>Letters from Michigan – 83

>




မစ်ရှီဂန်ကပေးတဲ့စာ(၈၃)

အောင်ဝေး

သြဂုတ် ၂၈၊ ၂၀၁၁








မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့မာပါစ။ ဥတုရာသီများလည်းသာပါစ။ ဒီတခါတော့ ဒုတိယ ကမ္ဘာစစ်ကြီးတုန်းက ပြင်သစ်လူမျိုးတွေပြောခဲ့ကြတဲ့ “ပါရီဟာ အစဉ်အမြဲတမ်း ပါရီဖြစ်တယ်” ဆိုတဲ့စကားနဲ့ပဲ စလိုက်ပရစေ။

ကျနော်တို့ဆီမှာတော့ “သြဂုတ်လဟာ အစဉ်အမြဲတမ်း သြဂုတ်လဖြစ်တယ်” လို့ ပြောရမလောက်ပဲ၊ ကျနော်တို့သမိုင်းမှာ သြဂုတ်လဟာ ကြေကွဲစရာတွေ များတယ်။ နာကျင်စရာတွေ များတယ်။ ဆုံးရှုံးစွန့် လွှတ်ရတာတွေ များတယ်။ ဟုတ်တယ် မဟုတ်လား။

ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ် ဆိုတဲ့ သြဂုတ်လ(၈)ရက် ပုံရိပ်ဟာ နာကျင် ကြေကွဲစရာ အလွမ်းဇာတ်ကြီးပါ။ တိမ်ညိုမည်းမည်း၊ မိုးသားခဲခဲတွေ၊ အလဲလဲအပြိုပြိုနဲ့၊ အမြဲလိုလို ငိုကြွေးမြည်တမ်းနေရတဲ့ သြဂုတ်လအလွမ်းပါလားဗျာ။

မနေ့ တနေ့ က ဆရာပန်းချီမောင်မောင်သိုက် ကွယ်လွန်ခဲ့တယ်။ ဟော-အခုတခါ ဆရာနန္ဒာသိန်းဇံ ဆုံးပါးခဲ့ရပြန်ပြီ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ချည်း ကျနော်တို့ ဆင့်ကဲဆင့်ကဲ ကြုံနေရတော့တာပါလား။

အဲဒီလိုအဖြစ်မျိုး ၂၀၀၄ခုနှစ်တုန်းကလည်း တကြိမ်ကြုံခဲ့ဖူးပြီ။ ၂၀၀၄ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့ မှာ ထူးအိမ်သင် ကွယ်လွန်သွားတယ်။ နောက်တရက် သြဂုတ်လ(၁၅)ရက်နေ့ ကျတော့ ဆရာကြီးမင်းသုဝဏ် ကွယ်လွန်ပြန်တယ်။ ဆရာကြီးမင်းသုဝဏ်ကို ဂူသွင်းသင်္ဂြိုဟ်တော့ဆရာကြီးဂူနဲ့ ဘေးချင်းယှဉ်လျက် ထူးအိမ်သင်ဂူက မပြီးသေးဘူး။

ဆရာကြီးမင်းသုဝဏ်နဲ့ ထူးအိမ်သင် နှိုင်းစရာတော့ မဟုတ်ပါဘူး။ ဆရာကြီးမင်းသုဝဏ် ဆိုတာက ရွှေတောင်ကြီးပါ။ ဆရာကြီး ကွယ်လွန်သွားတာဟာ ရွှေတောင်ကြီး ပြိုလဲသွားသလိုပါ။ ထူးအိမ်သင်ကတော့ ငယ်သူ ဆိုတော့၊ ဆရာကြီးမင်းသုဝဏ်ရဲ့ခြေအစုံက၊ မြေတမှုန်မျှပါ။ ဒါပေတဲ့ ထူးအိမ်သင်ဟာလည်း၊ သူ့ လောကမှာ အားလုံးက မော့ကြည့်ရတဲ့သူတယောက်ပါပဲ။ လူငယ်ထုရဲ့ ချစ်ခင်လေးစားမှုခံရတဲ့ လူငယ်တယောက်ပါပဲ။

ဆရာကြီးမင်းသုဝဏ်နဲ့ထူးအိမ်သင်တို့ ကွယ်လွန်သွားတာကို ကျနော်တို့ရင်ထဲမှာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေပဲလို့ ခံစားကြေကွဲလို့မှ မဆုံးသေးဘူး၊ ကိုဒေါင်းရေ … သုံးလေးရက်ပဲ ခြားတယ်နော်၊ သြဂုတ်လ(၁၈)ရက်နေ့ မှာအန်ကယ် ဦးကြည်မောင်(ကာနယ်ကြည်မောင်) ကွယ်လွန်ခဲ့ပြန်ပါရောလားဗျာ။

သြဂုတ်လ မိုးကောင်းကင်ဟာ တကယ့်ကိုပဲ ကျိန်စာသင့်နေရော့သလား ကိုဒေါင်းရေ …။ ဒီတုန်းက ကျနော်တို့ဟာ ၃၃လမ်း၊ လေထန်ကုန်းကနေ၊ အသုဘပို့တဲ့ကားတွေ တာဝန်ယူ စီစဉ်ပြီး ဈာပနတွေပို့ခဲ့ကြတာ ဆိုတော့၊ အဲဒီသြဂုတ်လရက်စွဲတွေမှာ ကျနော်တို့အဖို့ လေထန်ကုန်းနဲ့ရေဝေးနဲ့ဟာ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတော့တာပဲ မဟုတ်လား။

အမေရိကကိုရောက်နေတဲ့တပ်မှူးဟောင်းကြီးတယောက်က ကျနော့်ကို ပြောဖူးတယ် ကိုဒေါင်း … ။ “ဦးကြည်မောင်ဟာ တကယ့် Professional Soldier- တကယ့်စစ်သားကောင်းတယောက်ပါပဲ” တဲ့။

၁၉၆၂ တော်လှန်ရေးကောင်စီ တက်လာပြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်တဲ့ ၁၉၆၄ခုနှစ်ဝန်းကျင်မှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အုန်းတော၊ ခပေါင်း၊ ဒူးယားစတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွေ လုပ်တဲ့အချိန်၊ ကာနယ်ကြည်မောင်က ပုသိမ်မှာ တိုင်းမှူးလားပဲ၊ ဦးနေ၀င်း ဟင်္သာတမြို့ နယ်က ဒူးယားရွာကြီးမှာ နှီးနှောဖလှယ်ပွဲ လုပ်တော့ တိုင်းမှူးဖြစ်တဲ့ ကာနယ်ကြည်မောင်က အဲဒီ ဦးနေ၀င်းရဲ့ ဒူးယားနှီးနှောဖလှယ်ပွဲကို မတက်ခဲ့ပါဘူး တဲ့။

စစ်သားကောင်း၊ စစ်သားမြတ်ကြီးတဦးလို့ပဲ သတ်မှတ်ခဲ့ကြတဲ့ အန်ကယ်ဦးကြည်မောင်ဟာ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ နိုင်ငံရေးထဲကို ၀င်ရောက်ခဲ့တယ်။ NLD ထဲကိုပါဝင်လာခဲ့တယ်လို့ ဆိုရမယ်။

NLD ရဲ့ အစအဦး၊ အောင်-စု-တင် သုံးပွင့်ဆိုင်ကာလ၊ ဦးအောင်ကြီးနဲ့ ကွဲကြပြဲကြတုန်းက၊ ဦးအောင်ကြီးဆိုဒ်က ပါလာတဲ့ အန်ကယ်ဦးကြည်မောင်ဟာ၊ စု-တင် ဘက်မှာ ပြတ်ပြတ်သားသား နေရစ်ခဲ့တာကလည်း၊ ကျနော်တို့လူငယ်တွေအဖို့ ပြောစမှတ်တခု ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ အထိမ်းသိမ်းခံနေရတဲ့ကာလ ၁၉၉၀ ရွေးကောက်ပွဲကို အန်ကယ်ဦးကြည်မောင် ဦးဆောင်ခဲ့တယ်။ ဂန္ဒီခန်းမ ညီလာခံကိုလည်း အန်ကယ်ဦးကြည်မောင် ဦးဆောင်ခဲ့တယ်။ အန်ကယ်ဦးကြည်မောင်ကို နိုင်ငံရေးသမားကောင်းတဦးအဖြစ်ပါ သမိုင်းက အသိအမှတ်ပြုလိုက်တာပဲ မဟုတ်လား။

အန်ကယ်ဦးကြည်မောင်ဈာပန ပို့တုန်းက အမှတ်ရစရာလေးတခု ပြောဦးမယ်။ NLD အသိုင်းအ၀ိုင်း၊ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မျိုးချစ်တပ်မှူးဟောင်း အသိုင်းအ၀ိုင်းနဲ့ စစ်အစိုးရ ထောက်လှမ်းရေးတွေ ပြည့်နှက်နေတဲ့ကြားမှာ၊ ကျနော်တို့ရဲ့ ချစ်လှစွာသော ပန်းချီဆရာကိုဒီကို တွေ့လိုက်ရလို့၊ ကျနော် တအံ့တသြဖြစ်ပြီး “ကိုဒီ … ၊ အန်ကယ်ဦးကြည်မောင် အသုဘ လာပို့သလား” လို့ မေးမိတော့၊ သူက “အေး … ၊ ဟုတ်တယ်။ အန်ကယ်ဦးကြည်မောင်က ကိုယ့်ရဲ့လက်ဦးဆရာတဦးပဲ” ဆိုပြီး အကျယ်တ၀င့် ရှင်းပြခဲ့တာပါ။

စစ်သားကောင်းကြီးတဦး၊ နိုင်ငံရေးသမားကောင်းကြီးတဦးလို့ပဲ ကျနော်တို့ သိထားတဲ့ အန်ကယ်ဦးကြည်မောင်ကို၊ အဲဒီနေ့ ကျမှပဲ တကယ့် အနုပညာသမားကောင်းကြီးတဦး ဖြစ်နေမှန်း သိခဲ့ရတာပါ ကိုဒေါင်း … ။

အန်ကယ်ဦးကြည်မောင်နဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်ရစရာတခုကတော့ ၂၀၀၇ သြဂုတ်လ(၁၈)ရက်၊ အန်ကယ်ဦးကြည်မောင် ကွယ်လွန်ခြင်း(၃)နှစ်ပြည့်နေ့ မှာ၊ ကိုမင်းကိုနိုင်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအဖွဲ့ ကဦးဆောင်ပြီး၊ အန်ကယ့်အိမ် ကုက္ကိုင်းကနေ တာမွေဈေးကြီးအထိ၊ ပြည်သူတွေ စီတန်း လမ်းလျှောက်ပြီး၊ စစ်အစိုးရရဲ့လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်သွားတာကို ဆန္ဒပြခဲ့ကြတဲ့ အဖြစ်အပျက်ပါပဲ။

ကိုဒေါင်းရေ …၊ နာကျင် ကြေကွဲမှုများနဲ့သြဂုတ်လ အကြောင်း ဆက်ပြောချင်ပါသေးရဲ့ဗျာ။

အားလုံးကို သတိရလျက်-

အောင်ဝေး

သြဂုတ် ၁၅-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts