ထင်အောင် – ကျနော်ဖတ်ခဲ့ဘူးသော မဂ္ဂဇင်းများနှင့် ကာတွန်းစာအုပ်များ
သြဂုတ် ၂၁၊ ၂၀၁၄
လူသားများသည် သဘာဝအလျောက်မိမိတို့နှင့် နီးစပ်သောလုပ်ငန်းများကိုသာ လုပ်ကိုင်လိုသောစိတ် ဆန္ဒရှိကြပါတယ်။ ငယ်စဉ်ကထဲက နေ့စဉ်တွေ့ ကြုံနေ၍ရင်း နှီးနေသော လုပ်ငန်းများကို စိတ်ဝင်စားလာကြကာ မိမိတို့ ကြီးပြင်းလာပါက လက်ရှိလုပ်ငန်းများကို ယခုထက် ကောင်းမွန်အောင်တိုးတက်လာ အောင် ကြိုးစားလုပ်လိုက်မယ်လို့  စိတ်ကူးယဉ်ကြပါတယ်။
လယ်သမားမိသားစုဝင် သားသမီးများက ငါတို့ လယ်ထဲဆင်းရတဲ့အချိန်ကျရင် အခုမိဘတွေလုပ်ကိုက်နေ တာထက် ငါးဆတိုး လုပ်မယ်။ အခုပိုင်သော နွားအကောင်ရေထက် ဆယ်ဆပိုင်ရ အောင် ကြိုးစားမယ် … စသဖြင့် တွေးတောတတ်ကြပါတယ်။ ရေလုပ်သားမိသားစုတွေ ကလဲ မိဘလက်ထက်က လှေနဲ့ ငါးဖမ်းနေရတာကို တို့များလက်ထက်ကျရင် လူ သက်သာအောင် စက်တပ်လှေလေးနဲ့ ငါးအရှာထွက်ကြမယ် လို့ … တွေးနေမိတတ်ပါ တယ်။ တံငါနားနီး တံငါ သဘောဖြစ်ပါတယ်။ နီးစပ်သောလုပ်ငန်းတွင် ပျော်မွေ့လာပြီး ကျွမ်းကျင်လာကြပါတယ်။
ရွှေပန်းတိမ်ဆရာဆရာများရဲ့ သားသမီးတွေက ရွှေအကြောင်း ကျွမ်းကျင်နားလည် သောကြောင့် ပန်းတိမ်လုပ်ငန်းဖြင့် အသက်မွေးလိုကြပါတယ်။ ရွှေဆိုင်ဖွင့်ပြီး စီးပွါးရှာ အရောင်းအဝယ်ပြုကြပါတယ်။ ရိုးရာအမွေအနှစ် ဆက်ခံကြတာဖြစ်ပါတယ်။ စတိုးဆိုင်ဖွင့်လို့  ဝင်ငွေကောင်းလာတာကိုသိတဲ့ စတိုးပိုင်ရှင်ရဲ့သားသမီးတွေက စ တိုးဆိုင်ခွဲတွေ ထပ်ဖွင့်ပြီး ဝင်ငွေတိုးအောင်လုပ်ကြပါတယ်။ ကာကာဆိုင်ပိုင်သူတွေ က ကာကာဆိုင် ထပ်ဖွင့်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ရုပ်ရှင်လုပ်ငန်းနဲ့ ဝင်ငွေကောင်းနေသူများက သူတို့ရဲ့ရင်သွေးတွေကို ရုပ်ရှင်လောကထဲကို ဝင်ရောက် စေခဲ့ပါတယ်။ ဂီတလောကမှ အောင်မြင်နေသူတွေကလဲ ဒီနည်းကိုပဲသုံးကြ ပါတယ်။
အောင်မြင်သူတွေပေါ်လာသလို ပျောက်ကွယ်သွားသူတွေ၊ ရုန်းကန်နေရသူ တွေလဲ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ မိဘလက်ငုပ်လက်ရင်းကို သားသမီးတိုင်း လုပ်ကြတာတော့မဟုတ်ပါ။ လယ်သမားကြီးရဲ့သားက တိုင်းမင်းကြီးဖြစ်သွားတာ၊ ရေလုပ်သားရဲ့ သားငယ်လေးက မီးရထားရုံပိုင်ဖြစ်သွားသူ ရှိခဲ့သလို၊ ရွှေပန်းတိမ်ဆရာသမီးက သားဖွားမီးယပ် ပါရဂူဆရာဝန်မကြီး ဖြစ်သွားတာတွေလဲ ရှိပါသေးတယ်။ စာပေပညာမှာ ထူးချွန် ခဲ့တာကြောင့် မိဘမျိုးရိုးလုပ်ငန်းကို မလုပ်ကိုင်တော့ဘဲ မတူညီသောလုပ်ငန်းကို ရွေး ချယ်လုပ်ကိုင်သူများလဲ အများအပြားရှိခဲ့ပါတယ်။
ကျွန်တော်ကတော့ စာရေးဆရာတွေရဲ့ သားသမီးများနည်းတူ မဂ္ဂဇင်းစာအုပ် ပုံတွေကြားမှာ ကြီးပြင်းလာရသူ ဖြစ်နေပါတယ်။ ငယ်စဉ်ကတည်းက လစဉ်ထွက် စာ အုပ်များထဲမှ မေတ္တာလက်ဆောင်ရသော မဂ္ဂဇင်းဂျာနယ်၊ စာအုပ်ပုံကြီးကြားတွင် ကြီး ပြင်းလာရသူ ဖြစ်ပါတယ်။ မူလတန်းကျောင်းသားဘဝ ကကြီးခခွေး ဖတ်တတ်စ ရေး တတ်စမှာကတည်းက သွေးသောက်၊ ရှုမဝ၊ မြဝတီ၊ စုံထောက်စသော မဂ္ဂဇင်းများကိုကိုင် တွယ် ကြည့်ရှုလိုစိတ်များ ဖြစ်လာပါတယ်။ အထူးသဖြင့် ကလေးများကို စာအုပ်ကိုင်တွယ်လိုစိတ် ဖြစ်အောင် လုပ်ပေးသူမှာ ပန်းချီဆရာကြီးဦးဘကြည်ဖြစ်ပါတယ်။ ဖခင် ဖြစ်သူ မြဝတီစာပေတိုက်ကို စာမူပို့ရန်သွားသောအခါ တခါတရံ လိုက်ပါခွင့်ရခဲ့ပါတယ်။ ထိုအချိန်က ဆရာကြီးလာပို့တဲ့ ‘သုံးလူရှင်ပင် ကျွန်းထိပ်တင် ကောင်းကင်စကြ်ာဝဠာ’ အစချီသော စာပိုဒ်လေးနှင့် ရောင်စုံသရုပ်ဖေါ်ထားသော ရုပ်ပုံများကို ထပ်ခါ ထပ်ခါ ကြည့်ချင်လောက်အောင် စွဲသွားပါတော့တယ်။ အိမ်ပြန်ရောက်တာနဲ့ စာအုပ်ပုံအထဲက မြဝတီမဂ္ဂဇင်းတွေကို ရှာပြီးလှန်ပါတော့တယ်။ ဆရာဦးဘကြည်ဆွဲထားတဲ့ ရောင်စုံဇာတ်လမ်းလေးတွေအပြင် ဆရာပန်းချီမောင်စိန်၊ ဆရာသန်းကြွယ်၊ ဆရာ မောင်ဒီတို့ရဲ့ ကာတွန်းလက်ရာများ၊ အရပ်ရပ်မှပေးပို့သော “ဤလည်းတဒုက္ခ” ရယ်စရာများ၊ ရှုမဝမဂ္ဂဇင်းမှ ကာတွန်းများအပြင်၊ ရှုမဝမှာ ဆရာကြီးဦးငွေကိုင်ရေးဆွဲသော ‘သံခေါင်းစွပ်မင်းသား’ လစဉ်အခန်းဆက် ဇာတ်လမ်းတွဲ၊ သွေးသောက်လစဉ် ထုတ်မဂ္ဂဇင်းမှ ဆေးရောင်စုံဝတ္တုသရုပ်ဖေါ်ပုံများကို စိတ်ဝင်စားစွာ ဖတ်တတ်လာပါတော့တယ်။
မြဝတီထဲမှ ပါမောက္ခဦးအေးမောင်၊ ထင်လင်း၊ သိန်းဖေမြင့်၊ မောင်သုတ၊ စာပေဗိမာန်ဦးအေးမောင်နှင့် ဆရာကြီးဇေယျတို့ရေးသားသော ဆောင်းပါးများ၊ ဌေးမောင်၊ မောင်သင်၊ တင့်တယ်၊ မောင်စည်သူ၊ လင်းယုန်နီ၊ တက္ကသိုလ်နန္ဒမိတ်၊ ရန်အောင်၊ မြဝဇီ စသော စာရေးဆရာကြီးများရေးသားသော ဝတ္တုတို၊ ဝတ္တုရှည်များလည်း စွဲမြဲစွာ ဖတ်လာပါတော့တယ်။ မြဝတီမဂ္ဂဇင်းတခုထဲမှာသာ ပါဝင်သော ဓာတ်ပုံပညာရှင်များရဲ့ လစဉ်လက်စွမ်းပြ ဓာတ်ပုံပြိုင်ပွဲမှ သဘာဝရှု မျှော်ခင်းပုံများကို ကြည့်ရှုခံစားတတ်လာပါပြီ။
ရှုမဝမဂ္ဂဇင်းမှာ အထက်ပါဆရာကြီးများအပြင် ဆရာမင်းရှင်ရေးသော ‘ဓာတ်တိုင်အောက်ဝယ်’ အပါအဝင် ဇာတ်လမ်းများ၊ သော်တာဆွေရဲ့ ဟာသဝတ္တုတိုများကိုလည်း ဖတ်တတ်လာပါတယ်။ သော်တာဆွေတာဝန်ခံရေးတဲ့ ‘အဟိအခန်း’မှ ဟာသ များလည်း ဖတ်မိလာပါတော့တယ်။
အဘိုးဖြစ်သူက စာဖတ်ချင်စိတ်ဖြစ်လာသော မြေးအတွက် သတင်းစာပို့သူထံမှ လစဉ်ထုတ် ဇဝန၏ ‘ကလေးဂျာနယ်’ နဲ့ ‘Beano’ ကာတွန်းစာအုပ်များကိုမှာကာ ဖတ်ခိုင်းပါတယ်။ ‘ကလေးဂျာနယ်’အထဲမှ ‘ဆိုးပေ’ ဇာတ်လမ်းတွဲ – မီးကို လက်နဲ့ကိုင်တွယ်နိုင်အောင် ပြုလုပ်ခိုင်းရာ မင်းသားလေးက စက္ကူမီးအိမ် – မီးပုံးကို တီထွင်သောပုံပြင်မှာ သဘာဝလည်းကျ၊ သိပ္ပံနည်းလည်းကျ၊ အ ရေးအသားတင်ပြပုံကလည်း လက်ကမချချင်အောင် ဖတ်လို့ ကောင်းလှသောကြောင့် ယနေ့ထိ စွဲနေမိပါတယ်။
‘Guardian’ နေ့စဉ်ထုတ် သတင်းစာနောက်ဆုံးစာမျက်နှာတွင် ပါသော ရုပ်ပြ ဇာတ်လမ်းများကိုလည်း စိတ်ဝင်စားစွာစောင့်၍ ဖတ်တတ်လာပါတော့တယ်။
ထိုစဉ်က အပတ်စဉ်ထုတ်စာစောင်များအနက် ဈေး သက်သက်သာသာနဲ့ လူတန်းစားမရွေး ဖတ်ကြသောစာစောင်မှာ ‘ဘားမားစတား’ စာစောင်ဖြစ်ပါတယ်။ စာစောင်၏ ရှေ့ဆုံးနဲ့ နောက်ဆုံးစာမျက်နှာတွင် ဦးလူပေါနဲ့ ဥာဏ်ကျယ်လေးအတွဲတို့ရဲ့ သဘာဝကျကျ အလွဲဟာသဇာတ်လမ်းတို ပါပါတယ်။ တခါတရံ ဇာတ်ပို့ အဖြစ် ဦးလူပေါရဲ့အကို ဦးလူချော ပါလာတတ်ပါသေးတယ်။ အတွင်းမှာတော့ ကာတွန်းဇာတ်လမ်းများ ပါ ပါတယ်။ တနင်္လာနေ့တိုင်းထွက်သော အပတ်စဉ်ထုတ် စာစောင်ဖြစ်ပါတယ်။ တစောင်မှ ဆယ်ပြားသာ တန်ဘိုး သတ်မှတ်ထားပါတယ်။
ကျွန်တော်ငယ်စဉ်က ကြီးလာရင် ဘားမားစတား ရောင်းမယ်လို့ ပြောလေ့ ရှိပါတယ်။ အမေက – တလမ်းဝင်တလမ်းထွက်နဲ့ လက်ပွေ့လိုက်ရောင်းရတာ ပင်ပန်း ပါတယ် … သားရယ် – လို့ ပြောတော့ ကျွန်တော်က ဆိုက်ကားနဲ့ လိုက်ရောင်းမှာပေါ့ လို့ ပြန်ဖြေခဲ့ပါတယ်။ ထိုစဉ်က စီးတော်ယာဉ်များမှာ ဆိုက်ကား၊ ဘတ်စကားသာ ရှိကြပါ သေးတယ်။ သုံးဘီးကားတောင် မပေါ်သေးတဲ့ကာလ ဖြစ်ပါတယ်။ သတင်းစာပို့သူ၊ မဂ္ဂဇင်းပို့သူတွေက လမ်းလျှောက်၊ စက်ဘီးစီးလို့ ပို့နေရသောကာလမှာ စည်းစိမ်နှင့် ဆိုက်ကားသမားနင်းသော ဆိုက်ကားပေါ်မှာ ဇိမ်နှင့်ထိုင်ပြီး စာစောင်ဖြန့်ချိရေး လုပ်ရန် အကြံကြီးကြံခဲ့သူ ဖြစ်ပါတယ်။ စီးပွါးရေးအကွက်မြင်သူဖြစ်ခဲ့တာကို အခုမှပြန် သုံးသပ်မိပါတယ်။
လစဉ်ထုတ်မဂ္ဂဇင်းကို လူကြီးလူလတ်ပိုင်းများက စောင့်မျှော်ဖတ်ရှုနေကြသလို ကလေးများကလည်း လစဉ်ထုတ်မော်ဒန်ကာတွန်း၊ ကာတွန်းစုံ၊ ကာတွန်းညွန့်ပေါင်း၊ ပေါ်ပြူလာစသော ကာတွန်းစာအုပ်များကို ဖတ်ရှုရန် စောင့်မျှော်နေကြပါတယ်။ ကလေးတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေတာကတော့ စုံထောက်ကြီးဦးရှံစားနဲ့ တပည့်ကျော် ဦးဒိန်းဒေါင်တို့အတွဲ၊ အင်မတန်ဒေါသကြီးတဲ့ ဦးစိတ်တိုနဲ့ မျောက်ညိုတို့အတွဲ၊ မစားရက်မသောက်ရက်အထိ ကပ်စီးအင်မတန်နဲသော သူဌေးကြီးဦးကပ်စီးနဲ့ တူခင်မောင်သိန်းထွန်းဝင်းတို့အတွဲ၊ ကျောက်ဖြုန်းလေးနဲ့ မီးခွက်စောင့်ဘီလူးလေးတို့အတွဲ၊ ဒီလုံးနဲ့ သိပ္ပံပညာရှင်လူဆိုးကြီးများ၊ မောင်ကမ္ဘာနဲ့ ကမ္ဘာဖျက်လူဆိုးကြီးများ၊ အထူးသဖြင့် ထိုအချိန်က ရုပ်ရှင်လောကထဲဝင်ရောက်လာသော စာရေးဆရာဝင်းဦးမင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားသော ‘နှစ်ယောက်ထဲနေချင်တယ်’ ရုပ်ရှင်ကားကို ကာတွန်းပုံစံပြန်ဆွဲထားသော ‘နှစ်ယောက်ထဲခွေချင်တယ်’ ဟာသဇာတ်လမ်းပါဝင်သော ကာတွန်းစာအုပ်မှာ ရောင်းအား ကောင်းလှတာကို မှတ်မိနေပါသေးတယ်။
ကာတွန်းစာအုပ်ဈေးမှာ တအုပ်ကို ပြားခြောက်ဆယ် ဖြစ်ပါတယ်။ ဈေးများ တယ်လို့ မဆိုနိုင်ပေမဲ့ မိဘတိုင်းကတော့ မဝယ်ပေးနိုင်ကြပါဘူး။ ထိုအထဲမှာ ကျွန် တော်မိဘများလဲ ပါဝင်ပါတယ်။ ဒါကြောင့် ကျောင်းဆင်းချိန် အိမ်အပြန်မှာ လမ်းမှာရှိ နေတဲ့ မာဃစာအုပ်စတိုးမှာ ဝင်လှန်ရင်း ဖတ်ရပါတယ်။ ဆိုင်ထဲမှာ ကာတွန်းတအုပ် ကို အကြာကြီးဖတ်နေပါက ဆိုင်ရှင်က မကြိုက်ပါ။ ဝယ်မှာလား လို့ လာမေးပါတယ်။ ဖတ်လက်စ စာအုပ်ကို စာအုပ်ပုံပေါ်ပြန်ချထားပြီး စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခဲ့ရပါ တယ်။ နောက်တနေ့ ကျောင်းဆင်းချိန်မှာ ကျန်နေတာတွေကို ဝင်ဖတ်ပါတယ်။ တစ်ခါ အမေးခံရပြန်ပါတယ်။ ဒုတိယနေ့ အမေးခံရချိန်မှာ ကာတွန်းစာအုပ်ကို တစ် အုပ်လုံး ဖတ်ပြီးသွားပါတော့တယ်။ ကျေးဇူးတင်ပါတယ် …. မာဃစတိုးရယ်။
ကာတွန်းဖတ်ရန် ကျောင်းအပြန်လမ်းမှာ နောက်စာအုပ်ဆိုင်တဆိုင် တွေ့ထားပြန်ပါတယ်။ ‘ဆန်းညွန့်ဦး’စာပေတိုက်ပါ။ ဆိုင်က စဖွင့်ခါစဖြစ်၍ သိပ်မကြီးသေးပါ။ ဆိုင်ရှေ့မှာ ယခုခေတ် ဂျာနယ်ရောင်းသလို သုံးထပ်သားပေါ်မှာ စာအုပ်မျိုးစုံကိုတင်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ ဆိုင်ရှင်ဦးလှခင်က ကျွန်တော်ကို စာရေးဆရာရဲ့ သားမှန်း သိနေသောကြောင့်လား မသိပါ။ နှင်မထုတ်ဘဲ စိတ်တိုင်းကျ ဖတ်ခွင့်ပေးထား ပါတယ်။ အဖေအတွက် လစဉ်ထုတ်မဂ္ဂဇင်းတွေကို တိုက်တွေက စက်ဘီးလေးနဲ့ပို့ပေးပါတယ်။ မဂ္ဂဇင်းဖတ်ဘို့ မပူရပါ။ ကာတွန်းစာအုပ်များကို ဆန်းညွန့်ဦး – ဦးလှခင် က မဆူမပူဘဲ ဖတ်ခွင့်ပေးထားတော့ အဆင်ကိုပြေနေပါတော့တယ်။ ဒီနည်းဖြင့် လစဉ်ထုတ် စာစောင်၊ ကာတွန်းတွေကို ဖတ်ရှုခွင့်ရရှိခဲ့ပါတယ်။
တစ်ခါတစ်ရံမှ ကောက်ဖတ်မိသောစာစောင်မှာ လျို့ဝှက်သဲဖိုမဂ္ဂဇင်း ဖြစ်ပါ တယ်။ စံရွှေမြင့်ဟာသဇတ်လမ်းတိုလေးများကို သဘာဝကျသောကြောင့် ဖတ်မိပါတယ်။ ကာတွန်းမြင့်သိန်းက စံရွှေမြင့်ဇာတ်လမ်းရှည် ရေးဆွဲကာ တကျပ်တန်ရုပ်ပြ စာအုပ် ထုတ်ပါတယ်။ စာဖတ်ပရိတ်သတ်က လက်ခံဖတ်ရှုကြသဖြင့် ရောင်းအား အလွန်ကောင်းကာ အောင်မြင်သွားပါတယ်။ စံရွှေမြင့်နဲ့ ငြိမ်းမောင်အတွဲကို ရုပ်ရှင်ရိုက် ရသည်အထိ အောင်မြင်သွားတဲ့အတွက် အခြားဇာတ်လမ်းတွဲတွေလဲ ထုတ်ဝေလာကြပါယ်။ နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရေးဆွဲထားသော ပေါ်ဆန်းမွှေးဇာတ်လမ်း၊ သမိုင်း နောက်ခံ ရေးဆွဲထားသော ဓားမင်းသားရွှေစွန်ညိုတို့ကိုလည်း ဖတ်မိလာပါတယ်။ အနောက်နိုင်ငံမှထုတ်ဝေသော Tin Tin ဇာတ်လမ်းတွဲများကို ဖတ်မိသောအခါမှ မြန်မာရုပ်ပြများကို အားမလိုအားမရ ဖြစ်မိတော့တယ်။ အရောင်လှလှ သဘာဝကျကျ ဇာတ်လမ်းများကို ကမ္ဘာတဝှမ်းက လူငယ်တွေ အလုအယက်ဝယ်ဖတ်နေတဲ့အတွက် ထို့အတူ မြန်မာကာတွန်းစာအုပ်တွေကို အုပ်ရေများများ ထုတ်စေချင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာပါတယ်။
ယနေ့ထုတ်ဝေနေသော မဂ္ဂဇင်းများ၊ဂျာနယ်များ၊ ရုပ်ပြစာအုပ်များ မရေမတွက် နိုင်အောင် မဖတ်နိုင်လောက်အောင်ကို များပြားလှပါတယ်။ ဒါကြောင့် ကြိုက်ရာစာ စောင်ကို ရွေးဖတ်နိုင်သောကာလ ဖြစ်နေပါပြီ။ ဤမျှ စာအုပ်စာပေပေါများနေသော ကာလတွင် ကျွန်တော်စာမဖတ်ဖြစ်တော့ပါ။ ယခင်ကလို မဂ္ဂဇင်းများ အိမ်တိုင်ယာ ရောက် အခမဲ့လာပို့သော စာပေတိုက်များမရှိတော့တာက တကြောင်း၊ အသက်အရွယ်အရ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာကတကြောင်း၊ မဖတ်ဖြစ်တော့တာပါ။ ယခင်က လောဘတကြီးနဲ့ ဝယ်ထားသောစာအုပ်များ မပျောက်ရန်၊ မပျက်စီးစေရန်သာ ထိန်းသိမ်းပြင်ဆင်နေရပါတော့တယ်။
(၂၀၀၅ ခုနှစ် မတ်လထုတ် စာအုပ်လောကတွင် ပါဝင်ထားသောဆောင်းပါးမှ ဖြတ် ထားသည်ကို ပြင်ဆင်ထားပါသည်။)
(မိုးမခစာတည်း ဖြည့်စာ – စာရေးသူ ထင်အောင် ပြောသော စာအုပ်၊ စာစောင်ခေတ်မှာ မြန်မာပြည်လွတ်လပ်ရေးခေတ်ဦးကာလက ဖြစ်ပါသည်။ (၁၉၄၈ – ၁၉၆၂) ပါလီမန်ဒီမိုကရေစီခေတ်နှင့် (၁၉၆၂) တော်လှန်ရေးကောင်စီအစောပိုင်းကာလ စာပေဆင်ဆာမရှိသေးချိန်က ဝေေ၀ဆာဆာထွက်သော စာစောင်များ စာအုပ်များဖြစ်သည်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာစာစောင်များ ထွန်းကားနေဆဲဖြစ်သည့်အပြင် အစိုးရကိုယ်တိုင်ကအားပေးသော စာအုပ် စာစောင်များကိုလည်း အများက အားပေးနှစ်သက်ခဲ့ကြသည် (မြ၀တီတိုက်၊ စာပေဗိမာန်စာအုပ်တိုက်) ။ ၁၉၆၈ ခန့်တွင် စာပေဆင်ဆာဖြတ်မှုနှင့် ထိန်းချုပ်မှုများ အတင့်ရဲ ရမ်းကားလာပြီးနောက် ၁၉၇၀-၇၅ ကာလအတွင်း (၇၄ ခု အခြေခံဥပဒေကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြုချိန်) အထက်ပါ စာအုပ်၊ စာစောင်များ၊ စာရေးသူ၊ ကာတွန်းဆရာများကို အစိုးရ ပိတ်ဆို့ခြင်း၊ ထုတ်ဝေခွင့် တားမြစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အကြောင်းမှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကို ထိခိုက်စေသော သရုပ်ပျက်စာပေများ စာစောင်များကို ဖိနှိပ်ခြင်း ဟု အကြောင်းပြသည်)
Photo Credit – http://www.mingalarpar.org/2011/07/blog-post_14.html