>Saung Yun La – Home Comming Poem

>

နောင်အနှစ်၂၀အကြာအိမ်အပြန်ခရီးတရက်မှာ
ဆောင်းယွန်းလ
စက်တင်ဘာ ၂၀၊ ၂၀၁၁
အရောင်လွင့်အနားဖွာ ဂျင်းဘောင်းဘီတထည်လို ကောင်းကင်နဲ့
အရင်လိုမဟုတ်တော့တဲ့ ဝေလီဝေလင်းမနက်ခင်းတခုက
အရင်လိုလက်ဖက်ရည်တခွက်နဲ့ ဧည့်ခံဖို့ကိုလည်းပျက်ကွက်ခဲ့လေပြီ။
ချွေးတဒီးဒီးကျအောင်ဈေးစကားပြောနေကြတဲ့ လမ်းမတွေပေါ်မှာ
ရွေ့လျားမှုမှန်သမျှဟာသုတ်သီးသုတ်ပျာနဲ့
ခေတ်နဲ့လိုက်လျောညီထွေရာသီဥတုတွေကလည်း သုတ်သီးသုတ်ပျာနဲ့
လှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်းရင်ထဲမှာ မြစ်တစင်းခမ်းခြောက်သွားခဲ့ရတယ်။

အိမ်အပြန်ခရီးရထားကြီးတစီးပေါ်ကိုအရောက်မှာ
ရှေ့တည့်တည့်ကိုဝင်ထိုင်လိုက်သူရဲ့ မျက်နှာဟာ အပူရောင်
လူယောင်ဆောင်ထားတဲ့စက်ရုပ်တကောင်ကတော့ ဘူတာတခုမှာ ဆင်းသွားတယ်
သောကတွေကိုမိတ်ကပ်ဖို့ထားတဲ့ မျက်နှာတချို့က ဘူတာတခုမှာ တက်လာတယ်။

စာသားနှစ်ကြောင်းနဲ့သီချင်းလုပ်ထားတဲ့ တေးတပုဒ်က
မျက်နှာကျက်ဆီကနေအသံခပ်အုပ်အုပ် လိမ့်ဆင်းပြုတ်ကျလာတယ်
အပျင်းဖြေစရာကဗျာတပုဒ်ကို အာရုံအံဝှက်ထဲက ဆွဲထုတ်ပြီးဖတ်မိတော့
နှာစေးနေတဲ့နှစ်ကာလတွေရဲ့ ပါဒတခုက ရင်ဝကိုဆောင့်ကန်တယ်။

နာနာကျင်ကျင်ရှိတာနဲ့ဆွေးဆွေးမြေ့မြေ့မြင်ကွင်းတွေကို
စေးကပ်ကပ်လက်ဖဝါးတဖက်နဲ့ဖုံးအုပ်ပြီး
အိတ်ကပ်ထဲကလေယာဉ်လက်မှတ်ဟောင်းတစောင်ကို
အေးစက်စက်ကျန်လက်ဖဝါးတဖက်နဲ့လုံးခြေပစ်လိုက်မိတယ်။

မနေ့ညတုန်းကမက်ခဲ့တဲ့အိပ်မက်တွေက အပြာ
သက်ရှိပြငိပကမ္ဘာကိုလှမ်းကြည်မိတော့
မြင်ကွင်းတွေကအနာနဲ့ဆေးမတည့်သလို အဖာအထေးတွေ ပိုသီပတ်သီနဲ့။

ငယ်ငယ်တုန်းကလိုလမ်းတလျှောက်စိမ်းစိုနေခဲ့ဖူးတဲ့ သစ်ပင်တောအုပ်ကြီးတွေလည်း
လူတချို့ရဲ့ညစာစားပွဲတွေထဲမှာ တည်ခင်းဧည့်ခံနေရလို့ … တဲ့
မြို့ပြဟာမြို့ပြနဲ့တူအောင် တိုက်တာအဆောက်အအုံတချို့က မိုးထိုးနေကြပေမယ့်
လူတွေကလူတွေနဲ့မတူအောင် ဂုဏ်သိက္ခာနဲ့စိတ်ဓာတ်တွေ မြေလျှိုးသွားကြပြီ … တဲ့
အပြားကမ္ဘာမှာမကြားဖူးတာတွေကြားနေရပြီး မမြင်ဖူးတာတွေမြင်နေရပြီ … တဲ့
ပေါများခဲ့ဖူးတာတွေရှားပါးသွားခဲ့ကြပြီး ရှားပါးခဲ့တာတွေ ပေါများလာခဲ့ကြပြီ … တဲ့။

အရှိတရားတွေကမ်းပျောက်အသိတရားတွေခမ်းခြောက်လာခဲ့ပုံများ ယုံမှားဖွယ်ရာမရှိ
ငြိနေတဲ့အတွေးရဲ့ပြင်ပကမ္ဘာကို ခုန်ဆင်းထွက်လိုက်မိမှ
စီးလာတဲ့ရထားဟာခရီးဆုံးဘူတာမှာ ရပ်နားလိုက်ကြောင်း သတိထားလိုက်မိတယ်။

အငိုက်မိနေတဲ့အတွေးတွေထဲကခုန်ထွက်လွတ်မြောက်လာပြီး
စီးလာတဲ့ရထားပေါ်ကနေအိပ်ငိုက်နေတဲ့မြို့ပေါ်ကို တလှမ်းချင်း လှမ်းလျှောက်လာခဲ့မိတယ်
လမ်းဟောင်းကလေးပေါ်မှာလူအသစ်တွေကို တွေ့လိုက်ရသလို
လူအသစ်တွေပေါ်မှာတော့စိတ်အဟောင်းတွေကို တွေ့လိုက်ရတယ်။

အရင်လိုလမ်းဟောင်းလေးနံဘေးက
အရင်လို သဘာဝတရားကိုတေးလုပ်ဆိုတတ်တဲ့ အရင်လို မြစ်မင်းဧရာ
အခု….မရှိရှာတော့ဘူး….။           

ဒီလိုနဲ့..ငါအမှောင်ကိုတံခါးခေါက်လို့ ညအပေါက်ထဲကို တိုးဝင်ရောက်ခဲ့မိလေတယ်
တမြန်နေ့ကလေယာဉ်ပျံကြီးစီးပြီး ခဏဝင်နားလာခဲ့ရတဲ့ ပီကင်းမြို့ကြီးကတော့
ငါနဲ့အဝေးဆုံးတနေရာဆီမှာလျှပ်စစ်မီးတွေထိန်ထိန်သာလို့ပေါ့….။                   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts