါရမီတွေကို နှောက်ယှက်နေဆဲပါပဲ…။
အော် ရွှေဝါရောင်ပန်း မေတ္တာလွှမ်းသော်လည်းနွမ်းကြွေခဲ့ရပေပြီ။ အဘယ်ကြောင့်များ–ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ကမ်းကြိုသူမဲ့ခဲ့ရသလဲ…။ ဒီညမှာလဲ ကျနော် တွေးနေဆဲပါ။
၂၀၀၇ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ စခဲ့တဲ့တော်လှန်ရေးသမိုင်းကြီးထဲမှာ စံပြုထိုက်သူတွေကတော့  သူရဲကောင်းကြီး ထင်ကျော်နဲ့ သူ့အသိုင်းအ၀ိုင်းတွေပေါ့..။လောင်စာဆီဈေးချဖို့ အရေးငြိမ်းချမ်းစွာ တောင်းဆိုခဲ့ရာက နအဖရဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရတယ်။ဒီအရေးတော်ပုံကို ၈၈ ကျောင်းသား မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ မင်းဇေယျာနဲ့သူတို့ ရဲဘော်တွေက လက်ဆင့်ကမ်း သယ်ယူခဲ့ကြပါတယ်။
တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ ထက်မြက်လှတဲ့မဟာဗျူဟာတွေကို အသက်သွင်းခဲ့ကြတယ်။ ချွတ်ခြုံကျနေတဲ့ နအဖရဲ့ စီးပွားရေးစနစ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။ မမီးမီး(ခဲ)တို့ အမျိုးသမီး တသိုက်ကလည်း လူထုရှေ့မှာ တိုက်ပွဲတွေခေါ်ခဲ့ကြတယ်။ပြတ်သားတဲ့ သူတို့ရဲ့အသည်း ကျနော်တို့ရဲ့ ကျောပြင်ထဲ တစိမ့်စိမ့်ဖိသိပ်ခဲ့ကြတယ်။ တွေ့မြင်ရသူတွေတက်ကြွစေတဲ့ လှုပ်ရှားမှု နည်းဗျူဟာ ပုံရိပ်တွေကလည်း ကမ္ဘာ့စံချိန်တင်ခဲ့ပါပြီလေ။ သို့သော်အိပ်ပျော်နေသူတွေကလည်း များနေဆဲ မဟုတ်လား..။
အိပ်မပျော်သူတွေကတော့ ဆရာတော်၊ သံဃာတော်မြတ်ထေရ်ကျော်တွေပဲပေါ..့။ ရုန်းကန်နေရတဲ့ ၈၈ ကျောင်းသားတို့ရဲ့ တိုက်ပွဲကို ဆက်လက်သယ်ယူသာသနာ့အလံတော်တွေ လွှင့်ထူခဲ့ကြတယ်။ တက်နေတဲ့ကုန်ဈေးနှုန်းနဲ့ ကျနေတဲ့စိတ်ဓာတ်။ မနက်မိုးလင်းတာနဲ့ဆွမ်းဒါယိကာ ဒါယကမတို့ အတွက် အနေရခက်၊ အထိုင်ခက်၊ ဆွမ်းတနပ်စာအတွက် ခံစားရတဲ့စိတ်ဝေဒနာကမသက်သာပြီမို့ ပါရမီခန်းကိုဖွင့်ရ။ တတ်စွမ်းသမျှ မေတ္တာပန်းကို ငြိမ်းချမ်းစွာဖြင့်စီတန်းလှည့်လည်ကာ ရွတ်ဖတ်တော် မူကြတယ်။
‘လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ’ လို့ မေတ္တာပို့သ။ လယ်သမားတွေအတွက်၊ အလုပ်သမားတွေအတွက်၊ပြည်သူ့ဝန်းထမ်းတွေ အတွက်။ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြသူတွေ အတွက် လန်းဆန်းစေရန်ရည်သန်ခြင်းပါ။
သို့သော်ရွှေဝါရောင်လမ်းရဲ့ ငြိမ်းချမ်းတဲ့ပန်းတိုင်ကိုထိုထိုလူတို့ သတိမမူဂူမမြင်။ လျှစ်လျှူပင် ရှုခဲ့ကြတယ်။


ရွှေဝါရောင်ပန်း အံ့မခန်းဂုဏ်ရောင် ထွန်းပြောင်သော်လည်းအောင်မြင်မှုလမ်းနှင့် လွဲချော်ခဲ့ ရပါပြီ။ ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ဆင့်ကမ်း၍တိုက်ပွဲခေါ်သူ မပေါ်ခဲ့ဘူးလေ။ ရွှေဝါရောင်ပန်း ကမ္ဘာလွှမ်းသော်လည်း ဆက်လက်သယ်ယူ အောင်လံထူဖို့တာဝန်ယူသူ ကူမဲ့ခြင်းကား စဉ်းစားလို့မရ ညည ဆက်ဆက် တိုင်ခဲ့ပါပြီ..။
ခုတလောလေးမှာတော့ မေးလာကြတယ်။ ရွှေဝါရောင်ပန်းရဲ့လောကဓံအကြောင်း။ သုခနဲ့ဒုက္ခ၊ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်း၊ ရှုံးခြင်းနဲ့ နိုင်ခြင်း၊မိတ်နဲ့ရန် နည်းခြင်းများခြင်း၊ သတင်းတွေကစုံလှပါတယ်။
ကျနော်သိတဲ့ ရွှေဝါရောင်ပန်း ရည်မှန်းချက်ကလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ။ ငြိမ်းချမ်းရေးနဲ့ တိုး တက်တဲ့ လူ့ဘောင်သစ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင် တည်ထောင်ဖို့ပါ။
တိုက်ပွဲဝင်မဟာဗျူဟာသဘောက  အာသေ၀နာစ ဗာလာနံ လူမိုက်တို့အား ဝေးစွာရှောင်ကြဉ်ရန်အတွက် ပတ္တနိကုစ္စနကံဆောင်ခြင်းပါ။ နိုင်ငံရေးသဘောအရဆိုရင် တော့ ‘noncooperation’ ပေါ့ဗျာ။ဆိုလိုတာက နအဖစစ်အုပ်စုရဲ့ သာရေးနာရေးဘာသာရေး ကိစ္စအ၀၀တို့တွင် မပူးပေါင်းမပါဝင်ဘဲ ၀ိုင်းပယ်ထားခြင်းဖြစ်ပါတယ်။
နည်းဗျူဟာကတော့ မေတ္တာပို့။ စီတန်းလမ်းလျှောက်ရုံမျှဖြင့်သာအချိန်ကုန်ခဲ့တာပါ။ လူအများ ပါဝင်လာအောင် ဆွဲဆောင်နိုင်တဲ့ အခင်းအကျင်း။ ရုပ်ဝတ္ထု၊သင်္ကေတ၊ အလံ၊ စာတမ်းနဲ့ ပျော်ရွှင်စရာ သရုပ်ပြတွေ အားလုံး အသုံးမချနိုင်ခဲ့ဘူးလေ။ အဲဒီအခင်းအကျင်းတွေကသိထားရုံနဲ့ မလုံလောက်။ အထောက်အပံ့ပေးသူတွေနဲ့ မဟာဗျူဟာကို ချမှတ်စဉ်းစားတတ်သူတွေကြားဆက်စပ်မှုတွေက လွဲချော် ။ ကျနော်တို့ အတော်ညံ့ဖျင်းခဲ့ကြပါတယ်။
သံဃာတော်တွေဆိုတာက နိုင်ငံရေးသမားတွေမှမဟုတ်ဘဲ။ လူအင်အားကနည်း။ ငွေအင်အားကလည်း မရှိ။ ကပ္ပိယကြီးဦးလင်းကလည်း မွဲမှမွဲ။ ဘုန်းကြီးကျောင်းမှာကပ်ဆွဲရင်း တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ရ။ လူအတော်များများက အကြမ်းမဖက် မဟာဗျူဟာ ဆိုတာလဲမသိ။အာဏာဆိုတာ သေနတ်ပြောင်း ၀ကလာတယ်လို့ပဲ သိကြတာကလား။ အချုပ်အခြာအာဏာဆိုတာ ပြည်သူတွေကပိုင်တယ်လို့ တိတိကျကျ နားမလည်သေး။ ဒါတွေက ကျနော်တို့ရဲ့ အားနည်းချက်တွေပါ။ ရွှေဝါရောင်ပန်းနဲ့လုံးဝမှမပတ်သက်ပါလို့ ကျနော် ဆိုချင်ပါတယ်။
ရလဒ်ကတော့ သိတော်မူကြတဲ့အတိုင်း သမိုင်းတင်နိုင်ခဲ့တယ်မဟုတ်ပါလား။ ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေကလည်း နှစ်ထောင်သုံးထောင်။ လူမသိသူမသိ ကျခဲ့ရတဲ့ မျက်ရေတွေကလည်းအနန္တပါ။ ကျနော့် အမြင်အရဆိုရင်တော့ တော်လှန်ရေးဆိုတာ ပေးဆပ်ခြင်းနဲ့ ရယူခြင်းပါ။ ရယူခြင်းကိုအခြေအနေကို ပြောင်းလဲယူခြင်းလို့ ခေါ်ဆိုကြတာလည်း ရှိပါတယ်။ အကြမ်းမဖက်တော်လှန်ရေးဟာ  အောက်က ရလဒ် လေးမျိုးအတွက် လုပ်ဆောင်တာပါ။
          (၁) disintegration  အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး ပြိုကွဲပျက်သုဉ်းခြင်းပါ။
          (၂) coercion  ဆိုတာကတော့ လူထုက ဖိအားပေးပြောင်းလဲခြင်းပါ။
          (၃) accommodation ဆိုတာက အခြေအနေခင်းယူခြင်းပါ။
          (၄) conversion ကတော့ အခြေအနေပြောင်းပစ်ခြင်းကိုဆိုလိုတာပါ။
ရွှေဝါရောင်ပန်းရဲ့ အလင်းတန်းကြီးက အနှစ်၂၀ နီးပါးအိပ်ပျော်နေခဲ့တဲ့ နိုင်ငံရေး ကာလနဂါးကြီးကို လှုပ်နှိုးနိုင်ခဲ့သလို တက်ကြွတဲ့မျိုးဆက်သစ်လူငယ်တွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်။
စစ်ဝတ်စုံအုပ်ချုပ်ရေးမှ အရပ်ဝတ်အုပ်ချုပ်ရေးကိုရွှေဝါရောင်ဖိအားနဲ့ အသွင်ပြောင်းလဲခြင်း ( coercion ) ဖြစ်စေခဲ့တယ်။ ဘယ်တုန်းကမှ မရေးခဲ့ရတဲ့ဗိုလ်ချုပ်အောင်ဆန်း သတင်းတွေက ဝေေ၀ဆာဆာ ဖြစ်လာတယ်။ စာပေဟောပြောပွဲကြီးတွေကလည်း အားရပါးရ။လူမှုကူညီရေးအသင်းတွေက အစီအရီ။ မြစ်ကြီးဧရာဝတီ အကြောင်းလည်း ပွင့်ပွင့်လင်းလင်းတင်ပြတောင်းဆိုလာကြတယ်။
တကယ်ထူးခြားနေတာက ဒေါ်အောင်ဆန်းစုကြည်ပါ။ကျနော်အမြင်ကတော့ ရှင်းပါတယ်။ အကြမ်းမဖက်သော လှုပ်ရှားမှုမှာ နည်း သုံးမျိုး ရှိတယ်လေ။
          (၁) protest and persuasion ဆန္ဒပြဆန့်ကျင်ခြင်းနှင့်ဆွဲဆောင်သိမ်းသွင်းခြင်း
          (၂) noncooperation            မပူးပေါင်း မဆောင်ရွက်ခြင်း
          (၃) nonviolent intervention   အကြမ်းမဖက် ၀င်ရောက်စွက်ဖက်ခြင်း တို့ဖြစ်ပါတယ်။
လက်နက်ကိုင်စစ်ပွဲတိုင်းမှာလည်း စစ်ဆင်ရေးမဟာဗျူဟာ ရှိသလို၊ အကြမ်းမဖက် တော်လှန်ရေးတွေမှာလည်း မဟာဗျူဟာ (၃) မျိုးရှိတယ်။ မတရားသောအမိန့်မှန်သမျှဆန့်ကျင်ကြဆိုတဲ့ တင်းမာတဲ့ မဗျူဟာက အနှစ် ၂၀ ကြာခဲ့ပြီကော။ ယနေ့ နေပြည်တော်အထိ ခရီးပေါက်နေတဲ့အန်တီစုအပေါ် အားမလိုအားမရ ဖြစ်နေကြတဲ့ အသံတွေက တစီစီ ကြားနေရတယ်။
ကျနော်က ဒီလိုမြင်ပါတယ်။ ဆန့်ကျင်ဆန္ဒပြမှု(protest) နေရာမှာ ဆွဲဆောင်ခေါ်ယူခြင်း (persuasion) နဲ့ အစားထိုးပြီးနောက် ဘောလုံးပွဲကိုပြေးကြည့်လိုက်တာ ဖြစ်မယ်။ အဲဒီနောက်မှာတော့ (intervention) ငြိမ်းချမ်းသောနည်းနဲ့ဝင်ရောက်စွက်ဖက်ရေးအတွက် ရန်သူကို မိတ်ဆွေဖွဲ့ခြင်းပဲ ဖြစ်တယ်။
အန်တီစုကသူ့လမ်းသူသွားနေခြင်း ဖြစ်ပါတယ်။ တကယ်လိုအပ်တာက ကျှန်တော်တို့က ကျွန်တော်တို့ ယုံကြည်တဲ့လမ်းအတိုင်းဆက်သွားဖို့ ဖြစ်တယ်။ ရပ်မနေသင့်။ တန့်မနေသင့်။ အားပျော့တာတွေ၊ အားလျှော့တာတွေ၊ အလုပ်မဖြစ်တာတွေ၊စိတ်ညစ်တာတွေကို ဖယ်ထုတ်ပြီး လုပ်သင့်တာတွေ ဆက်လုပ်ကြရင် လာမယ့် လူထုတိုက်ပွဲ ဒုတိယအချီ( PEPOLE POWER TWO ) ကြီးမှာ ဆုံကြမယ်ဦးလေ။ ပျော်ပျော်ပါးပါးပေါ့…။
                   ရွှေဝါရောင်ပန်းကြေမွနွမ်းလည်း မြစမ်းရေမှာ ရှင်သန်နေဆဲပါ။      ။
           ရွှေဝါရောင်ပန်း ကမ္ဘာကိုလွှမ်းခြုံ သင်းရနံ့တွေထုံနေဆဲပါ။                   ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts