>Than Win Hlaing – Articles

>

ဧရာဝတီကိုဖျက်ဆီးမည့် ကြပ်ပြေးနေပြည်တော်မှ ကျပ်မပြည့်သော အစိုးရသစ်ဝန်ကြီးများ
သန်းဝင်းလှိုင်
စက်တင်ဘာ ၂၁၊ ၂၀၁၁


တကယ်တော့ ဧရာဝတီဟာ ကျနော်တို့နိုင်ငံရဲ့ မိခင်မြစ်ကြီး၊ ကျနော်တို့နိုင်ငံရဲ့အလှတရား၊ ကျနော်တို့နိုင်ငံရဲ့ သဘာဝအမွေတစ်ခုပါ။ ဧရာဝတီရဲ့သမိုင်းကြောင်းဟာ လွန်ခဲ့သောနှစ်ပေါင်း (၄၅) သန်းကျော်ကတည်းကရှိခဲ့တယ်လို့ ဘူမိဗေဒပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ မိခင်ဧရာဝတီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက် မြောက်လတ္တီကျု (၂၅) ဒီဂရီ (၄၅) မိနစ်၌ ရေခဲတောင်တန်းများကို မြစ်ဖျားခံ၍ မေခမလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွားဘက်တော် သဘာဝမြစ်ကြီးပါ။

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ဗဟိုချက်မနေရာများကိုဖြတ်သန်းစီးဆင်းကာ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းမြေနု အများဆုံး ပို့ချပေးနိုင်သော မြစ်ကြီးလည်းဖြစ်ပါတယ်။ မြစ်ဝှမ်းဟာ (၄၁၃,၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းတာမို့ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်ဝန်းရဲ့ (၆၁)ရာခိုင်နှုန်း လွမ်းခြုံထားပါတယ်။ ဧရာဝတီမြစ်ကြီးဟာ အလျား (၂၁၇၀) ကီလိုမီတာနီးပါးရှည်လျားပြီး မြန်မာပြည်တောင်ဘက်စွန်း ဘင်္ဂလား ပင်လယ်အော်ထဲသို့ စီးဝင် အဆုံးသတ်ပါတယ်။ မြန်မာပြည်မှာစပြီး မြန်မာပြည်မှာပဲ ဆုံးတဲ့ မြန်မာစစ်စစ်မြစ်ကြီး ဖြစ်တယ်။ ဒါ့အပြင် ဧရာ ၀တီမြစ်ကြီးဟာ မြန်မာပြည်ရဲ့အလယ်ကိုဖြတ်ပြီး စီးဆင်းတာကြောင့် တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တယ်။ ကြည့်ပါ မြစ်ကြီးနား၊ ဗန်း မော်၊ ရွေကူ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊မြင်းမူ၊ မြင်းခြံ၊ ပခုက္ကူ၊ ပုဂံ၊ ချောက်၊ စလေ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ မီးချောင်းရဲ၊ အောင်လံ၊ သရက်၊ ပြည်၊ မြန်အောင်၊ ကြံခင်း၊ ဟသာင်္တ၊ ဓနုဖြူ၊ ညောင်တုံး၊ မအူပင် စတဲ့မြို့တွေဟာ ဧရာဝတီမြစ်ကမ်းနဘေးက ထင်ရှားတဲ့မြို့တွေ ဖြစ်ကြပါတယ်။ ရှေးမြန်မာမင်းတွေရဲ့ နေပြည်တော်ဟောင်းတွေဖြစ်ကြတဲ့ ပုဂံ၊ အင်းဝ၊ သရေခေတ္တရာ၊ စစ်ကိုင်း၊ အမရပူရ စတာတွေဟာ ဧရာဝတီမြစ်ကမ်းနားဘေးက နန်းမြို့တွေပါ။ တကယ်တော့ ဧရာဝတီမြစ်ဟာ အထက်နဲ့ အောက် သွားလာပို့ဆောင်ရေးအတွက် အလွန် အားထားရတဲ့ သဘာဝအမွေအနှစ်မြစ်ကြီးပါ။ ချင်းတွင်းမြစ်အထက်ပိုင်းသစ်တောတွေက သစ်ဖေါင်တွေနဲ့ ၀ါးဖောင်တွေကို အောက်မြန်မာနိုင်ငံအထိ ကုန်ကျစရိတ် သက်သက်သာသာနဲ့ မျှောချနိုင်သလို မိုးနည်းဒေသတွေအတွက်လည်း ဧရာဝတီမြစ်ကို စိုက်ပျိုးရေးအတွက် အားကိုးနေကြပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောမြစ်ကြီး တစ်စင်းဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလုံ နေထိုင်ကြတဲ့အပြင် ဧရာဝတီမြစ်ဝှမ်းမှာ ငှက်စားကျက်နယ် မြေ (၄) ခု လည်း ရှိပါတယ်။

ဧရာဝတီမြစ်ကို နမ်ချောင်ရှမ်းတို့က “လူပေ” ဟု ခေါ်ခဲ့ပြီး မော်ရှမ်းတို့က“ကျောက်မျက်ရတနာ” လို့ အဓိပ္ပါယ်ရတဲ့ သူတို့ဘာသာစကားနဲ့ “နမ်းကျို” လို့ ခေါ်ခဲ့ကြပါတယ်။ တရုတ်တို့ကမူ ဤမြစ်ကြီးကို ရွေရောင်တောက်နေလို့ “လိရွေ” လို့ ခေါ်ခဲ့ကြပါတယ်။ အချို့ပညာရှင်များက ဧရာဝတီဝေါဟာရဟာ ဟိန္ဒီစကား “ဣရ၀တီ” မှ ဆင်းသက်လာပြီး ဧရာမမြစ်ကြီးဟု အနက်ရပါတယ်။ အချို့ကလည်း ဧရာဝတီအမည်ဟာ အိုင်ရာဝတီ (Irawati) ခေါ်သက္ကတ ဘာသာစကားမှ ဆင်းလားပြီး ဒဏ္ဍာရီလာနတ်သမီးငယ်တစ်ပါးလို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။

ဆရာတိုက်စိုးက ဧရာဝတီအမည်နဲ့ ဧရာဝတီမြစ်ကြီးအကြောင်းကို မှတ်တမ်းတင်ခဲ့သလို ဆရာဗန်းမော်တင်အောင်ကလည်း သမိုင်းတကွေ့ မှ အထင်ကရ ပုဂ္ဂိုလ်များအကြောင်းကို မြစ်မင်းဧရာပေါ်ဝယ် အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားခဲ့ဖူးပါတယ်။ အဆိုကျော်ခင်ဝမ်း၊ ထူးအိမ်သင် နဲ့ လေးဖြူတို့က ဧရာဝတီမြစ်ကြီးအကြောင်းကို သီချင်းရေးဖွဲ့ သီဆိုခဲ့ကြပါတယ်။ ထူအိမ်သင်ရဲ့ ဧရာဝတီမြစ်ကြီးကို တင်စားထားတဲ့ “ရာဇ၀င်များရဲ့သတို့သမီး” သီချင်းဟာ ယနေ့တိုင် လူငယ်များရဲ့ ရင်ခုန်စရာ အသည်းစွဲ သီချင်းတစ်ပုဒ်ပါ။

နို့ပေမယ့် ယခုအခါ ဧရာဝတီရဲ့အလှတရားနဲ့ ကျေးဇူးတရားကို အမျိုးမျိုး ထုဆစ်ခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက်ကမ္ဘာကလေးဟာ ကွယ်ပျောက်ရတော့မယ့်ကိန်း ဆိုက်နေပါပြီဗျာ။ အကြောင်းက ဒီလိုပါ။

အရပ်သားအရေခြုံ စစ်အာဏရှင်အစိုးရဟာ ဧရာဝတီမြစ်ကို ပိတ်ပြီး ဆည်နယ်မြေ အကျယ်အ၀န်း ၁၈၀၀၀ စတုရန်းမိုင်မှာ (၁၅၂) မီတာမြင့် တဲ့ တန်ဖရဲမြစ်ဆုံ ရေကာတာကြီးကို ပြည်သူလုထုဆန္ဒကို မျက်ကွယ်ပြုပြီး တရုတ်အစိုးရနဲ့ပေါင်းကာ အတင်းအဓမ္မတည်ဆောင်နေတဲ့ အတွက်မြစ်ရိုးတလျှောက် မှီတင်းနေထိုင်ကြတဲ့ ဧရာဝတီရဲ့သားသမီးတို့ဟာ ဒုက္ခမျိုးစုံရောက်ပြီး သဘာဝအရင်းမြစ်တွေ မျိုးကွဲဗီဇသတ္တ၀ါတွေ ကွယ်ပျောက်ပြီး ဘ၀ပျက်ရမယ့်အခြေအနေ ဆိုက်နေပါတယ်။ ပြီးတော့ အဲ့ဒီ ဆည်ကြီးကြောင့် ကျေးရွာပေါင်း (၄၇) ရွာဟာလည်း ရေ လွှမ်းမိုးခံရကိန်း ရှိနေပါတယ်။ တရုတ်အစိုးရ ဆိုတာကလည်း ကိုယ့်အကျိုးစီးပွားကလွဲလို့ ကမ္ဘာလူသားအကျိုးကို ဘာတစ်ခုမှ ထည့်မတွက်တတ်ဘဲ နိုင်ငံရေးဂုဏ်သိက္ခာ တစ်ပြားတစ်ချပ်မှ မရှိတဲ့ ကွန်မြူနစ်အာဏာရှင်အစိုးရဖြစ်ပါတယ်။

ဒီမြစ်ဆုံစီမံကိန်းကြီးကို ပြည်တွင်းပြည်ပ အတတ်ပညာရှင်များ၊ မီဒီယာလောကသားများ၊ စာပေအနုပညာရှင်များ၊ ပြည်သူများက ဒီစီမံကိန်းကြောင့် ပြည်သူအားလုံး ဘ၀ပျက်ကြမယ့် အခြေနေများကို သက်ဆိုင်ရာ ဌာနများကို တင်ပြခဲ့ကြပါတယ်။ ဒီမြစ်ဆုံစီမံကိန်းခေါ် မေခ-မလိခ ရေအရင်း မြစ်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံချက်ပြီးလို့ရှိရင် အကျိုးခံစားခွင့်ကို တရုတ်က (၇၀) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံအစိုးရက (၂၀) ရာခိုင်နှုန်း ကြားပွဲစားက (၁၀) ရာခိုင်နှုန်းယူမှာမို့ နိုင်ငံတော်အကျိုးအတွက်ရတာက တစ်နှစ်ကို ဒေါ်လာ သန်း (၅၀၀) ပဲ ရှိပြီးကြားပွဲ စားကတစ်နှစ်ကို သန်း (၂၅၀) ရသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ နှစ် (၃၀) စီမံကိန်းဖြစ်တာမို့ ကြားပွဲစားတွေဟာ ဒေါ်လာသန်းပေါင်း ၇၅၀၀ ရမှာမို့ ဒီစီမံကိန်းကို လူထုက ဘယ်လိုပဲ ကန့်ကွက် ကန့်ကွက်၊ သူတို့ဖို့ကတော့ ဒီစီမံကိန်း အပြတ်မခံနိုင်ဘူး ဖြစ်နေပါတယ်။

ဒီမြစ်ဆုံရေကာတာစီမံကိန်းမှာ အဓိကပါဝင်နေတဲ့ ကြားပွဲစား ကုမ္ပဏီကတော့ အေရှဝေါလ်ကုမ္ပဏီလီမိတက်(Asia World Co.Ltd) ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းစုမျိုးစုံကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ နာမည်ပျက်စာရင်းဝင် ဘိန်းဘုရင်လော်စစ်ဟန်က ၁၉၉၂ မှာ တည်ထောင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ ကုန်သွယ်ရေး လုပ်ငန်း၊ အခြေခံအဆောက်အဦ အိမ်ယာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ထောက်ပံ့ရေး လုပ်ငန်းများနှင့် ပရောဂျက်စာချုပ် လုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။ ကုမ္ပဏီရဲ့ဥက္ကဋ္ဌက လော်စစ်ဟန်ကိုယ်တိုင်ဖြစ်ပြီး သူ့သား ထွန်းမြင့်နိုင်ခေါ် စတီဗင်လောကတော့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါတယ်။ စတီဗင်လောဟာ ဘိန်းကုန်ကူးရာမှာ ပါဝင်ပတ်သက်တဲ့ အတွက် မသင်္ကာဖြစ်ခံရပြီး ၁၉၉၆ မှာ အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံရပါတယ်။ အဲ့ဒီလိုနာမည်ပျက်ခဲ့သော်လည်း အေရှဝေါလ်ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် စီးပွားရေး လုပ်ခွင့်ရပြီး လက်ရှိ အာဏာရှင် အစိုးရ အကြီးအကဲတွေနဲ့ ဝေစားမျှစား ပုံစံဖြင့် မကြုံစဖူးအောင် အောင်မြင်မှုတွေ ရနေပါတယ်ဗျာ။ စတီဗင် လောဟာ လုပ်ဖော်ကိုင်ဘက် တစ်ဦးဖြစ်သူ စကာင်္ပူနိုင်ငံသူ စီစီလီယာငက် (Cecilia Ng) နဲ့ လက်ထပ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ စကာင်္ပူ ရင်းနှီးမြှုပ်နှံမှုများရဲ့ တ၀က်ကျော်ကို ပိုင်ဆိုင် လွမ်းမိုးထားပါတယ်။

ကြားပွဲစားတစ်ယောက်ဖြစ်တဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဇော်မင်းက ၂၀၁၁ စက်တင်ဘာ (၁၁) ရက် နေ့၊ နေပြည်တော် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်လို ကန့်ကွက်မှုတွေ ရှိနေတာဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်။ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

၎င်းက …
“အခုတလလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမှီ လိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခု ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲ လို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျနော်တို့က အကြို အင်ဂျင်နီယာ လုပ်ငန်းတွေ ဖြစ်တဲ့ စီမံကိန်း တည်ဆောက်မယ့် ဧရိယာကို ရှင်လင်းခြင်း လုပ်ငန်းတွေ၊ စီမံကိန်း ဧရိယာထဲမှာရှိတဲ့ လူတွေကို ဖယ်ရှားတဲ့လုပ်ငန်းတွေ ၊ နောက်တစ်ခါ လုပ်ဆောင်စရာတွေရှိတဲ့လုပ်ငန်းတွေ ဆက်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲ့ဒီနေရာက တစ်နှစ် မှာ (၆) လလောက်ပဲ လုပ်လို့ ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်း ရပ်နေတယ်။ နွေရာသီစတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျနော်တို့စလုပ်တဲ့အချိန်ကစပြီးတော့ (၈) နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သကပြီးတော့ နောက် မဆုတ်ပါဘူး။ အဲ့ဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခု မေးပါတယ်။ နောက်မဆုတ်ပါဘူး၊ ဆက်လုပ်မှာဖြစ်ပါတယ်။ ကုလက ထပ်မံစစ်ဦးမှာလား။ ကုလနဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော်တို့ နိင်ငံနဲ့ပဲဆိုင် ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့နိင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျနော်တို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်ပါတယ်။ ဒီအမျိုးသား အကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကတော့ နောက်မှရှင်းမယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

ပြီးတော့ ၎င်းကဆက်၍ …
“ဒီစီမံကိန်းဟာ တရုတ်ကို အကျိုးရှိတဲ့ စီမံကိန်းလို့ ပြောတယ်။ မြန်မာပြည် အကျိုး မရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်း လုပ်တိုင်းမှာ ကျနော်တို့နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာကိုယ် လုပ်မှာပေါ့။ ဒါနံပါတ် (၁) ပိုက်ဆံရှိ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီ လျှပ်စစ်ကို ဘယ်သူသုံးမှာလဲ။ ကျနော်တို့နိင်ငံမှာ အခု မဂ္ဂါဝပ် (၁၅၀၀) ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲ့ဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာ မရှိရင် ဈေးကွက်ရဲ့သဘောအရ ရောင်းစားမှာပေါ့။ သုံးစရာ မရှိရင် ရောင်းစားရမယ့် လုပ်မယ့် လူလာရင် ၀ယ်သုံးရမှာ ။ ဒါဈေးကွက်ရဲ့ သဘောပဲ။ ကျနော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကိုခေါ်ပြီးတော့JVDI နဲ့ လုပ်ကြမလား။ ကျနော်တို့က အခမဲ့စွမ်းအင် (၁၀) ရာခိုင်နှုန်း အလကားရတယ်။ ဒီကောင်က (၁၈,၀၀၀) ထွက်ရင် ကျနော်တို့က (၁၈၀၀) အလကားရမယ်။ နောက်တစ်ခါ (၂၈၀၀၀) ထွက်ရင် (၂၈၀၀) အလကား ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက် ရင်းနှီးမြှုပ်နှံတယ်။ ကျနော်တို့ရဲ့သဘာဝ အရင်းအမြစ်ကို သုံးတာ ဖြစ်တဲ့အတွက် (၁၅) ရာခိုင်နှုန်း အရင်းထည့်ပေးရတယ်။ ကျနော်တို့အရင်း ကျနော်တို့ အခမဲ့ဝေစု (၁၅) ရာခိုင်နှုန်းရတယ်။ ဒီလျှပ်စစ်က (၂) နိုင်ငံ သုံးခွင့် ရှိတဲ့အတွက် (၂) နိုင်ငံလုံး သုံးခွင့် ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျနော်တို့ကြိုက်သလောက် ၀ယ်သုံးလို့ ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ (၈) ရာခိုင်နှုန်း စီပွားရေးအခွန်ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ (၃၀) ရာခိုင်နှုန်း၊ ကျနော်တို့ အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား အမြတ်ဖြစ်တဲ့ အမြတ်ရဲ့ (၃၀) ရာခိုင်နှုန်း ဝေစုရရှိတယ်။ with holding tax ရတယ်။ သူ့ကို ခွင့်ပြုချိန် ကာလတစ်ခု ပေးလိုက်ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီး ထားခဲ့တော့၊ ကိုယ့်နိုင်ငံ အပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့ တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီအိမ်နီးချင်းနိုင်ငံမှတစ်ပါး အခြားကို ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်။ ထိုင်းကိုရောင်းလို့ရမယ်။ အိန္ဒိယကိုရောင်းလို့ရတယ်။ ဘင်္ဂလားဒေရှ့်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့ ရောင်းလို့မရဘဲကိုး”

“ပြီးခဲ့တဲ့လ (၉) ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ်ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါူကို ကျနော်ပဲ တည်းဖြတ် ပြီး ကျနော်ပဲရေးပြီး ကျနော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမဲ့ ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစားရှင်းလင်းပွဲ လုပ်ပါတယ်။ ညွှန်ချုပ် မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့၊ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ် ပြောလိုက်။ ငါရေးတယ် ဆိုလို့ရှိရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျနော်ပဲရေးလိုက်တာ” ဟုလည်း ပြောကြားခဲ့ပါတယ်။ ၀န်ကြီးဇော်မင်းဟာ၂၀၀၆ မေလမှာ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ၀န်ကြီး ဖြစ်လာသူပါ။

လျှပ်စစ်ဝန်ကြီးရဲ့ ငါ့စကားနွားရပြောဆိုချက်နဲ့ပက်သက်ပြီး အီလဲဗင်း မီဒီယာအုပ်စုရဲ့ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် က ….
“ဒီမိုကရေစီကိုဖော်ဆောင်မယ့်၊ ဒီမိုကရေစီခြေလှမ်းကို လှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့ အတွက် အင်မတန် စိတ်ပျက်မိတယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျနော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခုနိုင်ငံမှာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလည်း အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူ လူထုကလည်း စိတ်ချမ်းသာစပြုနေပြီ။ အဲ့ဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကား မှန်မမှန်ကို သမ္မတကြီးနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီး အကျယ် ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျနော်က စတုတ္ထမဏ္ဍိုင် တစ်ယောက်အနေနဲ့ ကျနော်တို့ တိုင်းပြည် အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) သဘာဝ ပတ်ဝန်းကျင်ရဲ့ ပြဿနာတစ်ခုတည်း မဟုတ်ဘူး။ (၂) ဒါဟာ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးခေါင်းစဉ်တစ်ခု မဟုတ်ဘူး။ ဒီဟာက အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီး အနေနဲ့ နိုင်ငံအကျိုးပြုသူ လူထု အကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းစေချင်ပါတယ်” ဟူ၍ သူ၏ အမြင်ကိုပြောကြားခဲ့တယ်။

စာရေးဆရာအယ်ဒီတာ မောင်ဝံသကလည်း …
“စီမံကိန်းကို တိုင်းသူပြည်သားတွေက ဘက်မလိုက်ဖို့ ၀ိုင်းဝန်း တောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်း မြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လက်လုပ်မယ် ဆိုရင်လည်း ပြည်သူတွေ တင်မြှောက်ထားတဲ့ ပြည်သူ ကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေ ရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်သင့်တယ်။ နောက်ပြီး စတုတ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို တိုင်းပြည်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်လို့ ပြောတဲ့အခါမှာလည်း ကိုယ့်အကျိုး ဘယ်ကရမှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနတ်နှင့် အခြား လူမှု ဆက်သွယ်ရေး နယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုးကျိုးက ပိုများနေတယ်။ အကျိုးများမှာ တရုတ်က ယူမယ့် အကျိုးက ပိုများနေတယ်။ အဲ့ဒါတွေ မဟုတ်ဘူး ဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ခြေလှမ်းတွေ၊ အဲ့ဒါတွေ ကြိုးစား လုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူ လူထုက အစိုးရအဖွဲ့အသစ်ပေါ် ကိုင်းညွတ်တာတွေ၊ မျှော်လင့်ချက်ထားတာ တွေရှိလာတယ်။ ဒီလို အချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုနေတာတွေကို ဆက်လုပ်နေမယ် ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲဖစ်လာလိမ့်မယ်။” ဟူ၍ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

အီလဲဗင်းမီဒီယာအုပ်စု မန်းနေဂျင်းဒေါက်တာသိန်းမြင့်ကလည်း …
“ကျနော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျနော်တို့ရဲ့ စွမ်းအင်သုံးဆွဲမှုက အခုအထိ ကျောက်ခေတ်အတိုင်း ရှိနေမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ မဖြစ်သေးဘူးလား။ အခု တည်ဆောင်နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ် စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်း တွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ။ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင် တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်း ခံရမှာပဲ။ ဒါက သမိုင်းရဲ့ သဘောလည်းဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ ၀န်ကြီး ကို ပြောချင်ပါတယ်” ဟူ၍ တင်ပြခဲ့တယ်။

စာရေးဆရာကြီး လူထုစိန်ဝင်းကလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်၍ သူ၏အမြင်ကို ဤသို့တင်ပြခဲ့ပါတယ်။
“ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက် ပြော နေကြတာ မဟုတ်ဘူး။ ပြည်တွင်းပြည်ပ ပညာရှင်တွေ လေ့လာ သုသေသနပြုထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို ဖတ်ရှု လေ့လာပြီး ရေးနေကြတာ ဖြစ်တယ်။ ပြည်သူတွေ အားလုံးကလည်း ဒီစာရွက်စာတမ်း အထောက်အထားတွေကို သိရှိကြတဲ့အတွက် တောင်းဆိုနေကြတာဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် တောင်းဆိုနေတာကို လစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်မယ် ရှေ့ဆက် လုပ် မယ် ဆိုရင် ပြည်သူလူထုက မဖြစ်ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲဖြစ်တယ်”

ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ကလည်း သူ့အမြင်ကို အောက်ပါအတိုင်း တင်ပြခဲ့ပါတယ်။
“ရေအားလျှပ်စစ် စီမံကိန်းတွေ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ရမယ်။ စီမံ ကိန်း မစခင် ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေ ချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုပဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် နောက်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီး ဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့ မရတော့ဘူး။ ဒါကြောင့် တခုခု လုပ်ရင် ဘယ်လို အကျိုးဆက်ရှိမလဲ သေချာ တွက်သင့်တယ်။ လုပ်ထိုက် မလုပ်ထိုက် တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေ များရင် ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံ စီမံကိန်းကလည်း မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင် လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့ သိရတယ်။ အချက်အလက် တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန် သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထားဖို့ လို့တယ်”

မြန်မာနိုင်ငံဌာနေ ရိုက်တာသတင်းဌာန သတင်းထောက် ဦးအောင်လှထွန်းကလည်း …
“ဒီပရောဂျက်ကို စပြီး လုပ်ကတည်းက ပွင့်လင်း ထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီ ဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်းမဟုတ်ပါဘူး။ ကိုယ့်ပစ္စည်းလို လုပ်လို့မရဘူး။ နိုင်ငံသားတိုင်းကို ချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေ သိအောင် ချပြရမယ်။ မီဒီယာတွေ ကို ပွင့်ပွင့် လင်းလင်းပြောပြီး မီဒီယာတွေက တဆင့်ပြောရမှာပါ။ အခုက ဘွားကနဲ ပေါ်လာပြီးမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခု ဆက်ပြီး လုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နစ်ရပါတယ်။ တရုတ်နိုင်ငံမှတောင် သူတို့ရဲ့ Three Gorges Dam အတွက် နောင်တရတာတွေ ပြန်ပြီး သုံးသပ်တာတွေ လုပ်နေပါတယ်။ ကျနော်တို့လည်း နောက်မကျသေးပါဘူး။ ကျနော်ကတော့ စီမံကိန်း ဆက်မလုပ်ဖို့ စဉ်းစားစေချင်တယ်။ ပွင့်လင်းမှု ရှိရှိ ချပြစေချင်ပါတယ်။ အခု လွှတ်တော်ပေါ်လာပြီ ဆိုတော့ လွှတ်တော်က တဆင့် ချပြစေချင်ပါတယ်” ဟူ၍ သုံးသပ်တင်ပြခဲ့သည်။

မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်း ဥက္ကဌဦးစိုးညွှန့်ကလည်း သူ၏အမြင်ကို ဤသို့ ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့ သည်။
“တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ မြစ်ဆုံ ကိစ္စမျိုးကို ပြည်သူတွေက ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒီလိုဆက်လုပ်မယ် ဆိုရင် ဘာတွေဖြစ်မယ် မဖြစ်နိုင်ဘူး စတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းရမဲ့ အချိန်လည်း မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြော ရမဲ့အချိန်မှာ၊ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောက်တစ်ချိန်မှာ မှားသွားပြီ ဆိုရင်လဲ ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ်ဖြစ်နေပြီ အစွဲအဟောင်းတွေ ပြုတ်ဖို့လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲ ယူပြီး မကောင်းတာ မယူချင်တော့ဘူး”

စာရေးဆရာမ ဂျူးကမူ …
“ဧရာဝတီဟာ ကျမတို့နိုင်ငံရဲ့အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုး မဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန် တန်ဖိုးကြီးပါတယ်။ နောက်ပိုင်းနှစ်များစွာအထိ မြေးမြစ်တွေထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံ ကိုရော၊ ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်” ဟူ၍ အမြင်ကိုပြောကြားသွားသည်။

မိုးလေ၀သနှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က …
“ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်မယ့် ကိစ္စကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်။ ဧရာဝတီမြစ်ကို ရေကာတာ ဆောက်မယ်။ ရေအား လျှပ်စစ်တွေ ထုတ်လုပ်ဖို့ ဖွံ့ဖြိုး တိုးတက်ဖို့၊ ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့ အတွက် ဘယ်လို ပေးဆက်နေရသလဲ ဆိုတာ ကျနော်ပြောပြချင်ပါ တယ်။ တရုတ်နိင်ငံမှာ ကန့်ကွက်မှုတွေ ရှိတော့ ရေအားလျှပ်စစ် အတွက် နေရာသစ်ရှာတဲ့ အခါမှာ မြန်မာနိုင်ငံကို တွေ့သွားတာပါ။ လွန်ခဲ့တဲ့ (၈) လက ဧရာဝတီမြစ်ဆုံကို ကျနော် ပထမဆုံး ရောက်ဖူးသွားပါတယ်။ တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ်ဖြစ်ပါတယ်။ အခုဆိုရင် ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် (၁၀) ခုထဲမှာ (၁) ခု ပါဝင်နေပါတယ်။ နောက်ဆိုရင် (၁၁) ခုဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ (၁) ခုကတော့ ဧရာဝတီမြစ်ပါ” ဟူ၍ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

မည်သို့ဆိုစေ လက်ရှိအရပ်သား အရေခြုံအစိုးရသစ်ဟာ လူထုဘယ်လိုပဲ ထောက်ပြ ထောက်ပြ အလေးမထားပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ထားဖြင့် ဆက်လက် လုပ်ဆောင်သွားမှာ ဆိုတာကို လျှပ်စစ်ဝန်ကြီးရဲ့ ငါ့စကားနွားရ ပြောဆိုချက်ကိုကြည့်ရင် သိသာလှပါတယ်။ ဒီလူတွေရဲ့ဦးနှောက်ဟာ လက်ဝါးပေါ် တင်ကြည့်ရင် ဂေါ်လီလုံးလောက်သာသာ ရှိတာမို့ သူတို့ရဲ့ အတွေးအမြင်နဲ့ စဉ်းစား သုံးသပ်ချက်တွေဟာ ကိုယ့်အကျိုးအတွက် အမြတ်အစွန်းရမယ် ဆိုရင် မြန်မာပြည်ကြီး ဘာဖြစ်နေနေ လူထုဆန္ဒ ဘယ်လိုရှိရှိ၊ ဧရာဝတီမြစ်မကလို့ မြန်မာပြည်မြေပုံကြီး ကွယ်ပျောက်သွားသည့် တိုင်အောင် ဘနဖူးသိုက်တူးမဲ့ မိစ္ဆာတွေမို့ ဆက်လုပ်သွားမယ် ဆိုတာ အသေအချာပါပဲ။

ဒါကြောင့်မို့ ပြည်သူအားလုံးဟာ လက်ရှိအရပ်သားအရေခြုံ ဒီမိုကရေစီမျက်နှာဖုံး စွပ်ထားတဲ့ အာဏရှင် အစိုးရကို ညီညီ ညွတ်ညွတ်နဲ့ တိုက် ခိုက်ဖြိုချသွားရာမှတပါး အခြား မရှိတော့ပါကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts