>Ashin Nyarnikar biwuntha – Articles

>

ကုသိုလ်သည် ဘယ်မှာလဲ
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၁၈၊ ၂၀၁၁


ရွာဦးကျောင်းက ခေါင်းလောင်းသံ ကဗျာလေးနဲ့ပတ်သက်ကြီး ခေါင်းလောင်းသံ ငါတို့ကြားဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်၊ အမျှ ဘာကြောင့် ယူရတယ်ဆိုပြီး စာတစ်ပုဒ်၊ စာနှစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ပထမဆောင်းပါးကို ဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဆောင်းပါးထဲမှာ ငယ်စဉ်က ကစ္စည်းသဒ္ဒါကြီးစာအုပ်ထဲမှာ သင်ယူခဲ့ဘူးတဲ့ “ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။ သတဉ္စ ဓမ္မောန ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ” ဆိုတဲ့ဂါထာလေးအကြောင်းကို ထည့်ပြောလျင် ပိုပြည့်စုံမယ်။ တပည့်တော်တော့ မြန်မာပြည်ရောက်ရင် တရားဟောဖို့ တရားတစ်ပုဒ်ရပြီဆိုပြီး လောလောဆယ် နယူယောက်မှာရောက်နေတဲ့ ဓမ္မဘေရီဆရာတော်က အကြံပြုစကားနဲ့ မုဒိတာ စကား မိန့်ကြားပါတယ်။

ဆရာတော်အမိန့်ရှိတဲ့ ပါဠိဂါထာလေးက ဓမ္မပဒ ဇရာဝဂ်မှာလာတဲ့ ဂါထာလေး။ ဒီဂါထာလေးက သံဃာတော် များရဲ့ ပါဠိစာပေသင်ကြားရေးမှာ အခြေခံဖြစ်တဲ့ ကစ္စည်းသဒ္ဒါကြီးကျမ်းထဲမှာ ပါဠိပြယုဂ်တစ်ခုအဖြစ် ထည့်သွင်းထားတာ။ ကစ္စည်းသဒ္ဒါကျမ်းက မြန်မာပြည်စာသင်သား အားလုံးနဲ့ မကင်းနိုင်တဲ့ကျမ်းမို့ ဒီဂါထာလေးကိုလည်း စာသင်သားအားလုံး ငယ်စဉ်ကတည်းက အလွတ်ရနေကြတာ။

ဒီဂါထာလေးကိုရနေတာ နှစ်ကာလကြာညောင်းခဲ့ပေမယ့် ထင်သာမြင်သာ ဇရာတရားက ကိုယ့်အပါးကို မကပ်လာသေးတော့ ဒီစကားလေး ကပြောပြတဲ့ သံဝေဂတရားက သိပ်အားကောင်းစွာ မထင်လာခဲ့ဖူးသေးဘူးလေ။ ခုနောက်ပိုင်းမှာတော့ ဇရာရဲ့လက်ချောင်းတွေက အား ကောင်းမောင်းသန်စွာပဲ ကိုယ့်ရဲ့ခြေလက်ခေါင်းခါး နေရာတော်တော်များဆီကို ထိတွေ့စမ်းသပ်လာလေပြီမို့ ရွှေဇရာကို မျက်နှာလွှဲထားလို့ မရနိုင်အောင်ကိုပဲ ဖြစ်နေရပြီလေ။

ဇီရန္တီဝေဆိုတဲ့ ပါဠိဂါထာလေးရဲ့ မြန်မာလိုအဓိပ္ပါယ်က “ရတနာတို့ဖြင့် ကောင်းစွာဆန်းကြယ်သော မင်းတို့၏ရထားတို့သည် ဆွေးမြေ့ အိုမင်းကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော် သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်။ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏” လို့ ဆိုလိုပါတယ်။

ဆရာတော်အမိန့်ရှိပြီးတဲ့နောက်ရက်ဖြစ်တဲ့ ဒီနေ့မှာပဲ ဒကာမကြီး ဒေါ်သိန်းကြွယ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လာတဲ့ဒကာကြီး ဦးကံထွန်း၊ ဒကာမကြီး ဒေါ်သိန်းကြွယ်နဲ့ နှမ ဒေါ်ခင်နှင်းမြင့်တို့ မိသားစုသုံးဦးကို ဒီအကြောင်းအရာလေး မွေးနေ့လက်ဆောင်အဖြစ် ဓမ္မ စကားပြောဖြစ်ခဲ့တယ်။

ပြောဖြစ်တဲ့စကားထဲမှာ ရုတ်တရက်စဉ်းစားဖြစ်တာလေးတွေကိုပါ ထည့်ပြောဖြစ်လိုက်ခဲ့တယ်။ အမှတ်မထင်စဉ်းစားမိလို့ ပြောလိုက်တဲ့ စကားလေးတွေက နောင်မှာပြန်ပေါ်လာချင်မှလည်း ပေါ်လာတတ်တော့တာ။ ငါ ဒီအကြောင်းအရာလေးကို တစ်မျိုးစဉ်းစားခဲ့ဖူးပါတယ်ဆို ပြီး သေသေချာချာ ပြန်စဉ်းစားပေမယ့်လည်း ဘယ်လိုမှပြန်ပြီး မပေါ်လာနိုင်တော့တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် မေ့ပျောက် မသွားပဲ အမှတ်တရဖြစ်ရလေအောင် စာတစ်ပုဒ်ရေးဖို့ပါ စိတ်ကူးပေါ်လာခဲ့တယ်။

နောက်ပြီးလည်း အိုမင်းရင့်ရော်မှုကိုအခြေပြုကာ ကုသိုလ်ဖြစ်အောင်နေထိုင်တတ်ဖို့ မကြာခဏဆိုသလိုပဲ သတိပေးနေမိတတ်တဲ့ ကိုယ့် ကိုယ်လည်း ခုထက်ပိုပြီး ကုသိုလ်ဖြစ်ဖွယ် အလုပ်လုပ်ဖြစ်လေအောင် တွန်းအားပေးရင်း စဉ်းစားမိတာလေးကို အများကိုဖြန့်ဝေလိုက်တဲ့ စာတစ်ပုဒ်လည်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ဇရာဧည့်သည် ပျော်ရွှင်စွာ မကြာမကြာလာလည်မှုကိုခံနေရတဲ့ အိမ်ရှင်တွေအတွက် အထူး ရည်ညွှန်းပါတယ်။

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အပေါ်ယံလွှာ ရုပ်ဝတ္ထုအကာတွေဆိုတာ ဘယ်လောက်ပင် ခန်းနားကြီးကျယ်အောင် လှလှပပဖြစ်အောင် တန်ဆာဆင်လို့ ချယ်သကာ ထားပါစေ။ အချိန်ကာလရဲ့တိုက်စားမှုက အဆုံးမတော့ အိုမင်းရင့်ရော်ဆွေးမြေ့ပျက်စီးခြင်းသို့ ရောက်စေနိုင်တယ်။ အနှစ်အမတေ အမြု တေလို့ဆိုနိုင်တဲ့ သူတော်ကောင်းတရားစစ်စစ် နိဗ္ဗာန်ဆိုတဲ့ တရားအနှစ်ကတော့ နှစ်ကာလတိုက်စားမှုဒဏ်ကို ခံနိုင်စွမ်းတယ်။ ဘယ်သော အခါမှာမှ အိုးမင်းဆွေးမြေ့သွားရိုး မရှိဘူးတဲ့။

ဇရာလက်နဲ့ ထိုးနှက်လိုက်တာကြောင့် ဗျာဓိဆိုတဲ့ နာကျင်သံစဉ် ထွက်တဲ့အကြောင်းကို ပထမဆောင်းပါးထဲမှာ ရေးလိုက်တာ။ အများတကာ ပြောတတ်တဲ့အတိုင်း အရွယ်ကစကားပြောလာပြီဆိုသလို အရွယ်က အိုမင်းရင့်ရော်မှုနဲ့စပ်တဲ့ ဆုတ်ယုတ်မှုတော်တော်များများကို သယ် ဆောင်လာခဲ့ပြီလေ။ သို့ပေမယ့် ကံကောင်းလှစွာပဲ အို ခြင်း မကပ်နိုင်တဲ့နေရာ၊ နာခြင်း မထိနိုင်တဲ့နေရာဆိုတာလည်း ရှိရမယ်ဆိုတဲ့အတွေးကို ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကျော်က သိဒ္ဓတ္ထဆိုတဲ့ လုလင်တစ်ယောက်က ငယ်ရွယ်စဉ်မှာပဲ တွေးခဲ့ဘူးတယ်။

သူတွေးမိတဲ့အတွေးကို တွေးနေရုံအဆင့်မှာ ရပ်မထားပဲ လက်တွေ့စူးစမ်းရှာဖွေဖို့ ဇနီးမယား သားနဲ့စည်းစိမ်တွေကို စွန့်လွှတ်ခဲ့တယ်။ လိုချင်တဲ့အရာကို အရရှာဖို့က အချိန်ပေးဖို့လိုတယ်။ အခြားသော တာဝန်တွေနဲ့ လုံးထွေးပိပြားကာ မနေဖို့လည်းလိုတယ်။ ဘဝဝဋ်နှောင် လူ့ရဲ့ဘောင်မှာ လုပ်ဆောင်စရာတွေက အများသားမို့ သူရှာလိုတဲ့အရာကို အနှောက်အယှက်ကင်းကင်း ရှာဖွေနိုင်ဖို့က လွယ်မယ်မဟုတ် ဘူးဆိုတာကိုလည်း သိတယ်။ ဒါကြောင့် လူသူဝေးရာ တောတွင်းတစ်နေရာကို ရွေးချယ်ခဲ့တယ်။

မပိုင်ဆိုင်သေးတဲ့အရာကို မရ ရတဲ့နည်းနဲ့ရှာဖွေခြင်း။ ပိုင်ဆိုင်တဲ့အရာမှန်သမျှကိုလည်း အနှိုင်းအဆမဲ့ သုံးဆောင်ခံစားခြင်း။ ပိုင်ဆိုင်မှုမှန် သမျှကတော့ အမှန်တရားရဲ့ ဆန့်ကျင်ဖက်၊ ခံစားသုံးဆောင်ခြင်းမှန်သမျှဟာ လည်း ဒုက္ခမီးတောက်စေဖို့ လောင်စာဆီထည့်ပေးခြင်းသက်သက်ပဲစတဲ့ အစွန်းရောက်အမြင်တွေဟာ အမှန်တရားရှာဖွေရေးမှာ မမှန်တရားတွေပဲဆိုတာကို လက်တွေ့ကျကျ သိမြင်ခဲ့တယ်။ အဲဒီလို သမားရိုးကျအမြင်တွေကနေ ဖောက်ထွက်ပြီး အလယ်အမှန်လမ်းနဲ့ ပန်းတိုင်ကိုရောက်ခဲ့တယ်။

သူလျောက်ခဲ့တဲ့လမ်းကိုလည်း အမှန်တရားလိုလားတဲ့ သူ့လိုခရီးသွားတွေ မပင်မပန်းရလေအောင်လည်း လမ်းပြဆောင်တော်မူခဲ့တယ်။ အမွန်မြတ်ဆုံးသော ရသကို ကိုယ်တစ်ဦးတည်းသာ ခံစားမယ်ဆိုတဲ့စိတ်ဓာတ် စိုးစဉ်းမျှပင် ကိန်းကပ်မနေခဲ့ဘူး။ မြတ်ဗုဒ္ဓရဲ့ မဟာ ကရုဏာအဦးပြုတဲ့ မုဒိတာစိတ်ထားဂုဏ်က အာရုံပြုလို့ မကုန်အောင်နိုင်အောင်ကိုပဲ မြင့်မြတ်ကြီးကျယ်လှပါတယ်။

အိုနာသေဆင်းရဲတွေနဲ့ လုံးထွေးရစ်ပတ်ကာ အတောမသတ် အမောမသတ်နိုင်တဲ့ ဒီသံသရာဇာတ်မျော ရေလျင်ကြောထဲမှာ အစဉ်ထာဝရ မျောပါနေရလျင် ဘယ်မှာ ငြိမ်းအေးသက်သာမှုဆိုတာ ရှိနိုင်ပါ့မလဲ။ ဒီသဘောကို ဉာဏ်နဲ့စောကြောကြည့်မယ်ဆိုရင် အသက်တစ်ရှုစာ လေးမျှပင် အာမခံချက်မရှိလှတဲ့ဘဝကို တွေ့မြင်ကြရမှာပါ။

ဆွေးမြေ့ပျက်စီးတတ်တဲ့သဘောတရားရှိတဲ့ ရုပ်နာမ်အစု တရားတွေနဲ့ပေါင်းစုထုလုပ်ထားတဲ့ ဒီခန္ဓာကိုယ်ခေါ်တဲ့ ရုပ်ပုံအကာတစ်ခုမှာ ဘယ်လိုလုပ် ခိုင်မာမှုဆိုတာရော ရှိနိုင်ပါ့မလဲ။ မခိုင်ခန့်တဲ့အခြေခံအပေါ် ခန္ဓာအိမ်တစ်ခုတည်ဆောက်ခဲ့လျင်ကော ဘယ်လိုလုပ်ခိုင်ခန့်မှု ဆိုတာ ဖြစ်နိုင်ပါ့မလဲ။ သို့ပေမယ့် အကာလို့ခေါ်ဆိုနိုင်မှုမှာကိုက အနှစ်ဆိုတာလည်းရှိနိုင်သေးတယ်လို့ ပြောလိုက်တဲ့သဘော။

ဒီသဘောကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းကာသိရှိတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓက “အဆန်းတကြယ်တန်ဆာဆင်ထားတဲ့ မင်းစီးရထားတွေ၊ အမွှေးနံ့ သာ ချယ်သထားတဲ့ ခန္ဓာကိုယ်တွေ အိုမင်းဆွေးမြေ့ပေမယ့် သူတော်စဉ်များ နှစ်သက်ခင်မင်ပြစ်မထင်တဲ့အမတဆိုတဲ့ သူတော်ဓမ္မ နိဗ္ဗာန် ကတော့ ဘယ်သောအခါမှ အိုဟောင်းဆွေးမြေ့ခြင်းဆိုတာ မရှိနိုင်ပါဘူး” လို့ မိန့်တော်မူခြင်းဖြစ်ပါတယ်။

ဒီအမတ နိဗ္ဗာန်ကို ရရှိဖို့အကြောင်း သူတော်ကောင်းတရားများကို အရင်းပြုရပါတယ်။ ဒီအခြေခံအကြောင်းများ ကတော့ မှန်တဲ့အရာများကို ရဲရင့်စွာ ယုံကြည်ခြင်း သဒ္ဓါတရား။ လိုက်နာထိန်းသိမ်းပြုကျင့်ရမည့် ရှောင်ဖွယ်ဆောင်ဖွယ် ကျင့်ဝတ်တရား သီလ။ သိသင့်သိဖွယ်၊ တတ် သိ တတ်ဖွယ်တွေကို သိမှု တတ်မှု သုတ။ ကိုယ်ပိုင်ဆိုင်တဲ့ စီးစည်းဥစ္စာနဲ့အတတ်ပညာ စတာများကို အခြားသူတွေကိုလည်း မျှဝေပေးလိုခြင်း စာဂနဲ့ ရှက်ကြောက်ထိတ်လန့်ရမည့် အလုပ်အပြောတွေကို လုပ်ဖို့ပြောဖို့ ရှက်ကြောက်မှုနဲ့ လုပ်သင့်ပြောသင့်တဲ့ အလုပ်အပြောများ ကို မကြောက်မရွံ့ လုပ်ဝန့် ပြောဝန့်မှု ဟီရိ သြတ္တပ္ပစတဲ့ သူတော်ကောင်းတရား လူ့စွမ်းအားကောင်းများကို ဖြည့်ကျင့်ပေးခြင်းပါပဲ။

ဒီတော့ ဘာပဲဖြစ်ဖြစ်ပါ။ ကုသိုလ်သည်ဆိုတာ အမြတ်ဒါနတွေကို ဖြည့်ဆည်းပြုလုပ်ကြတဲ့ ဒကာကြီး ဒကာမကြီးတို့လိုသူတွေကို ပြောလို့ရ နိုင်သလို ဒကာကြီးဒကာမကြီးများရဲ့ ခန္ဓာကိုယ်က ခုကိုယ်ပဲ ထိုင်မှု ခက်၊ ထမှု ခက်စတဲ့ ဒုက္ခဆင်းရဲတွေကို ပြသကာ ကုသိုလ်တရားတွေကို ထာဝရအမှတ်ရနေအောင် ပြသပေးတဲ့အတွက် အိုမှု နာမှု သဘောတရားတွေကိုလည်း ကိုယ့်ကိုကုသိုလ်ပေးနေတဲ့ ကုသိုလ်သည်တွေပဲလို့ ဆိုနိုင်ပါလိမ့်မယ်။

ခုလို မွေးနေ့အခါသမယမှာ ကုသိုလ်မင်္ဂလာပြုလုပ်ကြတဲ့သူတွေအနေနဲ့ အသက်တစ်နှစ်ကြီးလာရုံမျှကို အမှတ် ပြုမိရုံမျှသာမက ကုသိုလ် တရားတွေလည်း တစ်နှစ်စာ ပုံပြီးဆည်းပူးလာခဲ့ပြီရယ်လို့ ပြန်လည်စဉ်းစားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်စေဖို့ကိုလည်း သတိပြုကြရမှာပါ။

ရှေ့နှစ်ရှေ့နှစ်များမှာလည်း ရက်တွေ အသက်တွေ ကြီးရင့်လာလို့ အိုခြင်းနာခြင်းတွေ တိုးတိုးလာတာနဲ့အမျှ အို မှုနာမှု မဆိုက်မကပ်နိုင်တဲ့ အမြိုက်နိဗ္ဗာန်ဆီ ဆိုက်ရောက်နိုင်ကြောင်းတရားတွေကိုလည်း ပိုမိုလို့ ဖြည့်ဆည်းပူးကြဖို့လိုပေလိမ့်မယ်။ အိုခြင်းဆိုတဲ့ ကုသိုလ်သည်ကို အမှီပြုလို့ သူရောင်းလာတဲ့ကုသိုလ်တွေကို နှစ်နှစ် ခြိုက်ခြိုက်ဝယ်ဖြစ်အောင် ဝယ်လိုက်ကြဖို့လည်း လိုပါလိမ့်မယ်။

ပန်းချီ -အောင်မင်းမင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts