ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – Remembering U Kyi Maung and etc …

>

ဦးကြည်မောင်အမှတ်တရများ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၁
ဆရာဦးကြည်မောင်ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဆွမ်းကျွေးကို ဆရာသွားရောက်ခဲ့တာကို တွေ့ပါတယ်။ ဆရာဦးကြည်မောင်နဲ့ ဆရာတို့ အင်န်အယ်ဒီပါတီမှာ အတူတကွ ဆောင်ရွက်ခဲ့ကြတဲ့ အမှတ်တရဖြတ်သန်းမှုကို ပြန်ပြောင်း ပြောနိုင်မလား ခင်ဗျာ။
၁၉ ၈၈ ခုနှစ်တုန်းကတည်းက အင်န်အယ်ဒီပါတီ စီအီးစီမှာ အတူတူလုပ်ရင်း ဦးကြည်မောင်နဲ့ ဆုံစည်းခဲ့ကြတယ်။ ဦးကြည်မောင်က အစက ဦးအောင်ကြီးတို့အဖွဲ့က ဖြစ်တယ်။ ဦးအောင်ကြီးတို့အစုအဖွဲ့က စီအီးစီတွေ ဖြစ်တယ်။ အင်န်အယ်ဒီပါတီထူထောင်ခဲ့စဉ်မှာ ခေါင်းဆောင်တွေအဖြစ် စုဖွဲ့ကြတော့ ဦးအောင်ကြီးတို့က တဖွဲ့၊ ဦးတင်ဦးတို့က တဖွဲ့၊ တတ်သိပညာရှင်တွေဆိုပြီး ကျနော်တို့က တဖွဲ့ဆိုပြီးတော့ ရှိခဲ့ကြတာကိုး။ အဲသည်မှာ ဦးကြည်မောင်နဲ့ စတင်တွေ့ဆုံခဲ့ကြတယ်။
နောက်ပိုင်းမှာတော့ ဦးအောင်ကြီးက ပါတီကနေပြီးတော့ ခေတ္တနားတယ်ဆိုပြီး မန္တလေးမှာ သွားနေတယ်။ မန္တလေးမှာနေပြီးတော့ ပါတီက ကျနော်တို့ကို လှမ်းပြီး ဝေဖန်တာတွေ လုပ်လာတယ်။ ကျနော်တို့က လိုက်လံပြီး လေ့လာတဲ့အခါကျတော့ ဦးအောင်ကြီးနဲ့ နယ်က ပါတီဝင်တွေနဲ့ သဘောထားတွေ ကွဲလွဲတာတွေ ရှိနေတယ်လို့ ပြောသံတွေ ကြားလာတယ်။ နောက်တော့ ဘယ်လိုဖြစ်သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်ခရီးထွက်ရာက အပြန်မှာ လှမ်းအကြောင်းကြားတယ်၊ ဦးအောင်ကြီးက ဆရာတို့ကို ကွန်မြူနစ်တွေအဖြစ် စွတ်စွဲပြီးတော့ ပါတီကနေ ထုတ်ဖို့ အရေးယူဖို့ လုပ်နေတယ်လို့ ပြောတယ်။ ကျနော်တို့လည်း ဖြေရှင်းဖို့ အစည်းအဝေးမှာ ရင်ဆိုင်ကြရတယ်။
အဲသည်မှာ ဦးကြည်မောင်က ဦးအောင်ကြီးရဲ့ စွတ်စွဲချက်တွေကို လက်မခံဘဲနဲ့ ကျနော်တို့တွေဖက်က ရပ်တည်ခဲ့တယ်။ အဲသည်မှာ ဦးကြည်မောင်ပြောတဲ့စကားကို ကျနော်အမြဲတမ်း ကိုးကားပြီး ပြောလေ့ရှိပါတယ်။ အဲဒါကတော့ – ဗိုလ်ချုပ် ဒီအချိန်မှာ ကျနော်တို့ သတိထားကြရမှာ စစ်အစိုးရတွေဟာ တိုင်းပြည်မှာ နိုင်ငံရေးမထွန်းကားအောင်လို့ နိုင်ငံရေးသမားမှန်သမျှကို ရှင်းနေတယ်၊ တိုက်ထုတ်ပစ်နေတယ်။ ဒါဟာ မြန်မာပြည်နိုင်ငံရေး မထွန်းကားအောင်လို့ နိုင်ငံရေးသားကြောဖြတ်နေတာပဲ။ ဒီလို စစ်အစိုးရကလုပ်နေတဲ့ လုပ်ငန်းမျိုးကို ဗိုလ်ချူပ်ကလည်း လိုက်မလုပ်ပါနဲ့။ အခုပါတီမှာရှိနေတဲ့ နိုင်ငံရေးသမားတွေကို စစ်အစိုးရစွတ်စွဲသလို လုပ်ပြီးတော့ တိုက်ထုတ်မပစ်ပါနဲ့လို့ ဦးကြည်မောင်က ပြန်ပြောတယ်။
အဲသည်မှာ ကွန်မြူနစ်ဆိုပြီး တဆိပ်ကပ်လို့ ပါတီကထုတ်ဖို့ အစွဲခံရသူတွေက ဘယ်သူတွေလဲ ဆရာ။
            ကျနော်ဦးဝင်းတင်အပါအ၀င် မှတ်မိသလောက်က ဒေါ်မြင့်မြင့်ခင်၊ မောင်မိုးသူ၊ မောင်ကိုယု၊ ကိုအောင်လွင်၊ ဦထွန်းတင်၊ မုံရွာတင်ရွှေ ပြီးတော့ ဦးချမ်းအေး (မောင်စူးစမ်း) တို့ ဖြစ်တယ်။ အဲသည်တုန်းက အောင်စုတင်ဆိုပြီး ဦးအောင်ကြီး၊ ဒေါ်စု နဲ့ ဦးတင်ဦးဆိုတဲ့ ခေါင်းဆောင် ၃ ဦးရဲ့ အစုအဖွဲ့တွေနဲ့ ၁၄ ဦးစီ နဲ့ စီအီးစီ ကို ၄၂ ဦး ဖွဲ့ထားတာ ဖြစ်တယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်သိပညာရှင်များအဖွဲ့ ၁၄ ဦးထဲက ၈ ဦးကို ဦးအောင်ကြီးက စွတ်စွဲပြီးတော့ ပါတီကနေ ထုတ်ပြီး အရေးယူဖို့ လုပ်တာပေါ့။
            အဲသည်မှာ ဦးကြည်မောင်က ဦးအောင်ကြီးအဖွဲ့ကဖြစ်နေရက်နဲ့ ကျနော်တို့ဖက်ကနေ ကာကွယ်ပြီး ပြောတာဖြစ်တယ်။ ကျနော်ကလည်း အဲသည်မှာ ဘာပြောသလဲဆိုတော့ ကျနော်တို့ မှားတယ်လို့ ဗဟိုကော်မီတီက ဆုံးဖြတ်ရင် ကျနော်တို့ကို ထုတ်ပစ်ပါ။ ကျနော်တို့ လက်ခံမယ်၊ ထို့အတူပဲ ခင်ဗျားတို့ဖက်က အဆို ရှုံးနိမ့်လို့ရှိရင် ခင်ဗျားကိုယ်တိုင်က ဥက္ကဋ္ဌလုပ်နေပြီး မပြောသင့်တာ၊ မလုပ်သင့်တာတွေ လုပ်တဲ့အတွက် ခင်ဗျားကိုလည်း စီအီးစီက ထုတ်ပစ်ပါလို့ ပြောခဲ့တယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကို မျက်ရိပ်မျက်ခြေနဲ့ တားတော့ ကျနော်က ဆက်မပြောဘဲ ရပ်ထားလိုက်တယ်။ အဲဒီအချိန်မှာ ဦးကြည်မောင်က ဘာပြောသလဲဆိုတော့ ဗဟိုကော်မီတီက ဆုံးဖြတ်တဲ့ဆီမှာ ထုတ်ပစ်တယ်ဆိုတာထက် အနားယူတယ်လို့ ပြောင်းသုံးပါလို့ အကြံပြုတယ်။
ဒါနဲ့ ဆရာတို့ ဗဟိုကော်မီတီက အစည်းအဝေးခေါ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ရယူကြတာပေါ့ ဆရာ။
            ဟုတ်တယ်။ ကျနော်တို့ ပါတီဗဟိုကော်မီတီက ၁၄ ဦးစီနဲ့ ၃ ဖွဲ့က ထည့်ဝင်ထားတာဆိုတော့ ၄၂ ဦး ရှိတယ်။ ကိုအောင်လွင်က ခရီးလွန်နေတော့ ကျနော်တို့ဖက်က ၁၃ ဦးပဲ ရှိတယ်။ ကျနော်တို့အပေါ် စွတ်စွဲချက်တွေကို တဦးချင်းစီက ထပြီးတော့ ငြင်းတယ်၊ ရှင်းလင်းဖြေကြားတယ်။ ရှင်းပြီးတော့မှ မဲခွဲကြတော့ ကျနော်တို့ဖက်က ၁၃ ဦး၊ ဦးကြည်မောင်က ၁မဲ၊ နောက် ဦးတင်ဦးတို့အဖွဲ့က ၁၄မဲ နဲ့ ၂၈မဲ ရတယ်။ ဦးအောင်ကြီးက ၁၃ မဲနဲ့ သူ့အဆို ရှုံးနိမ့်သွားခဲ့တယ်။ ပြောချင်တာက ဦးကြည်မောင်ဟာ ဘယ်သူ့မျက်နှာကိုယ်မှ လိုက်တဲ့သူ မဟုတ်ဘူး၊ မှန်တဲ့ဘက်ကိုပဲရပ်တည်ခဲ့တယ် ဆိုတာကို အမှတ်တရ ပြောချင်တယ်။
နောက်ပြီးတော့လည်း ကိုးဆယ်ရွေးကောက်ပွဲမှာ အန်ကယ်ဦးကြည်မောင်က ပြည်သူလူထုနဲ့အတူ လက်တွဲပြီးတော့  အင်န်အယ်ဒီပါတီ အောင်ပွဲခံနိုင်အောင် ရွက်ဆောင်နိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီး တဦးအဖြစ် ရပ်တည်ဖြတ်သန်းခဲ့တယ် မဟုတ်လား ဆရာ။
             ဟုတ်တယ်။ ကျနော်တို့တတွေ ဒေါ်စု၊ ဦးတင်ဦးတို့ ကျနော်တို့တတွေ ဖမ်းဆီး ထိန်းသိမ်းခံနေရတယ်။ အဲသည်အချိန်မှာ နိုင်ငံရေးမှာ မျိုးစုံသော အရှုပ်အထွေး၊ ကွဲလွဲမှုတွေ မျိုးစုံတွေ ကြားထဲက ပါတီကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဖော်ဆောင်နိုင်ခဲ့တဲ့ ဗိသုကာတဦး၊ ခေါင်းဆောင်တဦးဖြစ်တယ်လို့ လဲ ကျနော်တို့က မှတ်ယူတယ်။ အလေးအနက်ထားတယ်။ ကျေးဇူးရှိတယ်လို့ ပြောချင်တယ်။
            ကျနော်က အဲသည်လို ပြောချင်ပါတယ်။
ဟုတ်ကဲ့။ ဟိုတနေ့ကတော့ အန်ကယ်ဦးကြည်မောင်ရဲ့ နှစ်လည်ဆွမ်းကျွေးကို ဆရာတို့ အင်န်အယ်ဒီပါတီက သွားရောက် ကြတယ်။ မနေ့ကတော့ ဆရာတို့ပါတီမှာ အချက်အပြုတ်သင်တန်းတွေ လုပ်နေကြတယ် ဆိုပါလား ဆရာ။
            ဟုတ်တယ်၊ ဟုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သည်ကိစ္စကို စီစဉ်နေခဲ့တာ ဆိုပေမယ့် အခုသူက နေပြည်တော်ကို ခရီးသွားနေတော့ ကျနော်တို့တွေ သွားပြီး ကြည့်ရှု အားပေးခဲ့ပါတယ်။ အဲဒါကိုလည်း တခုပြောချင်တယ်။ တချို့ကလည်း နိုင်ငံရေးပါတီလုပ်နေပြီးတော့ အမျိုးသမီးတွေအတွက် အချက်အပြုတ်တွေ သင်နေတယ်လို့ ပြောချင်ကြတယ်။ ယောကျာ်းလေးတွေလည်း တက်ကြပါလို့ ပြောထားတာကိုလည်း အမျိုးသားတွေကလည်း သူတို့အလုပ်မဟုတ်ဘူးဆိုပြီး တချို့ကလည်း မတက်ချင်ကြဘူးလို့ ပြောတယ်။
အော် … ကျနော်တို့ကို ဆရာမောင်စွမ်းရည်ပြောတာကတော့ ဆရာကိုယ်တိုင်ကလည်း အချက်အပြုတ် ၀ါသနာပါပြီး ကျွမ်းကျင်တဲ့ သတင်းစာဆရာတယောက် ဆိုပါလား ဆရာရဲ့။
            အေး၊ ဒါလည်း မှန်တယ်။ ငါကိုယ်တိုင်ကလည်း ဒီလို သင်တန်းတွေ လုပ်ကြပါလို့ တိုက်တွန်းတဲ့ အထဲမှာ ပါတယ်။ အင်န်အယ်ဒီမှာ အလုပ်တွေ လုပ်ကြပါ၊ သင်တန်းတွေ လုပ်ကြပါ။ ပါတီဟာ အသိပညာ၊ အတတ်ပညာတွေ ဖြန့်ချိနိုင်တဲ့ မျှဝေနိုင်တဲ့ နေရာလည်း ဖြစ်ရမယ်လို့ ကျနော်တို့က ပြောဆို တိုက်တွန်းနေကြတော့ အခုလို အချက်အပြုတ်သင်တန်းကိုလည်း ကျနော်ကိုယ်တိုင်က အဆိုပြုတဲ့အထဲမှာပါနေတော့ ကျနော်ကိုယ်တိုင် သွားတက်ရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသမီးအဖွဲ့နဲ့လည်း စီစဉ်ပေးခဲ့တာ ဖြစ်တယ်။
            အဲသည်မှာ ကျနော်က စကားနဲနဲ ပြောပါဆိုလို့ ပြောခဲ့သေးတယ်။ အချက်အပြုတ်ဆိုတာက လူတိုင်းအတွက် အရေးကြီးပါတယ်လို့၊ ကျန်းမာရေးအတွက်သာမက ချွေတာရေးအတွက်လည်း အသုံးဝင်တယ်။ ခေတ်နဲ့မီတဲ့ ခေတ်နဲ့ညီတဲ့ စားနည်းသောက်နည်းတွေကို သိကြရမယ်လို့ ပြောခဲ့တယ်။ ဒီထက်အရေးကြီးတာက ကမ္ဘာမှာ စားဖိုမှူးဆိုတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဆိုတာမှာ အမျိုးသား၊ အမျိုးသမီး တန်းတူ ညီတူ လုပ်ကိုင်နေကြတဲ့ အလုပ်ဖြစ်နေပြီဆိုတာကို ကျနော်တို့က သိကြရမယ်။ တလောက သတင်းထဲမှာ မြန်မာပြည်ကတယောက် အရှေ့အလယ်ပိုင်းမှာ စားဖိုမှူးအဖြစ် ဟန်ကျနေတယ် ပြောတယ်။ အင်တာနက်ပေါ်မှာလည်း ချက်နည်းပြုတ်နည်းတွေကို လေ့လာသင်ယူလို့ရတယ်လို့ ဆိုတယ်။
            ဒီအချက်က ဘာလဲဆိုတော့ ကျနော်တို့တွေက အသိပညာ အတတ်ပညာတွေကို လေ့လာလိုက်စားတဲ့ဆီမှာ ခေတ်နောက်ကျချင်ပြန်ရင်လည်း ဒီအလုပ်က အမျိုးသမီးအလုပ်၊ အမျိုးသားအလုပ်ဆိုပြီး ခွဲခြားတာတွေ ရှိတယ်။ အမြင်မကျယ်ချင်ပြန်တော့လည်း ဒီလိုအလုပ်မျိုးဟာ အားလုံးနဲ့ ဆိုင်တဲ့ ခေတ်မီတဲ့ ဆန်းသစ်တဲ့ စနစ်နည်းနာတွေ ပေါ်ထွန်းနေပြီဆိုတာလည်း လေ့လာရကောင်းမှန်း မသိဘူး။ ဟိုးတုန်းက အတိုင်းပဲ လုပ်နေချင်တယ်။ မပြောင်းချင်ဘူး။
            ကျနော် လွန်ခဲ့တဲ့ အနှစ် ၂၀က ရေးခဲ့တဲ့ ဆောင်းပါးတခုမှာ အဲသည်တုန်းက တရုတ်ပြည်မှာတောင် အချက်အပြုတ်သင်တန်းတွေ၊ သရုပ်ပြပွဲတွေကို အမျိုးသားလွှတ်တော်ကြီးထဲမှာတောင် အကြီးအကျယ် ကျင်းပပြုလုပ်ကြတာမျိုး ရှိတယ်။ လွှတ်တော်ထဲမှာ မီးဖိုချောင်ကြီးလို ဖြစ်သွားတယ်လို့ ရေးဖူးပါတယ်။ ဒါကလည်း တခု ပြောချင်တယ်။
ဟုတ်ကဲ့ပါဆရာ။ လက်ရှိ နေပြည်တော်က ခန်းမကြီးထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လို့ သွားရောက်နေပြီဆရာ။ သမတကြီး ဦးသိန်းစိန်နဲ့လည်း တွေ့နေပြီ ဆိုတဲ့ အချက်ကိုလည်း ပြောပါဦး ဆရာ။
            အစပထမမှာ လက်ရှိအစိုးရရဲ့ ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုတွေ ပြုလုပ်နေတာကနေ၊ ယခုအချိန်မှာ တိုင်းပြည်က သမတတယောက်နဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုတဲ့အတွက် အခုအချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမြင့်ဆုံး အဆင့်ကို ရောက်သွားပြီလို့ပြောချင်ပါတယ်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း နိုင်ငံတကာက နိုင်ငံရေးကိုယ်စားလှယ်တွေ လာရောက်မယ့်အချိန်အခါမှာ အာဆီယံရဲ့အခြေအနေတွေကလည်း တောင်းဆိုနေတာတွေ ရှိနေတယ်၊ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကလည်း လာမှာ ရှိနေတယ်။ သည်အချိန်မှာ တွေ့ဆုံကြတယ်ဆိုတာက ဒေါ်စုကို ခေါ်ပြီး အသုံးချနေတာလားလို့ သုံးသပ်ချက်တွေကလည်း ထွက်ပေါ်နေတယ်။
ဆရာကိုယ်တိုင်က ဘာပြောချင်သလဲ ဆရာ။
            သူတို့ဖက်က သူတို့အခြေအနေအရ သူတို့ပြကွက်တွေ အကွက်တွေ လုပ်လာတယ်ဆိုတာမျိုးက သူတို့ကိစ္စဖြစ်တယ်။ ကျနော်တို့က ကျနော်တို့ဖက်က နိုင်ငံရေးအရ ဆွေးနွေးဖို့ တွေ့ဆုံဖို့ ဖြစ်လာတဲ့ဆီမှာ ကျနော်တို့ဖက် နိုင်ငံရေးအချက်အလက်တွေ လိုအပ်ချက်တွေကို သူတို့တွေကို တိုက်ရိုက်တောင်းဆိုတာ၊ တင်ပြတာတွေ လုပ်နိုင်တာက ကျနော်တို့ ကိစ္စဖြစ်တယ်။ ကျနော်တို့ လုပ်ရမယ့်အလုပ်ကို လုပ်ရတယ်၊ လုပ်နိုင်တယ်။ သည်လိုမျိုး ပြောချင်တယ်။
            သူကိုယ်တိုင်က အစိုးရတခုရဲ့ ကိုယ်စားပြုတဲ့ သမတတယောက်ဆိုမှတော့ နိုင်ငံတကာက သူတို့ကို လက်ခံလာအောင် ပြခန်းတွေ ပြကွက်တွေ ပြဖို့အတွက် လုပ်တယ်ဆိုရင်တောင်မှ ကျနော်တို့ကို လက်ခံတွေ့ဆုံပြီးတော့ အပေးအယူတွေ လုပ်ကြရတယ်ဆိုရင် အရင်တုန်းက အခြေအနေတွေထက် စာရင် ကျနော်တို့အတွက်ကတော့ အကျိုးအမြတ်ရှိတယ်လို့ မြင်ပါတယ်။
            နောက်ပြီးတော့ သူတို့က ဒေါ်စုကို တဦးချင်းစီပဲ တွေ့တယ် ဆိုတာက သူတို့ကိစ္စ၊ ကျနော်တို့ဖက်ကတော့ ဒေါ်စုဟာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တယောက်အဖြစ်နဲ့ သူတို့ကို သွားတွေ့တဲ့ ကိစ္စလို့ပဲ မြင်တယ်။ ဒါက ကျနော်တို့ ကိစ္စ။ ဒါဟာ အဖွဲ့ချူပ်ရဲ့ ရပ်တည်ချက်၊ ဒေါ်စုရဲ့ ရပ်တည်ချက်ကို သည်လိုမျိုး ကိုယ်စားပြုမှုကို အမြဲ ထုတ်ဖော်ပြသနေတာက ကျနော်တို့ ကိစ္စဖြစ်တယ်။ ပြည်သူလူထုအကျိုးအတွက်ကို ဦးတည်နေတယ်ဆိုတာကို ကျနော်တို့ဖက်က ပြောနေတယ်ဆိုတာ ဖြစ်တယ်။
အဲသည်မှာ ဆရာပြောခဲ့တာ တခုရှိတယ်။ ဒါကို ကျနော့်ကို ပြန်ပြောခွင့်ပြုပါ ဆရာ။ အခုအချိန်က စည်းရုံးရေးကာလတခုဖြစ်တယ် ဆိုလား။ လက်ရှိအာဏာပိုင် အစိုးရဆိုသူတွေကလည်း ဒေါ်စုကို သူတို့နဲ့အတူ လက်တွဲအောင်၊ လိုက်လျောလာအောင် စည်းရုံးနေတယ်။ ဒေါ်စုနောက်မှာ မြန်မာပြည်သူတွေ၊ နိုင်ငံတကာ အင်အားတွေ အကုန်ရှိနေတယ်။ ဒေါ်စုက လက်ခံလိုက်ရင် သူတို့ကို မြန်မာပြည်သူတွေသာမက နိုင်ငံတကာကိုယ်တိုင်က လက်ခံလာမယ်ဆိုတာကို သူတို့ဖက်ကလည်း သိတယ်။ အဲသည်လိုမျိုးပဲ ဒေါ်စုကိုယ်တိုင်ကလည်း တပ်မတော်အပါအ၀င် လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို ကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံပြီးတော့ တိုင်းပြည်နဲ့ ပြည်သူအတွက် အလုပ်ဝိုင်းလုပ်ကြဖို့ စည်းရုံးနေတယ်။ အခုအချိန်မှာ ဒေါ်စုနဲ့လက်တွဲလိုက်မယ်ဆိုရင် လက်ရှိအစိုးရခေါင်းဆောင်တွေ၊ တပ်မတော်သားတွေအားလုံးအတွက်ဟာလည်း လူထုနဲ့ နိုင်ငံတကာကိုယ်တိုင်ရဲ့ ကြိုဆိုမှု၊ လက်ခံမှုကို ရရှိမယ်ဆိုတာကို သံသယဖြစ်နေစရာမလိုဘူးဆိုတာကို သူတို့တွေ သဘောပေါက်စေဖို့ စည်းရုံးနေတယ် ဆိုတာမျိုး ဆရာကိုယ်တိုင်က ပြောခဲ့တယ်လေ။
            ဟုတ်ပါတယ်။ အယင်ပြောခဲ့တဲ့ အင်တာဗျူးမှာ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ လိုလားချက်၊ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်တွေဖြစ်တဲ့ ကိုးဆယ်ရွေးကောက်ပွဲကို တနည်းအားဖြင့် အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားအရေးဆိုတာတွေဟာ ကျနော်တို့ဖက်က အမြဲရှေ့တန်းတင်ပြီး ဆွေးနွေးနေကြတယ်လို့ ကျနော်က သဘောထားပါတယ်။
            ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts