ရသဆောင်းပါးစုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ၂၁ ရာစုပညာရေး

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ၂၁ ရာစုပညာရေး
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၈

ပညာရေးဆိုသည်မှာ လူသားရင်းမြစ်တို့၏ အရည်အချင်း အစွမ်းအစ ပါရမီ မွေးရာပါဗီဇ ဝါသနာ အလေ့အကျင့်နှင့် ကိုယ်ပိုင် တွေးခေါ်မြှော်မြင်နိုင်မှုတို့ကို အဆင့်အတန်းခွဲခြားခြင်း အမှတ်ပေးစည်းမျဉ်းများဖြင့် တော်သည် ညံ့သည် စသည်ဖြင့် စာမေး ပွဲများစစ်ဆေးကာ အကဲဖြတ် သတ်မှတ်ပေးရခြင်းမျိုးမဟုတ်ပေ။

ပညာရေး၏ အဓိကရည်ရွယ်ချက်ဦးတည်ချက်မှာ လူသားရင်းမြစ်တစ်ဦး၏ ကိုယ်ပိုင်ဘဝလမ်း သူ၏ပတ်ဝန်းကျင် သူ၏နိုင်ငံ တော်နှင့် ကမ္ဘာလောကကြီးကို အကျိုးပြုနိုင်သော လူသားတစ်ဦးဖြစ်လာစေရန် ထိုလူသားရစ်မြစ်တစ်ဦး၏ ကိုယ်ပိုင် အရည် အချင်း မွေးရာပါဗီဇ အထုံပါရမီ ဝါသနာရပ် အားသန်သောအလေ့အကျင့်များကို ပိုမို၍ သန်မာလာစေရန် အားကောင်း လာစေရန် ရည်ရွယ်ချက်များ ပန်းတိုင်များ ကောင်းမွန်မှန်ကန်သော အယူအဆများ အတွေးအခေါ်များ လုပ်ကိုင်နိုင်မှု စွမ်း ရည်များကို နည်းပေးလမ်းညွှန်ပြုလုပ်ပေးခြင်း၊ တည့်မတ်ထိန်းညှိပေးခြင်း၊ ဖေးမအားထည့်ပေးခြင်း၊ အဆုံးအစွန်သော အကျိုးပြုလုပ်ငန်းစဉ်များအထိ သွားရောက်နိုင်စေရန် လမ်းပြပေးခြင်း၊ တိုက်တွန်းပေးခြင်း၊ စွန့်ဦးတီထွင်ပညာရှင်များ ဖြစ် လာစေရန် မွေးဖွားပေးခြင်းတို့ပင် ဖြစ်သည်။

ပညာရေးနှင့် သင်ညာရေးတို့သည် ရည်ရွယ်ချက် ဦးတည်ချက်နှင့်အကျိုးဆက်တို့သည် ဆန့်ကျင်ဘက်သဘောတရား များဖြင့် အဆုံးသတ်ရလဒ်များတွင် လုံးဝကွာခြားသွားတတ်သည်။ သင်ညာရေးတွင် အစိုးရအဖွဲ့အစည်း သို့မဟုတ် လူမှုအဖွဲ့ အစည်းတစ်ခု (သို့မဟုတ်) လူတစ်ဦးတစ်ယောက်၏ ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် အသုံးဝင်လာ စေရန် အမိန့်နာခံတတ်မှုများ နောက်လိုက်ကောင်းများ တပည့်ကောင်းများ အလုပ်သမားများ စားရေးစာချီ ဝန်ထမ်းကောင်း များနှင့် သာမာန်လူသားရင်းမြစ်များကိုသာ မွေးထုတ်ပေးနိုင်စွမ်းရှိသည်။ သင်ကြားမှုတွင် လွတ်လပ်မှုမရှိဘဲ အစိုးရအဖွဲ့ အစည်း လူမှုအဖွဲ့အစည်း လူတစ်ပုဂ္ဂိုလ်ဦးတစ်ယောက်စိတ်ကြိုက် ပြင်ဆင်ပြုပြင်ပြဌာန်းထားသော အချုပ်ခန်းနှင့်ထောင်များ ကဲ့သို့ ဘောင်ခတ်ထားသော သင်ရိုးညွှန်းတန်းများ ဂိမ်းကစားပွဲတစ်ခုကဲ့သို့ အမှတ်စုရသော အမှတ်ပေးစည်းမျဉ်းများ လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အတွေးအခေါ်များ အယူအဆများကို အတိအကျ လိုက်လံကာ မှတ်သားရပြီး ကျက်မှတ်ရပြီး ထိုလူပုဂ္ဂိုလ်နှင့်တန်းတူ ထိုလူပုဂ္ဂိုထက်ကျော်လွန်၍ ပြုလုပ်လျှင် ပယ်ချခြင်း ပစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ခြင်း ပစ်ပယ်ခြင်း တို့ဖြင့် ကျောင်းသားတို့၏ ကျောင်းသားတို့၏ အယူအဆ အတွေးအခေါ်များ ဆန်းသစ်ခြင်း တီထွင်ခြင်း ဖန်တီးခြင်း သုံး သပ်ဆင်ခြင်ခြင်း ကိုယ်ပိုင်ကိုယ်စွမ်းဉာဏ်စွမ်း အသုံးပြုခြင်းများကို အဟန့်အတားဖြစ်စေခြင်း ဘေးထွက်ဆိုးကျိုးများရှိသည်။အစိုးရအဖွဲ့အစည်းတစ်ခု လူမှုအဖွဲ့အစည်းတစ်ခု လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အတွေးအခေါ် အယူအဆ စည်းမျဉ်း ဥပဒေ နည်းနာနိဿယ ပြဌာန်းချက်များကို သင်ကြားပေးခြင်းသည် သင်ညာရေးဖြစ်ပြီး ပညာရေးထက် အဆင့်အတန်းနိမ့် သော သင်ကြားမှုနည်းစနစ် ဆရာလုပ်ခြင်းနည်းစနစ်များ တပည့် မွေးခြင်း နောက်လိုက်မွေးခြင်း အမိန့်နာခံတတ်မှုအလေ့အကျင့်များကို လေ့ကျင့်ပေးခြင်းဖြစ်ပြီး လူသားရင်းမြစ်တစ်ဦး၏ အနာဂတ်ဘဝ ကိုယ်ပိုင်အရည်အချင်း အစွမ်းအစ အယူ အဆ ကိုယ်ရည်ကိုယ်သွေး အတွေးအခေါ် အမှန်အမှားတို့ကို ဆင်ခြင်သုံးသပ်နိုင်မှု တီထွင်ဖန်တီးနိုင်မှု မွေးရာပါဗီဇနှင့် ဝါသနာများ အထံပါရမီများကို လစ်လျှူရှုခြင်း အထင်အမြင် သေးသိမ်စေခြင်း ကိုယ်ပိုင်ယုံကြည်မှုကို လျော့နည်းစေခြင်း ဆိုးကျိုးများစွာကို သက်ရောက်စေသော သင်ညာရေး သင်ကြားရေးနည်းစနစ်များပင်ဖြစ်သည်။ သင်ညာရေးသည် အပြန်အလှန်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတို့ကို အပြန်အလှန် သင်ကြားမှု အပြန်အလှန်ယုံကြည်မှု အပြန်အလှန်လေးစားမှု အပြန် အလှန်ယူဆချက်များကိုအားမပေးဘဲ သင်ရိုးညွှန်းတန်း သင်ရိုးများ ပြဌာန်းချက်များ သင်ကြားသူပိုမှန် သင်ကြားသူပိုသိ သင်ကြားသူပိုတော် စနစ်ကိုအားကိုးသည်။ အမှတ်ပေး စည်းမျဉ်းများ စာမေးပွဲများကို အားပြုပြီး အရည်အချင်းအစစ် အစွမ်း အစအစစ်အမှန် ကိုယ်ရည်ကိုယ်သွေးအစစ်အမှန် မွေးရာပါဗီဇအစစ်အမှန် ဝါသနာအစစ်အမှန် လေ့ကျင့်နိုင်မှုစွမ်းအားတို့ကို ပစ်ပယ်ပြီး သင်ရိုးများ ပြဌာန်းချက်များကိုသာ ဦးစားပေးကာ အလေးထားသင်ယူစေသည်။

ပညာရေးသည် သင်ညာရေးထက် အဆင့်အတန်းမြင့်သော သဘောသဘာဝရှိပြီး လူသားရင်းမြစ်တစ်ဦး၏ ရည်ရွယ်ချက်များ ဦးတည်ချက်များ ဝါသနာများ မွေးရာပါဗီဇများ အလေ့အကျင့်များ ယုံကြည်မှုများ အတွေးအခေါ် အယူအဆ ကိုယ်ပိုင်ဖန် တီးတီထွင်နိုင်မှု စွန့်ဦးတီထွင်နိုင်မှု ဖောက်ထွက်ဆန်းသစ်မှုတို့ကို အထူးပြုပြီး အဓိကထားကာ လေ့လာခြင်း မှတ်တမ်းများ ယူခြင်း ပြုစုပျိုးထောင်ပေးခြင်း တည့်မတ်ပေးခြင်း လမ်းညွှန်ပေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်း အပြန်အလှန်သင်ကြားခြင်း သုတေသနများပြုလုပ်ခြင်း စာတမ်းများရေးသားခြင်း နည်းလမ်းအသစ်များကို ရှာဖွေခြင်း လက်ခံခြင်း စမ်းသပ်ခြင်း စသည့် နည်းလမ်းများဖြင့် ကျောင်းသားတစ်ဦးချင်းစီ လူသားရင်းမြစ်တစ်ဦးချင်းစီတိုင်း၏ သင်ယူလိုမှုကို အဓိကထားသည်။ သင် ညာရေးတွင် ထူးချွန်သော အောင်မြင်သော လူသားရင်းမြစ်များကို တစ်ရာ ရာခိုင်နှုန်းတွင် ဆယ်ရာခိုင်နှုန်းသာ မွေးဖွားပေးနိုင်စွမ်းရှိသည်။ပညာရေးတွင် ထူးချွန်သူများ အောင်မြင်သူများကို တစ်ရာ ရာခိုင်နှုန်းလျှ တစ်ရာ ရာခိုင်နှုန်းအထိ မွေးထုတ်ပေးနိုင်စွမ်းရှိသည်။ပညာရေးတွင် အမှန်တကယ် တတ်မြောက်မှု ကျွမ်းကျင်မှု ယုံကြည်မှု လေ့ကျင့်သားပြည့်ဝမှု ပါရမီရင့်သန်မှု ပြဿနာကြီးငယ်တို့ကို အခြေအနေ အချိန်အခါအလိုက် ဖြေရှင်းတတ်မှုတို့ကို အထူးပြုသည် အဓိကထား အားပြုသည်။ သင်ညာရေးတွင် အမှန်တကယ် တတ်မြောက်မှု ကျွမ်းကျင်မှု ယုံကြည်မှု လေ့ကျင့်သားပြည့်ဝမှု ပါရမီရင့်သန်မှု ပြဿနာ ကြီးငယ်တို့ကို အခြေအနေ အချိန်အခါအလိုက် ဖြေရှင်းတတ်မှုတို့ထက် အမှတ်များ အမှတ်ပေးစည်းမျဉ်းများ စာမေးပွဲများ အဆင့်သတ်မှတ်ချက်များ လက်မှတ်များ စာရွက်စာတမ်းများ ခွင့်ပြုမိန့်များ လိုင်စင်များကိုသာ အဓိကထားကာ အားပြုသည်။

သင်ညာရေးမှ အမိန့်နာခံလွန်းသူများ တပည့်ကောင်းများ ဝန်ထမ်းကောင်းများ နောက်လိုက်ကောင်းများကို ပေါ်ထွက် လာ စေပြီး ပညာရေးမှ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ နိုင်ငံခေါင်းဆောင်များ စွန့်ဦးတီထွင်သူများ ပညာရှင်များ ထင်ပေါ် ကျော်ကြားသူများ ထူးချွန်ထက်မြက်သူများ ပညာတတ်များ အသိပညာရှင် အတတ်ပညာရှင် ကျွမ်းကျင်ပညာရှင် မိမိကိုယ်ပိုင်ဘဝ မိမိပတ်ဝန်ကျင်နှင့် ကမ္ဘာလောကကြီးကို အရည်အသွေးမြင့် အကျိုးပြုသူများ ပေါ်ထွက်လေ့ရှိသည်။ လူ သားတို့၏ အရည်အချင်း အရည်အသွေး ဖန်တီးနိုင်မှုစွမ်းရည် လုပ်ဆောင်နိုင်မှုတို့ကို မည်သည့်စာမေးပွဲ အရည်အချင်း စစ်ဆေးပွဲ အမှတ်ပေးစည်းမျဉ်းများ အမှတ်များ သင်တန်းအောင်လက်မှတ်များ ဘွဲ့လက်မှတ်များ စာရွက်စာတမ်းများ ထောက်ခံချက်များက ကိုယ်စားပြုပေးနိုင်လိမ့်မည် မဟုတ်ပေ။ဥပမာ လူသားတစ်ဦး၏ အတွေးအခေါ်များ တီထွင်ဖန်တီးမှု ဆန်းသစ်မှုများ အယူအဆများကို သင်ရိုးညွှန်းတမ်းများ ပြဌာန်းချက်များဖြင့် အမှတ်ပေးခြင်း အဆင့်သတ်မှတ်ခြင်း စာရွက် စာတမ်းများဖြင့် ထောက်ခံချက်များပေးခြင်း ပယ်ချခြင်းများကို ပြုလုပ်နိုင်မည် မဟုတ်ပေ။အားကစားနည်းများ စစ်ပွဲများ သဘာဝဘေးအန္တရာယ်များ လျှပ်တပြတ်ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရသော ပြဿနာကြီးငယ်များ ကြိုတင်မသိနိုင် မတွေးနိုင် မခန့်မှန်းနိုင်သော အရာများအားလုံးကို သင်ရိုးညွှန်းတန်းများ ပြဌာန်းချက်များဖြင့် သင်ကြားပေးခြင်းများက အထောက် အကူပြုပေးနိုင်လမ့်မည် မဟုတ်ပေ။ သင်ညာရေးတွင် တူညီသော ပြဌာန်းချက်များ သင်ရိုးညွှန်းတမ်းများကို သင်ယူသူများ၏ စိတ်ပါဝင်စားမှု ဝါသနာပါမှု အလေ့အကျင့်ကောင်းမှု အထုံပါရမီရင့်သန်မှု စသည်တို့ကို ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တန်း တူထားကာ သင်ယူစေလိုပြီး အတင်းအကျပ် သင်ကြားပေးခြင်းဖြစ်သည်။ ပညာရေးတွင် လူသားရင်းမြစ် ကျောင်းသား တစ်ဦး၏ မွေးရာပါဗီဇဝါသနာ ပါရမီရင့်သန်ခြင်း အလေ့အကျင့်ကောင်းမွန်ခြင်းတို့ကို လေ့လာခြင်း မှတ်တမ်းပြုခြင်း အစဉ်တစိုက်ဂရုတစိုက်စောင့်ကြည့်ခြင်းတို့ပြုလုပ်ပြီး ထိုလူသားရင်းမြစ် ကျောင်းသား၏ သင်ယူလိုမှု စိတ်ပါဝင်စားမှု ဝါသနာပါမှု ပါရမီရင့်သန်မှု မွေးရာပါဗီဇရှိမှု အလေ့အကျင့်ကောင်းမှုတို့ကို အဓိကထားဦးစားပေးပါ လမ်းညွှန်ပြသပေးခြင်း ဖေးမကူညီ ပေးခြင်း အပြန်အလှန်ဆွေးနွေးခြင်း သုတေသနပြုခြင်း စာတမ်းများရေးခြင်း တီထွင်ဖန်တီးဆန်းသစ်စေချင်း စွန့်ဦးတီထွင် လုပ်ကိုင်စေခြင်း ယုံကြည်မှုရယူခြင်း တို့ကို အပြန်အလှန်သင်ယူစေသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာနိုင်ငံအတော်များများတွင် အခမဲ့ မတက်မနေရပညာရေးစနစ်များကို အကောင်အထည် ဖော် ဆောင်ထားပြီးနှင့်ကာ ပညာသင်ယူနေသူ ကျောင်းသားများကို ကျောင်းကြိုကျောင်းပို့ပြုလုပ်ပေးခြင်းအပြင် မနက်စာ နေ့ လည်စာများကိုပါ ကျွေးမွေးခြင်း ပညာသင်ယူခြင်းအတွက် ပညာသင်ထောက်ပံ့ကြေးများကိုပါ နိုင်ငံတော်က ပေးအပ် ချီးမြှင့် ကာ ပညာရေးအတွက် အထူးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီးနေကြချိန်တွင် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ အနေ နှင့် မူလတန်းအခမဲ့ မတက်မနေရမစ်ရှင်မှာပင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မအောင်မြင်သေးသည်ကို တွေးမိတိုင်း ဝမ်း နည်းခြင်းဖြစ်ရပါသည်။

ကျွန်တော်တို့ လူသားများသည် ဘာကြောင့် ပညာသင်ကြားရပါသလဲဆိုလျှင် လူသားရင်းမြစ်တစ်ဦးချင်းစီ၏ ဘဝ မိမိတို့ ၏ပတ်ဝန်းကျင် မိမိတို့၏မျိုးနွယ်စု မိမိတို့၏နိုင်ငံတော် မိမိတို့၏ကမ္ဘာကြီးပေါ်တွင် အသက်ရှင်သန်နေချိန်အတွင်း မှန်ကန် သောအယူအဆ ဖွံ့ဖြိုးတိုးတက်သောအနာဂတ်များ တိကျသေချာသောပန်းတိုင်များ ကောင်းမွန်ထိရောက်သော အတွေး အခေါ်များဖြင့် အေးချမ်းသာယာစွာ လူသားများအချင်းချင်း သက်ရှိများအချင်းချင်း နေထိုင်ဆက်ဆံကြရင်း ပျော်ရွှင်ချမ်း မြေ့သောဘဝများကို တည်ဆောက်နိုင်ကြရန် ပညာရေးနှင့် ပညာရေးစနစ်ကောင်း စနစ်မှန်များကို အထူးလိုအပ်နေခြင်း သင်ကြားနေကြရခြင်း သင်ယူတတ်မြောက်ထားကြရန် လိုအပ်ခြင်းပင်ဖြစ်သည်။

{သု} – သု​ဏေယျ = နာကြားရ၏။ {စိ } – စိ​န္တေယျ = ကြံစည်​ရာ၏။ {ပု} – ပု​စ္ဆေယျ = ​မေးမြန်းရာ၏။ {ဘာ}- ဘာ​သေယျ= ရွတ်​ဖတ်​ရာ၏။{ဝိ } – ဝိစာ​ရေယျ = စိစစ်​ရာ၏။ {လိ} – လိ​က္ခေယျ = ​ရေးသားရ၏။ {သိ} – သိ​က္ခေယျ = သင်​ကြားရ၏။ {ဓာ} – ဓာ​ရေယျ = ​ဆောင်​ရာ၏။ ဟူသော” သုစိပုဘာ ဝိလိသိဓာ”ရှစ်မျိုးကို အခြားသောနိုင်ငံများစွာထက် ကျွန်တော်တို့ မြန်မာ လူမျိုးများသည် စောလျင်စွာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီးဖြစ်ကြောင်း ဆရာ ဒေါက်တာခင်မောင်ညိုက မကြာခဏ ဆိုရေးရှိ သဖြင့် ဆိုအပ်ခဲ့ပြီးဖြစ်သည်။ ပညာရှင်ပေါင်းများစွာကလည်း ပညာရေးစနစ်ကောင်းများနှင့် စနစ်ဆိုးများအကြောင်းတို့ကို ဝေဖန်ထောက်ပြနေကြသည်မှာလည်း များစွာရှိသည်။ထိုကဲ့သို့ ကောင်းမွန်သော အပြုသဘောဆောင် အကြံဉာဏ်များ အစီအစဉ်များကို ဂရုမပြုဘဲ လျှောက်လှမ်းရင်း စမ်းသပ်ရင်းဖြင့် နစ်နာခဲ့သော ကျောင်းသားများ လူသားအရင်းအမြစ်များ နိုင်ငံတော်၏လုပ်အားများသည် မည်မျှရှိခဲ့ပြီ ဆုံးရှုံးခဲ့ပြီဆိုသည်မှာလည်း အားလုံးသိပြီး နားယဉ်ပြီး ဓါတ်ပြားဟောင်း ကြီး တစ်ခုလို ဖြစ်နေသည်မှာလည်း ငြင်းဆန်၍မရသော အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

လုံးဝသုံးစား၍ မရအောင် ညံဖျင်းနုံချာသော လူသားပုဂ္ဂိုလ်သည်မရှိဟုဆိုလျှင် အငြင်းပွားဖွယ်ရာ စကားရပ်တစ်ခုအဖြစ် သတ်မှတ်ယူဆကြလိမ့်မည် မဟုတ်ကြောင်းကို ယုံကြည်ချင်ပါသည်။ လူသားတို့သည် ကိုယ်လုံးတီးနှင့် မီးကို မတွေ့ရှိသေး သည့် အသားစိမ်း ငါးစိမ်းစားသော ကျောက်ခေတ်မှသည် ယခုမျက်မှောက်ခေတ်အထိ အဆင့်ဆင့်တိုးတက် ပြောင်း လဲလာခြင်းသည် လူသားတို့၏ လုပ်နိုင်စွမ်း ကြံစည်နိုင်စွမ်း တွေးခေါ်နိုင်စွမ်း ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်းတို့ကို သက်သေပြု ပြီးဖြစ်သည်။လူသားတိုင်းပင် ပညာတတ်များဖြစ်နိုင်သည် လူသားတိုင်းပင် ပညာရှိများဖြစ်နိုင်သည် လူသားတိုင်းပင် အ ကျော်အမော်များဖြစ်နိုင်သည်။ လူသားတိုင်းပင် ပညာရှင်များဖြစ်နိုင်သည်။ ထို့ကြောင့် လူသားတိုင်းကို အဓိက အရင်း အမြစ်ဖြစ်သော ပညာသင်ကြားခွင့်နှင့် ရေခံမြေခံ မြေသြဇာကောင်းဖြစ်သော လယ်ယာမြေကောင်းပမာဖြစ်သော ပညာ သင်ကြားရေးစနစ်ကောင်းများ လိုအပ်ပါသည်။ အတင်းအကျပ် သင်ကြားခံရခြင်း ပုံသွင်းခံရခြင်း ရိုက်သွင်းခံရခြင်း တွန်းအားပေးခံရခြင်း မဟုတ်သော မိမိကိုယ်တိုင် ဝါသနာပါသည့် အထုံပါရမီပါသည့် စိတ်ပါဝင်စားသည့် အလေ့အကျင့် ပြုစုပျိုးထောင်မှုရှိသည့် ပညာရေးမျိုးကို လူမှုအဖွဲ့အစည်းများ အစိုးရအဖွဲ့အစည်းများ ပညာရေးစနစ်ကောင်းများက ထောက် ပံ့လမ်းညွှန်ပေးနိုင်လျှင် လူသားတိုင်းသည် မိမိကိုယ်ကိုယ် မိမိတို့၏ပတ်ဝန်းကျင် မိမိတို့၏မျိုးနွယ်စု မိမိတို့၏ နိုင်ငံတော် မိမိတို့၏ကမ္ဘာကြီးကို အကျိုးပြုနိုင်သော အကျိုးပြုသော ပညာတတ်များ ပညာရှိများ ပညာရှင်များ အကျော် အမော်များ ဖြစ်လာနိုင်ပါသည်။

ပညာဟုဆိုလျှင် ပညာရေးသည် အထူးပြောစရာမလိုသကဲ့သို ပညာရေးဟုဆိုလျှင် ပညာရပ်များသည် အဓိက ရင်းမြစ်ဖြစ်ပြီး ပညာရပ်များ၏ ရေသောက်မြစ်တို့သည် ဘာသာရပ်များပင်ဖြစ်သည်။အများအပြား ကျယ်ကျယ်ပြန့်ပြန့် သိခြင်းသည် ပညာ၏အဓိပ္ပာယ်ဖြစ်သည်။ကောင်းကောင်းဆိုးဆိုးမည်သည့်အကြောင်းအရာကိုမဆို အမှန်အတိုင်း သိရှိခြင်းသည်ပညာ၏ အဓိ ပ္ပါယ်ပင် ဖြစ်သည်။ ပညာ၏ အရင်းအမြစ်တွင် အသိပညာနှင့် အတတ်ပညာဟူ၍လည်း နှစ်မျိုးနှစ်စားရှိပြီး အသိပညာကို သုတ ရသ စာပေများ ကျောင်းသင်ခန်းစာများ သင်ရိုးများ အတွေ့အကြုံများ အမှန်အမှား သင်ခန်းစာများ လူသားတို့၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေများက အတွေးအခေါ်များ အယူအဆများ အယူဝါဒများ မိမိ၏ လူမှုဘဝပတ်ဝန်းကျင် လူမျိုးစုပတ်ပတ်ဝန်းကျင် နိုင်ငံပတ်ဝန်းကျင် ကမ္ဘာ့ပတ်ဝန်းကျင်များက ရရှိနိုင်မည်ဖြစ်သည်။ အတတ်ပညာကတော့ စိတ် ဝင်တစားရှိမှု အထူးဂရုတစိုက်အားထုတ်မှု အထုံပါရမီရှိမှု ဇွဲ လုံ့လ ဝရိယ ချွေးသွေးတို့ဖြင့် ပေါင်းစပ်ကာ အားသွန်ခွန်စိုက် လေ့ကျင့်မှုတို့ကိုပါ အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် အသုံးပြုပြီးမှသာ ကျွမ်းကျင်သော အတတ်ပညာရှင်တစ်ဦးအဖြစ်သို့ ရောက်ရှိ ရရှိနိုင်ပေလိမ့်မည်။ မည်သည့်ပညာရပ်တွင်ဖြစ်စေ ဝါသနာ အထုံပါရမီ စိတ်ဝင်စားမှု ဇွဲ လုံ့လ ဝရိယ အစဉ်တစိုက်အားထုတ်သောအလေ့အကျင့်များကတော့ ထာဝရလိုအပ်မည်သာဖြစ်သည်။

လူသားရင်းမြစ်ကျောင်းသားတစ်ဦး၏ သူကိုယ်တိုင် စိတ်ပါဝင်စားရာ ဝါသနာပါရာ အထုံပါရမီရင့်သန်ရာ ပညာရပ် တစ်ခုကို စနစ်တကျ သင်ယူခွင့် လေ့ကျင့်ခွင့် ဖန်တီးခွင့် တည်ဆောက်ခွင့် တွေးခေါ်ခွင့်များပေးခြင်းဖြင့် ထိုလူသားရင်းမြစ် ကျောင်း သားတစ်ဦးအတွက် သူ၏ပတ်ဝန်းကျင်အတွက် သူ၏လူမျိုးအတွက် သူ၏နိုင်ငံတော်အတွက် အဆုံးအစမရှိသော တိုးတက် မှုများ အောင်မြင်မှုများ ဖန်တီးမှုမျာ တီထွင်မှုများ ဆန်းသစ်မှုများ ဖွံ့ဖြိုးမှုများကို ကျွန်တော်တို့ ၂၁ရာစုတွင် ဘာကြောင့် မပေးနိုင်ရမည်နည်း။ကျွန်တော်တို့က ဘာကြောင့်လက်မခံနိုင်ရမည်နည်း။ ကျွန်တော်တို့က ဘာကြောင့် သင်ကြားပေးခြင်း ပြုစု ပေးခြင်း ပျိုးထောင်ပေးခြင်း ထောက်ပံ့ပေးခြင်း ဖေးမပေးခြင်း လမ်းညွှန်ပေးခြင်း ဆွေးနွေးပေးခြင်းများကို မပြုလုပ်ပေး နိုင်ရမည်နည်း။

အမ္ဗနဒီကျော်စွာ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts