>Tu Maung Nyo – Kyaw San & Peace

>

ဦးကျော်ဆန်းနဲ့ငြိမ်းချမ်းရေး
တူမောင်ညို
စက်တင်ဘာ ၅၊ ၂၀၁၁
ကိုလိုနီခေတ်က ကျေးလက်မှာသူကြီးဆိုတာအာဏာအရှိဆုံးမဟုတ်လား။ အဲဒီလိုသူကြီးတွေထဲမှာ“နှစ်လုံးပြူးသေနတ်”ရထားတဲ့သူကြီးက ပိုပြီးအာဏာရှိတာပေါ့။
 ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ“နှစ်လုံးပြူး” ရ ထားတဲ့ သူကြီးဖြစ်တယ်။သူပြောနေတဲ့ စကားတွေနဲ့သူပြောနေတဲ့ အကြောင်းအရာတွေကို ကြည့်ရင် သူဟာ အခြားသော ဝန်ကြီးတွေလိုမဟုတ်ဘဲ၊ “နှစ်လုံးပြူး” ရ ထားသူဖြစ်တယ်ဆိုတာ သိသိသာရှိလှတယ်။
သူဟာအခြားသောပြည်ထောင်စုဝန်ကြီးတွေအားလုံးထက် ပြောနိုင်ဆိုနိုင်သူဖြစ်တယ်။ (နအဖ)စစ်အစိုးရ လက်ထက်ကလည်း ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ခေါင်းဆောင်၊ ယခု ဦးသိန်းစိန် အစိုးရအဖွဲ့မှာလည်းပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင်ဖြစ် တယ်။
အမျိုးသားလွှတ်တော်မှာရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၁၂ မှ ဦးဆွေအောင်မေးတဲ့ “မေးခွန်းနဲ့ အဆို”  ကို ဖြေကြားပြောဆိုရာမှာ သူ့ ပါဝါကိုပြသွားတယ်။
အဲဒီလို ပါဝါပြရင်း“ငြိမ်းချမ်းရေးဖခင်ဟုပြော၍ရသည့် သခင်ကိုယ်တော်မှိုင်း” ဆိုပြီး “ဝှေ့” သွားသေးတယ်။
ဒါဟာ “ငြိမ်းချမ်းရေး”ကြားဝင်ဆောင်ရွက်မယ်ဆိုသူတွေကိုသတိပေးလိုက်တာပဲဖြစ်တယ်။“သခင်ကိုယ်တော်မှိုင်း”လည်း  ပမာမထားဘူးဆိုတဲ့သဘောဖြစ်တယ်။နောက်တစ်ချက်က ငြိမ်းချမ်းရေးလှုပ်ရှားမှု/ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်လာရင်  (ဖဆပလ) (မဆလ) အုပ်စိုးသူတွေနဲ့ သူတို့ဟာ“ချိုတူဘို့တူ” တွေဖြစ်တယ်ဆိုတဲ့အချက်ကိုပြသလိုက်တာဖြစ်တယ်။
“ပြည်တွင်းသောင်းကျန်းမှုသမိုင်း”စာအုပ် စတင်ပုံနှိပ်နေပြီး၊ မကြာခင်ထုတ်ဝေမယ်လို့ဆိုတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းရေးနဲ့ ပတ်သက်လို့ သူတို့သဘောထား(ယခင်/ယခု) ဘာမှမပြောင်းလဲဘူးဆိုတာကို ထုတ်ဖေါ်ပြသနေတဲ့ အချက် တစ်ခုပဲ မဟုတ်ပါလား။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စကိုအခုလို  ခပ်တင်းတင်း/ ခပ်ရှင်းရှင်းပြောထား ပါတယ်။ “နိုင်ငံတော်အစိုးရအနေနှင့်ငြိမ်းချမ်းရေးကမ်းလှမ်းလာသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြေညာချက်အမှတ် (၁/၂၀၁၁) ပါ အတိုင်း လက်ခံဆွေးနွေးညှိနှိုင်းပြီးပထမဦးစွာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေး၊ ၄င်းမှတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆက်လက်ဖော်ဆောင်သွားမည်”တဲ့။
“တစ်ဖွဲ့ချင်းဆွေးနွေးမယ်” ဆိုတာကိုထပ်မံအတည်ပြုပြောဆိုတာဖြစ်ပါတယ်။  
နောက်တစ်ချက်ကတော့ဆွေးနွေးပွဲရဲ့ဘောင်ကိုကြိုတင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီဘောင်သတ်မှတ်ချက်ကိုဟောဒီလိုပြောသွားတယ်။
“နိုင်ငံတော်အစိုးရ အနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖေါ်ဆောင်ရာတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သည့်မူဘောင်အတွင်းမှ လိုက်လျောနိုင်သမျှလိုက်လျောပြီးနှစ်ဖက်မျှမျှတတနှင့်ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်” တဲ့။
ဒီဘောင်ကိုတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေလက်ခံနိုင်ပါသလော။ 
ကြားဝင်ဖြေရှင်းမယ်လို့ဆိုသူတွေအတွက်လည်း“ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင် သည့်မူဘောင်အတွင်း”က နေ ဆောင်ရွက်ကြရလိမ့်မယ်။
ကြားဝင်ဆောင်ရွက်မည့်သူတွေကလည်း  ဒီ ဘောင်ကို လက်ခံနိုင်ပါသလော။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်က “ ပွဲစားမဟုတ်၊ နှစ်ဖက်ကြားကဆောင်ရွက်တဲ့ အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထု အကျိုးဆန္ဒနဲ့ကိုက်ညီတဲ့ငြိမ်းချမ်းရေးကိုရရှိစေဖို့  ပြည်သူလူထုကိုအခြေခံပြီးဆောင်ရွက်သွားမယ့်အဖွဲ့ ဖြစ်ပါတယ်”။
ဦးသိန်းစိန်အစိုးရနည်း  က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်” ထဲမဝင်ဝင်အောင်ဆွဲသွင်းနေတဲ့နည်းဖြစ်တယ်။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေးမူ က“ သူမနာ- ကိုယ်မနာ”  တန်းတူရည်တူ ဆွေးနွေးအဖြေရှာတဲ့နည်းဖြစ်တယ်။
            စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ကတော့ တမျိုးသားလုံးအကျိုးအတွက် ဒီမိုကရေစီအတိုင်းအတာဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့် နဲ့ လုပ်ဆောင်နိုင်ခွင့်ရှိတယ်/မရှိဘူးဆိုတဲ့အချက်အပေါ်မှာ အဓိကမူတည်နေပါတယ်။
           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts