>review on insider’s writing

>


အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို
မာစတာစီဒို
စက်တင်ဘာ ၂၈၊ ၂၀၁၁

အကျဉ်းသားလွှတ်ပေးမည်၊ ဒဏ်ခတ်မှု ရပ်ပါ ဟု ယမန်နေ့ ပြောနေသာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ – Getty Images)


မြန်မာ အစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူ နဲ့ အလယ်အလတ်သမားတွေ ဆိုပြီး ရှိနေပါတယ်လို့ ဘန်ကောက်ပို့စ်အင်တာနက်ဝက်ဆိုက်မှာ စက်တင်ဘာ ၂၇ ရက်နေ့ အာဘော်တခုက ဆိုပါတယ်။
စာရေးသူက အမည်မဖော်တဲ့၊ တာဝန်ထမ်းဆဲဖြစ်တဲ့ အတွေ့အကြုံရင့် အရာရှိတဦးလို့ ဆိုပါတယ်။

အစိုးရ ၂ ပိုင်းကွဲနေ
“အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပြီး နည်းလမ်းရှာခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည့် အစိုးရအရာရှိများ ရှိပါသည်။ ဤ အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများက နိုင်ငံရေး အပြောင်းအလဲကို လွတ်လပ်စွာ ဖောင်ဆောင်နိုင်ခြင်း မရှိပေ” တဲ့။

“နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သည့် အရာရှိများလည်း ရှိသည်။ ထိုသို့ သဘောထားတင်းမာသူများက အစိုးရအဖွဲ့အတွင်း အင်အားကောင်းနေသည်” လို့လည်း ဆိုပါတယ်။ နာမည်တွေ ရေးမထားပါ။

“အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများ အင်အား နည်းနေသည်။ ဤအရာရှိတို့ အင်အားကောင်းပါမှ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည်၊ အပေါ်စီး မရပါက နိုင်ငံရေးပွင့်လင်းမှုအတွက် အချိန်များစွာ ယူရဦးမည်”လို့ ဆိုပါတယ်။

စာရေးသူ ဘယ်သူလဲ
နာမည် တပ်မထားပါ။ ကလောင်အမည်ဝှက်တောင် မတပ်ပါ။ သူ့စာမူကို မြန်မာပြည်နိုင်ငံရေးဖြစ်ထွန်းမှုများ – Understanding Burma’s political development လို့ ခေါင်းတပ်ပါတယ်။ အတွင်းသိတဦး၏အမြင် တဲ့။ ဘန်ကောက်ပို့စ်ရဲ့ ရှင်းချက်မှာတော့ စာရေးသူဟာ ယခင်ကရော ယခုကာလတွင်ပါ ထိပ်တန်းအရာရှိတဦးအဖြစ် တာဝန်ယူထားသူ၏ စာမူဟု ဆိုသည်။ သူက စစ်တပ်တွင် တာဝန်ထမ်းခံဖူးသူဖြစ်သည်။ သူ့လုံခြုံရေးအတွက် အမည်ဖော်ပြခြင်း မပြု တဲ့။သူ့စာထဲမှာလည်း ပြီးခဲ့သည့် နှစ် ၄၀ အတွင်း ဌာနအသီးသီးတွင် တာဝန်ယူခဲ့ဖူးသူ ဆိုပြီး သူ့ကိုယ်သူ ညွှန်းထားပါတယ်။
တကယ်ပဲ လုပ်သက် ၄၀ ရှိ အတွင်းသိပဲ ထားပါတော့။ သူ ဘယ်သူလဲ ဆိုတာထက် သူဖွင့်ချတာတွေ ဟုတ်မဟုတ် ဆိုတာက ပို အဓိက ကျပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟုဆိုသူများ”ကို မလွှတ်ပေးသည့်အတွက် အစိုးရကို တချို့က ဝေဖန်နေကြသည် ဆိုတဲ့ အရေးအသားမျိုးကိုကြည့်ရင်တော့ အတွင်းသိတဦး၊ အစိုးရထဲကလူ ဆိုတာတော့ ဟုတ်ပုံရတယ်။
“ယခင်အစိုးရအာဏာပိုင်တို့က နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်” ဆိုတဲ့ အရေးအသားကြောင့်လည်း ဒီဆရာဟာ ဒီပုတ်ထဲက ဒီပဲ ဆိုတာ သေချာပါတယ်။ ဒီဆရာဟာ ဦးဝဏ္ဏမောင်လွင်များလား။ သမ္မတရဲ့အကြံပေးအရာရှိ ဒေါက်တာ နေဇင်လတ်လား။ မသိပါ။

တရုတ်အစိုးရကို ပိုမို မှီခိုရမည်
စီးပွားရေးပိတ်ဆို့မှု အလုပ်မဖြစ်ဘူး၊ ရုပ်သိမ်းကြစမ်းဗျာ လို့ ဒီစာမှာ တွေ့ပါတယ်။ ဒီစာ ဘန်ကောက်ပို့စ်မှာ ပါတဲ့ အချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂမှာ အလားတူ အော်ချက် ထုတ်ပါတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပါ၊ အကျဉ်းသား လွှတ်ပါမယ် တဲ့။ ဒီဆရာကတော့ ဦးဝဏ္ဏမောင်လွင်လို အကျဉ်းသားလွှတ်မယ်လို့ အာမ မခံပါဘူး။

“အနောက်နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လုပ်လျှင်၊ ထပ်မံ တိုးချဲ့လျှင် မြန်မာပြည်က တရုတ်နှင့် ပိုမို နီးကပ်သွားမည်ဖြစ်သည်” တဲ့။ တရုတ်ကို အသားပေးပါတယ်။ ပိတ်ဆို့မှုကြောင့် တကယ်ပဲ ဒီအစိုးရ ဒုက္ခရောက်နေသလား။ နာမည်ပျက်လို့ ထိုင်အော်နေတာများလား။

“တရုတ်အစိုးရ၏ လက်အောက်ခံဖြစ်သွားမည်ကို ကျွန်ုပ်တို့ မလိုလားပါ။ သို့သော်လည်း အနောက်နိုင်ငံတို့က ချောင်ထဲသို့ တွန်းပို့လျှင် ကျွန်ုပ်တို့အနေဖြင့် တရုတ်ကို ပိုမို မှီခိုရန်မှတပါး တခြား ရွေးစရာနည်းလမ်း မရှိတော့ပေ” တဲ့။ ဒါလည်း ယုတ္တိ မရှိပါဘူး။ တရုတ်ကြီးကပဲ နေပြည်တော်နဲ့ ရွှေလမ်းခင်းနေတာမဟုတ်။ အာဆီယံကိုကိုမမများလည်း နေပြည်တော်ကို ရွှေတံတား ခင်းနေတာ မဟုတ်ဘူးလား။ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုတာ ကျောက်တုံးကြီးမဟုတ်ဘဲ သူတို့ အသည်းခိုက်အောင် နာတဲ့ မြားတစင်း ဖြစ်နေပြီ ထင်ပါတယ်။

စိတ်ရှည်ပါ
နှစ် ၄၀ လုပ်သက်ရှိတယ် ဆိုတော့ နှစ် ၄၀ စကားလုံးပဲ ပြန်သုံးရပါတယ်။ စိတ်ရှည်ပါ တဲ့။
“တိုင်းပြည်၏ လူမှု၊ စီးပွား၊ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် အချိန်ယူမည်၊ အစိုးရသစ်ကို စိတ်ရှည်သည်းခံပေးရန် လိုအပ်ကြောင်း နိုင်ငံခြားအစိုးရများ၊ သက်ဆိုင်ရာ ပြည်သူများကို သိစေလိုသည်” တဲ့။
သူကတော့ ပြောပါတယ်၊ အစိုးရသက်တမ်း ၆ လပဲ ရှိသေးတယ်၊ စိတ်ရှည်ပါ တဲ့။ ဒီစကားလုံးက စစ်ဗိုလ်ချုပ်ကြီးများ တွင်တွင်သုံးခဲ့တာမဟုတ်လား။

အာဏာသိမ်းပစ်မယ်
စာအရေးအသားတော့ အင်မတန် ကောင်းပါတယ်။ အချက်အလက် စုံလင်တယ်။ ပြောချင်တာတွေကို လိုတိုရှင်း အကုန် ပါအောင် ပြောသွားတယ်။ လန်းတယ်။
“မြန်မာပြည်တွင် တပ်မတော်က အင်အားကြီးသော အဖွဲ့အစည်းဖြစ်နေဆဲပင်။ အကြောင်းပြချက်ကောင်းရှိလျှင် တပ်ခေါင်းဆောင်တို့က အချိန်မရွေး အာဏာသိမ်းရန် ၀န်လေးမည်မဟုတ်” တဲ့။ ကျုပ်ပြောနေတာတွေ သေချာစဉ်းစားကြနော်။ ကျုပ်ပြောသလို မလုပ်ရင် ဒုံရင်း ပြန်ဖြစ်သွားမယ် တဲ့။ ဒါတော့ ပြောနေတာ ကြာပေါ့။

သဘောထားကြီးမှု
ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့တဲ့ တိုက်ခိုက်တဲ့ အရေးအသားမျိုး သူ့စာမှာ လုံးဝ မတွေ့ရပါ။ “မှတ်ပုံတင်မထားသည့် NLD ကို အထိုက်အလျောက် လွတ်လပ်စွာ လုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုထားသည်” နဲ့ “သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီးပြီ။ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်” ဆိုတာတွေပဲ တွေ့ရပါတယ်။
ရန်သူကို လှုပ်ရှားခွင့်ပြုထားတာ နည်းတဲ့သဘောထားကြီးမှုမှမဟုတ်ဘဲ။

သတိပေးချက်
“အစိုးရက မကြာမီ စီးပွားရေး နှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ချမှတ်တော့မည်။ တိုင်းပြည်၏ စီးပွားရေး နိုင်ငံရေး ပြဿနာများကို ထိုမူဝါဒသစ်တို့ဖြင့် ကုစားမည်” လို့ ဆိုထားသလို “မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုသာ လိုသည်။ ထိပ်တိုက်ရင်ဆိုင်မှုကို မလိုအပ်ပေ” လို့လည်း သတိပေးထားပါတယ်။

ထိပ်တိုက်ရင်ဆိုင်တာ မလုပ်နဲ့လို့ နိဂုံးမှာ ခြိမ်းခြောက်ပါတယ်။ သူကတော့ ခြိမ်းခြောက်တဲ့သဘော ရေးတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

သုံးသပ်ချက်
ဒီစာက မူဝါဒရေးဆွဲသူ ချမှတ်သူတွေကို ပစ်မှတ်ထားတာသေချာပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ ဆရာကြီးနိုင်ငံတွေက ဆရာ့ဆရာကြီးတွေလည်း အခုလောက်ဆို ဒါကို ဖတ်ပြီးသလောက် ရှိမှာပါ။ ဒီစာဟာ သူပြောသလို အစိုးရအဖွဲ့ထဲက အတွင်းသိတဦး ရေးတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ၀ါရင့် သံတမန်များက နိုင်ငံတကာမှာ ပါးစပ်က အမြှုပ်ထွက်မတတ် ပြောနေတာတွေ ဖြစ်နိုင်ပါတယ်။

ရေးတာ ပြောတာတွေချည်းပဲ မဟုတ်ဘဲ လုပ်ပြ လှုပ်ပြမှ ဟိုဆရာကြီးများက သဘောကျမှာပါ။ နိုင်ငံရေးသမား တရာလောက် ပါတဲ့ အကျဉ်းသား နှစ်သောင်းလောက် လွှတ်ပြတာမျိုးပေါ့လေ။ အနည်းဆုံးတော့ အဲဒီလိုမျိုးလေးတွေ ၆ လ တခါလောက် လုပ်ပြသင့်ပါတယ်။ ဒါဆို အနောက်က ဆရာ့ဆရာကြီးတွေကို ချွေးသိပ်နိုင်ပါပြီလေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts