>Mar Mar Aye – 391

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၉၁

ဂီတ စင်များ

မာမာအေး

သြဂုတ် ၂၁၊ ၂၀၁၁

photo: kyi may kaung

“… ကိုယ့်ပွဲကို အဆိုတော်လာဖြစ်ရအောင် မေတ္တာလက်ဆောင် လုံချည် အင်္ကျီစလေး ဘာလေး ပေးပြီး ဖိတ်ကြားတာမျိုး ပေါ်လာပြန်ပါတယ်။ ဆွမ်းသိမ်းပွဲကတော့ “သဇင်ပန်း” ပို့ပြီး ဖိတ်တတ်ပါတယ်။ အားလုံးကို အဆိုတွေဖက်က မေတ္တာနဲ့ ယှဉ်ကူဖေးခဲ့တာချည်းပါဘဲ…”



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရှေ့တပါတ်မှာတုန်းက ဂီတချည်းဘဲ တသီးတသန့် ဘယ်လို စပြီး ဖျော်ဖြေခဲ့ကြတာလဲ၊ ကိုယ့်ယဉ်ကျေးမှုနဲ့အညီ စခဲ့ရကြနေပြီး တဆင့်ကတဆင့် ဘယ်လို ပြောင်းလွဲဖျော်ဖြေမှုတွေ ဖြစ်လာတာလဲ ဆိုတာ ပြောပြနေတာပါ။

ဟိုရှေးတုန်းက ‘ဟာသ’ ပညာ လို့ ခေါ်တဲ့ သဘင်ရပ်ဝန်းဒေသမှာ ပရိသဒ်နဲ့ တပြေးညီ အမိမြေကမ္ဗလာထက်ဆီမှာ ကခုန်သီကြူး ကိုယ့်ဝါသနာကိုသာ စိတ်ကူးပြီး မေ့မေ့မူးမူး နေဖူးခဲ့ကြသူတွေကို အသက်မွေးမှု တခု သဘင် ပေါ်ပေါ်ထင်ထင် ဖြစ်လာအောင် ယောက်ျားမင်းသမီးကြီး နာမည်ကျော် ‘အောင်ဗလ’ က ဆင်ခြင် ဖန်တီးပေးခဲ့တယ်။ ကညင်ဆီနဲ့ မီးထွန်း ကခဲ့ကြတဲ့ မြေ၀ိုင်းသဘင်တွေကို ဇါတ်စင်ထိုးပြီး အောက်လင်းဓါတ်မီးထွန်း အကခိုင်းတာပါ။ ‘စင်’ ရယ်လို့ ပေါ်လာ ခေါ်လာကြတာ အဲဒီအကြောင်းခံက စတဲ့ ဖျော်ဖြေမှုလို့ ပြောရမှာပေါ့ရှင်။

အခု ဂီတ စင်ခွဲတခု ဖြစ်လာဘို့ ရန်ကုန်မြို့အနောက်ပိုင်းက ‘မာဃစင်’ဟာ အရင်းခံလာတာတွေကို ပြောပြဦးမယ်။ မာအေး သိသလောက်ပေါ့နော။ ‘မာဃ’ ဆိုတာ မြန်မာပိုင် ကုမ္ပဏီတခုရဲ့ နာမည်ပါ။ ရှေးက ကုန်ရောင်းကုန်ဝယ် လုပ်ငန်းတွေ ထွန်းကါးခဲ့လေတော့ ကုန်သည်ပွဲစား ကုမ္ပဏီများ ထောင်ထားကြတာမျိုးပေါ့။ အဲဒီအချိန်တုန်းက လူတွေကလဲ နေနိုင်စားနိုင် ရှိသေးသကိုး။ သီတင်းကျွတ်ပွဲတော်ဆို ကြည့်မြင်တိုင်ဖက်မှာ တိုးမပေါက်အောင် စည်ကားပါတယ်။ တန်ဆေါင်တိုင်ပွဲတော်ကျရင် မြို့ထဲက အင်မတန် စည်ကါးပါတယ်။ အထူးသဖြင့် အနောက်ပိုင်းမှာပြောပါတော့။ လမ်းတိုင်းလမ်းတိုင်း အငြိမ့်တွေ၊ ရှင်ရှင်တွေ၊ ရုပ်သေပြကွက်တွေ၊ ကါတွန်းမီးပုံးတွေဆွဲလို့ မနည်းမနော ပျော်စရာတွေ ပေါခဲ့လေရဲ့လို့ တွေးကြည့်လိုက်ပါနော်။

အဲဒီလို ကိုယ့်လမ်းထိပ်မှာကိုယ် – တင်လိုရာတင်၊ ပြချင်စရာကို ပြနိုင်တဲ့အခါ ဆိုတော့ ‘မာဃ’ အဖွဲ့က ‘စင်’ ထိုးပြီး တမျိုးတဘာသာ အဆိုတော်တွေ ဖိတ်ကြား တီးဝိုင်းပါထားလို့ ဖျော်ဖြေတော့တာကလား။ လာကူတဲ့သူကို ကျွေးမွေး ဧည့်ခံ ကြိုပို့ပေးတာဘဲ မာဃက လုပ်ပါတယ်။ တီးဝိုင်းရှိလို့ ပွဲတော်ကြည့်ရင်း နားထောင်ဖြစ်ကြတဲ့ အများပြည်သူကလဲ မခွဲမခြား ကတ္တရာလမ်းပေါ်မှာ ကိုယ့်ဖိနပ်ကိုယ် ခုထိုင်၊ စတိုင် မလိုင် မပါ၊ နားအရသာခံ တန်ဘိုးသိသိ ပွဲသိမ်းသည်အထိ နေကြတာပါ။ ဖျော်ဖြေရေးဂီတ ဆိုတာ ရေဒီယိုကသာ ကြားနိုင်တဲ့အခါ ဆိုတော့ အဆိုတော်တွေ လူကိုယ်တိုင်ဆိုတာကို ကြားချင်တာလဲ ပါမယ်၊ မြင်ဖူးချင်တာလဲရှိမယ်ပေါ့။

မာဃစင်မှာ စတင် ဦးဆောင်တီးခတ်ခဲ့သူကတော့ ‘စန္ဒရားချစ်ဆွေ’ပါ။ သူကတော့ တီးဝိုင်း ယဉ်ကျေးမှုအရ စတဲ့အခါ တန်ဆောင်တိုင်ပွဲဖြစ်တာကြောင့် အကိုမြကြီးနဲ့ တဖွဲ့လုံး ဆိုလို့ရတဲ့ တန်ဆောင်တိုင်သီချင်းနဲ့ စတတ်ခဲ့ပါတယ်။ နောက် အကိုမြတ်လေး ရေးပေးတဲ့ “ငြိမ်းချမ်းရေးတန်ဆောင်တိုင်” သီချင်းနဲ့လဲ ဖွင့်ခဲ့ပါသေးတယ်။ ဆိုတဲ့ တီးတဲ့သူတွေကလဲ မေတ္တာနဲ့သီကြွေး၊ သောတရှင်ပြည်သူတွေကလဲ ကြည်ကြည်သာသာနဲ့ လက်ခုပ်သံပေးနဲ့ ခု တွေးရင်တောင် ပျော်သေးတယ်ရှင်။

သီတင်းကျွတ်ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်၊ မသိုးအလှမြတ်သင်္ဃန်းကပ်ဖို့ ရွှေတိဂုံကုန်းတော်မြိုင်မြိုင်ဆိုင်၊ ကထိန်သင်္ဃန်းမို့ ကပ်လို့ကိုမဆုံး ခင်ပြုံးသူဇာ ကေသီခိုင် xxx

(မျှော်တော်ဇောနဲ့သူ့လည်တိုင် ကျနော် မလာလို့မှိုင်)၂

နံ့သာ အထူး လူးကာ ဆံထုံးဟန်ကျော့ရှင်း အဆင်းလှလို့မြိုင်၊ တပွင့်ပန်ကါဘဲ သင်းကြူပျံ့လှိုင်၊ ပင်နီချောရယ် ယောထမီအခိုင် ပြုံးပြုံးလေး ကျနော့်ဘေးကထိုင် ယက္ကန်းခတ်သံကလေးက အလွန်ဘဲမြိုင် xxx

[ (မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်)၂

ကထိန်ပွဲခင်းပါတဲ့ လတန်ဆောင်တိုင်၊ အထူးမြူး] xxx ချစ်သက်လျာ ကေသီညှာခိုင် တနှစ်ထက်တနှစ်မို့ သူ့ကိုသာဘဲ ချစ်ဇောတွေမှာလှိုင် xxx

[မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် – ကိုမြကြီး မှ]

အဲဒီလို ကြည့်မြင်တိုင်တို့ ရန်ကုန်အနောက်ပိုင်းတို့က စဖြစ်ခဲ့တဲ့ ဂီတစင်သက်သက် တင်ဆက်ခဲ့မှုဟာ ပွဲကြီးတာနဲ့ ထည့်သွင်းလာကြတော့တာမို့ ပွဲလုပ်တာချင်း တိုက်နေရင် အဆိုတော်တွေ စင်ခွဲဆိုပေးဖြစ်ကုန်ပါတယ်။ ဒီအခါ ကိုယ့်ပွဲကို အဆိုတော်လာဖြစ်ရအောင် မေတ္တာလက်ဆောင် လုံချည် အင်္ကျီစလေး ဘာလေး ပေးပြီး ဖိတ်ကြားတာမျိုး ပေါ်လာပြန်ပါတယ်။ ဆွမ်းသိမ်းပွဲကတော့ “သဇင်ပန်း” ပို့ပြီး ဖိတ်တတ်ပါတယ်။ အားလုံးကို အဆိုတွေဖက်က မေတ္တာနဲ့ ယှဉ်ကူဖေးခဲ့တာချည်းပါဘဲ။

ပရိသဒ်ဖက်က တက်လာတဲ့ ပြဿနာက ပွဲကြည့်ရတဲ့နေရာကိစ္စပါရှင်။ ပရိသဒ် အစုံ အချိန်ကုန်ထိုင်ရာကမထ ပွဲသိမ်းမှ ပြန်ကြွကြတာကြောင့် အလှူထည့်ရတဲ့ ဒေသခံ ကလျာဏတွေက ဧည့်ခံကျွေးမွေးနေရတာနဲ့ နေရာမရ မကြည့်ရတွေ ရှိလာတယ်။ ဒီတော့ ခုံခင်းထားမှ ဖြစ်မယ်။ ကတ္တရာပေါ် ထိုင်ရတဲ့ အပူလဲ ကင်းမယ် ဆိုပြီး စင်ရှေ့မှာ ကုလားထိုင်ခင်းကြည့်တဲ့ဟာ ဖြစ်လာတာပါဘဲ။

အဲဒါကျတော့လဲ သူ့ခုံ၊ ငါ့ခုံ ဖြစ်လာပြန်လို့ လက်မှတ်နဲ့ခုံခနဲ့ တိုးသွားပြန်ရော။

အဲဒီကနေ ပွဲကိစ္စ ဦးစီးလုပ်ကိုင် ဆက်သွယ်ပေးတဲ့သူတွေကို ဘယ်အဆိုတော်ဖိတ်ပေးနော် ဆိုတာမျိုး ကြပ်ပေးကြပြန်တာမို့ အဆိုတော် မလာမဖြစ် လာအောင် တဲ့ရှင်။ အနုပညာကြေး ခတ်ပေးတဲ့စံနစ် ဖြစ်သွားတယ် ရှင့်။ မေတ္တာပွဲကနေ အသပြာပွဲ ပြောင်းသွားတာဟာ ဂီတဖက်က တောင်းဆိုမှုကြောင့် မဟုတ်ဖူးလို့ ပြောပြတာပါနော်။

ဒီလိုမျိုး ခုံနဲ့ဘာနဲ့ လက်မှတ်တွေ ဘာတွေ ခံပြီးတော့ ဂီတသက်သက် တင်ဆက်ဖျော်ဖြေရင်လဲ နားထောင်အားပေးတဲ့ ပရိသဒ် ရှိတာပါဘဲ ဆိုတဲ့ အကြောင်း သိသွားတော့ ရန်ကုန်မြို့တင်မက တပြည်လုံး စီးပွားရေး အသုံးချ ‘စတိတ်ရှိုး’ စင်ပွဲတွေ လုပ်လာကြပါတယ်။

‘စတိတ်ရှိုး’ ဆိုတဲ့ စင်တင်ဖျော်ဖြေရေးပွဲတွေ ခေတ်စားတဲ့အခါမှာ တီးဝိုင်းပါ တင်ရတော့ မြန်မာတီးဝိုင်းမျိုးနဲ့ တင်ဆက်မှာလား လျှပ်စစ်ဂစ်တာအဖွဲ့နဲ့ တင်ဆက်မှာလား ဆိုတာကို ပွဲစီမံသူက ရွေးပါတယ်။ လျှပ်စစ်ဂစ်တာကို အရွေးများတာပေါ့ရှင်။ ကီးဘုတ် + လိဂစ်တာ + ရစ်သမ်နဲ့ ဘေ့(စ) ဂစ်တာ၊ ပြီးတော့ ဒရမ်တီးမယ့် တဦး၊ (၅) ဦးထဲရယ်။ မြန်မာဝိုင်းဆို အနည်းဆုံး (၇)ဦးလောက်မှ ဖြစ်တာ။ ဆိုင်းသီချင်းတွေပါ ပေါင်းရင် စင်ပေါ် ဘယ့်နှယ်လုပ် တင်ပါ့မလဲ၊ ဘယ်လို သယ်ကြပိုးကြရမလဲ၊ ခက်ခဲတဲ့အကြောင်းကြောင်းတွေကြောင့် လျှပ်စစ်ဂစ်တာဝိုင်း စင်ပေါ်ရောက်တော့ မာအေးတို့ယဉ်ကျေးမှု ရှိခိုးထွက်တဲ့ဟန် ပျောက်ရပြီပေါ့ရှင်။

BBC www.bbc.co.uk/burmese တွင် အသံလွှင့်ခဲ့သောဆောင်းပါး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts