>Burmese Political Prisoners’ Families high hope on UNHR commision visit

>

ကွင်တာနားခရီးစဉ် အပေါ် နိုင်ငံရေး အကျဉ်းသား မိသားစုများ အားထားနေ
ဟံသာ၊
သြဂုတ် ၂၃၊ ၂၀၁၁
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကွင်တားနား၏ ယခုတကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပိုမိုဆောင်ရွက်နိုင်ပေးနိုင်မည်ဟု ၎င်းတို့၏ မိသားစုဝင်များ အကြား မျှော်လင့်ချက် ကြီးမားနေကြသည်။
စတုတ္ထကြိမ်မြောက် လာရောက်သည့် မစ္စတာ ကွင်တားနား၏ ယခု ခရီးစဉ်သည် အစိုးရအသစ်တက်ပြီး နောက် ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည့် အချက်ကြောင့်လည်း မျှော်လင့်ချက် ပိုရှိစေသည်ဟု မိသားစုဝင်များက ပြောသည်။
နိုင်ငံရေး အကျဉ်းသားလူရွှင်တော်ဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက “အရင်တစ်ခေါက် ကင်တားနားလာတုန်းက ကိုဇာဂနာကိစ္စ အယူခံဝင်တာ အောင်မြင်တယ်လေ ။ ဒါကြောင့် အခုတစ်ခေါက် သူလာတာ နိုင်ငံရေးအကျဉ်းသား ကိစ္စ သူပိုလုပ်မယ်လို့မျော်တယ်။” ဟုဆိုသည်။
ထိုခရီးစဉ်လာရောက်ခဲ့စဉ် အယူခံကိစ္စ အောင်မြင်ခဲ့သောကြောင့် ဇာဂနာအားချမှတ်ထားသည့် ထောင်ဒဏ်  ၅၉ နှစ်မှ ၃၅ နှစ်သို့ ပြောင်းလဲပေးခဲ့သည်။
အခြားသော ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သူ ဘလော့ဂါ နေဘုန်းလတ်၏ မိခင် ဒေါ်အေးသန်းကလည်း ကင်တားနားမလာရောက်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံမှုကြောင့်လည်း ကင်းတာနား ခရီးစဉ် အပေါ် ပိုမိုမျော်လင့်ထားသည်ဟု ဆိုသည်။
“ကင်တားနားကနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်ပြီး စောင်းပေး လုပ်သွားမဲ့ သူဆိုတော့ အန်တီတို့အနေနဲ့ တော်တော်တော့ မျော်လင့်ထားပါတယ်။ အားလုံးကိုတော့ လွှတ်ပေးချင်တယ်” ဟု၎င်းကဆိုသည်။
မစ္စတာကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိသည့် သြဂုတ်လ ၂၁ရက်နေ့တွင်ပင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ  အဖမ်းခံရတဲ့ ၄ နှစ်မြောက်နေ့အဖြစ် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆုတောင်းပွဲတခုကို ကိုမင်းဇေယျ၏ နေအိမ်တွင်ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်သည် အီလက်ထရောနစ် အက်ဥပဒေဖြင့်ထောင် ၈ နှစ်နှင့် ၆ လ ချမျတ်ခဲ့ရပြီး ကိုဇာဂနာမှာလည်း အဆိုပါ ဥပဒေဖြင့် ထောင်ဒဏ် ၃၅နှစ်ချမှတ်ခံထားရသည်။
မစ္စတာ ကွင်တားနား၏ ယခုတစ်ကြိမ် ခရီးစဉ် အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊  မြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံတော် အကြံပေးအဖွဲ့ ၃ ဖွဲ့တို့နှင့် ယနေ့ တွေ့ဆုံခဲ့သည်။
မစ္စတာ ကွင်တားနားသည်  သြဂုတ် ၂၄ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်  အန်အယ်ဒီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts