>Suu Wiht Q & A

>

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ စက်တင်ဘာ ၂၊ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
စက်တင်ဘာ ၁၁၊ ၂၀၁၁


◊ မလွင်မာအေး (အမေရိကန်နိုင်ငံ)
◊ မေးခွန်း ။ ။ မင်္ဂလာပါ အမေစုရှင့်။ ကျမနာမည် လွင်မာအေးလို့ခေါ်ပါတယ်။ ယခု ကျမ အမေရိကမှာနေပါတယ်ရှင့်။ အခု ဦးမင်းကိုနိုင်အပါအဝင် ၈၈-ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးဘဲ အခုလိုပြည်ပရောက်နေသူတွေကို ပြန်ခေါ်ဖို့လုပ်တာ လက်ခံစရာ မရှိပါဘူးရှင့်။ မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးသမားများ၊ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ ယခုအစိုးရသစ် တွေ့ဆုံဆွေးနွေးပြီး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာအဖြေတစ်ခုရရှိမှသာ ကျမတို့ အိမ်ပြန်ရဲမှာဖြစ်ပါတယ်ရှင့်။ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်မှုအတွက် အမေစု တစ်ခုခုကြိုးစားပေးပါရှင့်။

အဖြေ ။ ။ အမေတစ်ယောက်တည်းတင်မက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေတာ ဆယ်စုနှစ် နှစ်ခုကြာလာပါပြီ။ ဆက်ပြီးတော့လည်း ထိရောက်နိုင်မယ့်နည်းတွေ စဉ်းစားပြီးကြိုးစားသွားမှာပါ။ အမေတို့ နိုင်ငံမှာ ပြဿနာတွေကို တစ်ခုခြင်းခွဲပြီးကြည့်လို့မရပါဘူး။ ဆက်စပ်မှုတွေကိုလည်း ထည့်ပြီးတော့၊ တွက်ပြီးတော့ အကောင်းဆုံးအဖြေကို တစ်စိုက်မတ်မတ် ရှာရပါတယ်။ မလွယ်ပေမယ့် လုပ်သင့်တဲ့အလုပ်ဆိုတော့ လုပ်ရကျိုးနပ်ပါတယ်။
………. ………..

◊ ကိုဇော်ဝင်း (အမေရိကန်နိုင်ငံ)
◊ မေးခွန်း ။ ။ ဟုတ်ကဲ့အန်တီ။ ကျနော် ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတစ်ယောက်ပါ။ ကျနော် နယူးယောက်က မေးခွန်းမေးနေတာပါ။ ကျနော်တို့ဗမာပြည်မှာ ၁၉၈၈- လူထု အရေးတော်ပုံကြီးဖြစ်ခဲ့တဲ့အချိန်မှာ အစိုးရဖွဲ့ဖို့ အခြေအနေတွေအကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။ ပထမဦးဆုံး နိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနုကနေ စဉ်ပြိုင်အစိုးရဖွဲ့တာ မအောင်မြင်ခဲ့ပါဘူး။ အဲဒါဟာ ဘယ်အချက်တွေကြောင့်ပါလဲ။ တစ်ခါ ၁၉၉၀-ရွေးကောက်ပွဲ နိုင်တဲ့ကာလမှာ အဲလိုအခြေအနေကောင်း အခြေအနေတစ်ရပ်မှာ အန်တီသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဦးဆောင်နိုင်ခွင့် လွတ်လွတ်လပ်လပ် အပြင်မှာရှိခဲ့တယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးဆောင်ပြီး အစိုးရဖွဲ့သွားနိုင်ဖို့ အခြေအနေများ ရှိပါသလား။ ပြီးတော့တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲဆိုပြီးတော့ အခုလက်ရှိ အစိုးရလုပ်တဲ့အချိန်အခါမှာလည်း အန်တီကို သူတို့က အကျယ် ချုပ်ချထားတဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ အရပ်သားအစိုးရဆိုပြီးတော့ ဖွဲ့သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ အန်တီသာ တကယ်လို့အပြင်မှာရှိမယ်ဆိုရင် ဘယ်နည်းဘယ်ပုံဖြစ်သွားနိုင်သလဲဆိုတဲ့ သဘောထားအမြင်ကို သိပါရစေခင်ဗျာ့။ ပြီးတော့ ခင်ဗျာ့ မြန်မာနိုင်ငံအနာဂတ်အတွက် ဒီမိုကရေစီအစိုးရတစ်ရပ်ဖွဲ့ဖို့ရာ တကယ်လို့များ ပေါ်ပေါက်လားခဲ့တယ်ဆိုရင် ဖွဲ့သင့်တဲ့အချိန်၊ ဖွဲ့သင့် တဲ့နိုင်ငံရေးလိုအပ်ချက်တွေနဲ့၊ အဲဖွဲ့သင့်တဲ့နိုင်ငံရေးအခြေအနေတွေ ဘယ်လိုများရှိသလဲဆိုတာ အန်တီအနေနဲ့ ရှင်းပြပေးပါခင်ဗျာ့။

◊ အဖြေ ။ ။ သမိုင်းသုတေသီ၊ နိုင်ငံရေးသုတေသီတွေဟာ အတိတ်ကအဖြစ်အပျက်တွေကို အမျိုးမျိုးသုံးသပ်ပြီး အဖြေအမျိုးမျိုးရကြပါ တယ်။ အဖြစ်အပျက်တစ်ခုကို အမြင်အမျိုးမျိုးပါပဲ။ ဘယ်လိုအခြေအနေ၊ ဘာဖြစ်ခဲ့လို့ရှိလို့ရှိရင် ဘယ်လိုတော့ဖြစ်မှာပဲဆိုတာက နောက်ဆုံး တော့ အမြင်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် ကိုဇော်ဝင်းမေခွန်းတွေက အဖြေအမျိုးမျိုးရှိနိုင်တဲ့ မေးခွန်းတွေပါ။ နောက်ဆုံးအပိုင်းနဲ့ပဲ ပတ်သက်လို့ဖြေပါရစေ။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် လွတ်လပ်တဲ့နိုင်ငံရေးအခင်းအကျင်းက ဖြစ်ပေါ်လာတဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေကတဆင့် ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရမျိုးပေါ်ပေါက်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရတစ်ခုပေါ်ပေါက်လာနိုင်မယ်လို့ ယူဆလို့ရပါတယ်။
………. ………..

◊ မသီတာနိုင် (အမေရိကန်နိုင်ငံ)
◊ မေးခွန်း ။ ။ မင်္ဂလာရှိသောနေ့ပါ အန်တီ။ သမီးက မေရီလန်းမှာနေနေတဲ့ သီတာနိုင်ပါ။ အဲ မေးခွန်းလေး တစ်ခုမေးချင်လို့ပါအန်တီ။ အဲ အဲဒါကတော့ မြန်မာလူမျိုးတွေဆိုတာ နှစ်ယောက်ပေါင်းမိရင် သုံးဖွဲ့ကွဲတယ်ဆိုပြီးတော့ ညီညွတ်မှုမရှိတဲ့နေ ရာမှာ နာမည်ကြီးတတ်ပါတယ် အန်တီ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာရှိနိုင်ပေမယ့် မြန်မာတွေ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာပဲဖြစ်ဖြစ် အကွဲအပြဲမဖြစ်ဖို့ဆိုရင် ဘယ်လိုအခြေခံစိတ်မျိုးနဲ့ တစ်ဦးကိုတစ်ဦး ဆက်ဆံသင့်ပါသလဲရှင်။ ဥပမာ သည်းခံစိတ်၊ နားလည်းခွင့်လွှတ်စိတ် တို့ဆိုတာတွေကရော ဘယ်အတိုင်းအတာအထိထားသင့်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ် အန်တီ။ ကျန်းမာပါစေအန်တီ။

အဖြေ ။ ။ သီးခံစိတ်တို့၊ နားလည်စိတ်တို့ဆိုတာ လူလူချင်းဆက်ဆံရေးမှာ အများကြီးပြေလည်မှုတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ကွဲတယ်၊ ပြဲတယ်ဆိုတာ မနာလိုစိတ်ကြောင့်ဖြစ်တာတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေကတော့ စိတ်လုံခြုံမှုနဲ့ဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝတဲ့သူတွေဟာ တစ်ခြားလူတွေကို မနာလိုမှုဖြစ်ခဲပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ စိတ်လုံခြုံမှုတွေရှိဖို့က လူမှုအတိုင်းအဝိုင်း တန်ဖိုးထားတွေ၊ ကလေးတွေကို ပြုစုပျိုးထောင်ပုံတွေအပေါ်မှာမှုတည်ပါတယ်။ တစ်နည်း အား ဖြင့်ဆိုရလို့ရှိရင်တော့ မွေးကတည်းက လုပ်ယူရမယ့်ကိစ္စတွေဖြစ်ပါတယ်။
…………. …………

◊ မသူသူဝင်း (ဗြိတိန်နိုင်ငံ)
◊ မေးခွန်း ။ ။ မင်္ဂလာပါအမေ ဒေါ်အောင်ဆန်းစုကြည်ရှင်။ သမီးကတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးကိုလှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်အမေ။ သမီးအမေ့ကို မေးချင်တာလေးက သမ္မတဦးသိန်းစိန်နဲ့အမေ တွေ့ဆုံခဲ့မှုအပေါ် ပြည်သူတွေက ကောင်းမွန်သောတိုးတတ်ပြောင်းလဲမှုလို့ ရှုမြင်ခဲ့ကြပါတယ်အမေ။ အမေ့အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို တောင်းဆိုလိမ့်မယ်လို့ သမီးယုံကြည်မိ ပါတယ်။ တစ်ခါ သမ္မတရဲ့အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်နဲ့ RFA ရေဒီယိုအင်တာဗျူးမှာ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ရေးကို ဒေါ်အောင်ဆန်းစုကြည်ကသာအာမခံချက်ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်လို့ ပြောသွားပါတယ်အမေ။ အမေ့အနေနဲ့ ဘယ်လိုမျိုး အာမခံချက်တွေပေးမှ ဒီနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်နိုင်မယ်ဆိုတာ သိချင်ပါတယ်ရှင်။ အမေကျန်းမာပါစေ။

◊ အဖြေ ။ ။ အခု အမေ သမ္မတဦးသိန်းစိန်နဲ့ တစ်ကြိမ်ပဲတွေ့ရပါသေးတယ်။ ဝမ်းမြောက်ကျေနပ်ရကြောင်းကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြေညာချက်မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလိုကနဦး တွေ့ဆုံအမြင်ခြင်းဖလှယ်တဲ့အနေအထားမှာ ဘာတွေဘယ်လိုပြောခဲ့တယ်ဆိုတာကို ထုတ်ပြန်ဖို့အချိန် မဟုတ်သေးပါဘူး။ ဒါကို သမီးတို့နားလည်ပေးစေချင်ပါတယ်။ ဒေါက်တာနေဇင်လတ်ပြောတဲ့ကိစ္စနဲ့ ပတ်သက် လို့တော့ ကာယကံရှင်ကိုပဲ မေးတာက ပိုပြီးတော့ဆီလျှော်ပါလိမ့်မယ်။
…….. …….

◊ မနီလာအောင် (ဗြိတိန်နိုင်ငံ)
◊ မေးခွန်း။ ။ မင်္ဂလာပါ အန်တီဒေါ်အောင်ဆန်းစုကြည်ရှင်။ ကျမကတော့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ မနီလာအောင် ဖြစ်ပါတယ်ရှင်။ အန်တီရှင့် တရုတ်ပြည်က သူ့စီးပွားရေးလိုအပ်ချက်အရ ဆည်တွေဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကြောင့် ယခုအခါ တရုတ် ပြည်ရဲ့ မြစ်ဝါမြစ်ကြီးဟာ သေဆုံးသွားခဲ့ရပါပြီ။ ကျမတို့ ဧရာဝတီမြစ် ဟိုးအထက်ပိုင်းမှာလည်း တရုတ်ပြည်ကဆည်တွေဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ်လို့သိရပြီး ဧရာဝတီမြစ်ကြီးဟာ ကောသွားနိုင်ပါတယ်။ ဒီဧရာဝတီမြစ်ကို မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည် သားတွေအနေနဲ့လည်း အလုံးလိုက်အခက်ခဲတွေ တွေ့လာနိုင်သလို၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းစတဲ့ သဘာဝဘေး အန္တရာယ်များလည်း ပိုမိုကျရောက်လာနိုင်ပါတယ်။ ဒီကထွက်လာမယ့် လျှပ်စစ်ဓာတ်အားတွေကတော့ အားလုံးနီးပါး တရုတ်ပြည်ကိုသာ တင်ပို့မယ်လို့လည်း သိရပါတယ်။ ဒီလိုမျိုး နောင်မျိုးဆက်ပေါင်းများစွာ ဆိုးကျိုးများဖြစ်လာစေမယ့် ဒီဆည်တွေမဆောက်အောင်၊ ဦးသိန်းစိန်အစိုးရ တာဝန်ရှိ သူများနားလည်အောင်၊ ပြည်သူတွေသိအောင် ဘယ်လိုမျိုးလုပ်ရပါမလဲရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

◊ အဖြေ ။ ။ ဘယ်လိုကိစ္စမျိုးမဆို အများပြည်သူသိစေချင်ရင် အများပြည်သူရဲ့နားကိုရောက်စေမယ့် နည်းလမ်းတွေကိုသုံးရမှာပါ။ အန်တီ တို့လည်း ဧရာဝတီမြစ်ကာကွယ်စောင့်ရှောက်ရေးပန်ကြားလွှာထုတ်ပြန်မှာဖြစ်ပါတယ်။ မနီလာတို့လည်း တတ်နိုင်သမျှ ပညာပေး၊ သတင်းဖြန့်ရေးတာဝန်တွေကို ထမ်းဆောင်စေချင်ပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts