>Poem for SUU – Than Win Hlaing

>

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ – အပိုင်း (၄)

သန်းဝင်းလှိုင်

သြဂုတ် ၂၃၊ ၂၀၁၁





ဒေါင်းကြယ်စင်၏ မြတ်မိခင်ဒေါင်းကဗျာနှင့် ကြည်မောင်သန်း၏ မိခင်မုဆိုးမ ကမ္ဘာစိုးမင်း၏ ဆုံမှတ်ကဗျာတို့သည် ဒေါ်စု၏ မွန်မြတ်သော နိုင်ငံချစ်စိတ်ဓါတ်နှင့် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ တိုက်ပွဲဝင်နေသော အောင်ဆန်းစိတ်ဓာတ်ကိုဖော်ပြနေပေသည်။

မြတ်မိခင်ဒေါင်း

ဒေါင်းကြယ်စင်

အမှောင်မသန်း၊

အရောင်မနွမ်းပါတဲ့၊

အောင်ဆန်းဟေ့ စုကြည်။

မြန်ပြည်ထုရဲ့၊

အန်တီစု ဇာနည်။

ကွေ့မပြေးပါဘူး၊

ဖအေ့သွေးဟာ နီနီရဲပါလို့၊

ပြည့်အရေးမှာ ညီညီဇွဲနဲ့၊

တည်ကြည်ဆဲဟေ့ ဘာမထီ၊

ဗမာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

တကယ်ယုတ်မာ ပြိတ္တာများရယ်က၊

အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊

မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊

ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊

ဗျတ္တိဉာဉ် မပြောင်းပါဘူး၊

သတ္တိအစဉ် ကောင်းပါဘိ၊

မြတ်မိခင်ဒေါင်း။

… … ….

မိခင် မုဆိုးမ

ကြည်မောင်သန်း

လင်ယောက်ျားကို သံယောဇဉ်မထား

အမှန်တရားကို အားကိုးရှာသူ

သားသမီးတွေနဲ့ မပတ်သက်

အနာဂတ်နဲ့ ဆက်ဆံချင်သူ

မြေးကလေးတွေကို တွေ့ချင်စိတ်ထိန်း

ငြိမ်းချမ်းရေးကို မျှော်လင့်နေသူ။ ။

….. ….

ဆုံမှတ်

ကမ္ဘာစိုးမင်း

အမေ

နေကောင်းပါရဲ့လား အမေ

ခြံနံပါတ် ၅၄ ကို

အမေလက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို

တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်

စောင့်နေဆဲပါ အမေ…။

ရှိပါတယ်အမေ

ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်

သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့

နိုင်ငံသားပြောင်းလဲခံယူရင်း

မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ

ဇာတိမြေကို အလည်အပတ်ပြန်တိုင်း

‘အရင်အတိုင်းပဲနော်’ လို့

ဝတ်ကျေတန်းကျေနှုတ်ဆက်

ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့

ဒုက္ခသည်ယောင်ဆောင်ရင်း

(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့

နယူးယောက်ကနေ

အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြသတဲ့…။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ

တချို့က မဲဆွယ်တုန်းမှာ အတချို့က မဲမပေးဖို့ပြော

ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့

ကြေညာချက်မထုတ်တာ့တာကလွဲရင်

အရင်လို ခမ်းခမ်းနားနားပါပဲ အမေ

ရန်ကုန်ကတော့ ချူချာရှာတယ် အမေ

ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်

မီးစက်မောင်းသံတွေကြားက ‘စခန်းခဏလိုက်ခဲ့ပါ’ ခေါ်လို့ခေါ်

ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်

တချို့က ထမင်းမချက်နိုင်တော့

ထမင်းရည်ဝယ်သောက်ရတယ် အမေ…။

ဘာပဲပြောပြော အမေ

ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး

သူတို့နှစ်ဦးလောက်တော့

ဘယ်သူမှ အလုပ်မများဘူးလေ

အမေ

အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်

ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊

ရွေးကောက်ပွဲ၊ နေပြည်တော်

ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်

အပြောင်းအလဲတွေကတော့

အများကြီးပေါ့အမေရယ်

ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက

နိုင်ငံခြားသားလုပ်ပြီး ပြန်လာ

ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်

မချိပေမယ့် မပြောသာပါဘူးအမေ

ကျွန်တော့်တို့က နိမ့်ပါးချိန်ကို….

အမေ

ကျွန်တော်တို့ တိုက်ပွဲမှာ

ခဏခဏကျဆုံးပေးနေရတာက

ပြက္ခဒိန်စာရွက်တွေပါ အမေ

ဟောတစ်ရွက် ဟောတစ်ရွက်နဲ့

ဆုတ်ဖြဲပစ်နေလိုက်ကြတာ

အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ

ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ

ပြောကြည့်ပါရစေ

ကျွန်တော်မျှော်လင့်နေတာကလေ

ဒီမိုကရေစီလည်းဟုတ်ချင်မှဟုတ်မယ်

ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်

အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ

ဒါပေမဲ့

နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့

ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့

နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့

ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့

အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့

အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ

အမေ့အားနဲ့ မနေမနားကြိုးစားစမ်းပါ့မယ်

ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

… …. ….



ထိုင်းနိုင်ငံ မဲဆောက်မြို့၌ သောင်တင်နေရရှာသော သူရိန်ထက်၏ သူရဲခေါင်းအာဇာနည် ကဗျာရှည်တစ်ပုဒ်မှာလည်း ဒေါ်စု၏နိုင်ငံရေး ဖြတ်သန်းမှုတစိတ်တစ်ဒေသကို ဖွင့်ဟထားပေသည်။

သူရဲကောင်းအာဇာနည်

သူရိန်ထက်

ဒေါ်အောင်ဆန်းစုကြည်တဲ့။

သူအမည်ကို ရွတ်ဆိုကြည့်ရုံမျှနဲ့

သူ့ကို ရန်ပြုလိုသူတွေကို ကတုန်ကရင်တွေဖြစ်စေသလို

သူ့ပြည်သူတွေအတွက်တော့ အားအင်တွေ သစ်စေသူပေါ့။

သူဟာ

ဗိုလ်မင်းရောင်ရဲ့ မြစ်

အမျိုးသားခေါင်းဆောင်

လွတ်လပ်ရေးမီးရှူးတန်ဆောင်ရဲ့ သမီး

အာဇာနည်မျိုး ပီပီ

မျိုးဂုဏ်ဆောင်သည့် အမျိုးကောင်းသမီးပေါ့။

ပုခုံးပေါ်ကျလာတဲ့ဝန်တာ

ရဲရင့်စွာခံယူထမ်း

မျိုးဆက်သစ်တွေနဲ့ လက်ကမ်း

မျိုးချစ်ဟောင်းတွေနဲ့ တွဲအတူ

တော်လှန်ရေးခရီးကြမ်းကို

ရဲရဲကြီးလွှင့်ထူထားတဲ့ မဟာလူသားတယောက်ပေါ့။

မတရားမှုတွေကိုဖီဆန်

လှံစွပ် ကျည်ဆံ ချိန်းခြောက်မှုဒဏ်တွေကို အံတု

ရဲရင့်မှုနဲ့ အာဏာဖီဆန်ရင်း

ရိုးသားမှုနဲ့ ခေါင်းဆောင်၊ ဉာဏ်ပညာနဲ့နှိုင်းချင့်

ခိုင်ကျည်မှုနဲ့ ခရီးဆက်၊ ငြိမ်းချမ်းရေးအတွက်ဦးတည်

တိုးတက်ရေးအတွက် ရည်ညွှန်းပြီး နာယကဂုဏ်နဲ့ထုံမွှန်းတဲ့သူဖြစ်တယ်။

အာဏာရှင်အဆက်ဆက်က

စစ်တပ်ကြီးတခုလုံးအလွှဲသုံးစားပြု

ခေတ်အပျက်ပျက်ပြုန်းလည်း ဂရုမပြုပဲ

အမျိုးမျိုးနှိပ်စက်၊ အကြိမ်ကြိမ်လှည့်ပတ်

အလီလီ ရက်စက်၊ အခါခါ သတ်ဖြတ်

အဖန်ဖန်ထိုးနှက် သမိုင်းတွင်အောင် ကောက်ကျစ်ရက်စက်ပြီး

“လမင်းကို ခွေးဟောင်တဲ့ဇာတ်”ကို ကခဲ့ပေမယ့်

သူကတော့

ပတ္တမြားစိန်ကျောက်လို ရဲရဲတောက်ခဲ့သူဖြစ်တယ်။

ငြိမ်းချမ်းရေး အလံတလူလူမြှင့်ပြီး

ကမ္ဘာအပြင်ဖက်ထိတောင် လွှင့်ထူခဲ့သူဖြစ်တယ်။

သူ့သမိုင်း မှေးမှိန်ပြီး

သူ့ဘ၀ သေးသိမ်အောင်

အာဏာရှင် ဉာဏ်တိမ်တိမ်နဲ့

လှောင်အိမ်စံ အကျဉ်းချ

သေကြောင်းကြံ သေးသိမ်ကြပေမယ့်

သူဂုဏ်သူ့သတ္တိ သူ့သမိုင်း သူ့အစွမ်းကတော့

လှည်းနေလှေအောင်းမက ကမ္ဘာအရပ်ရပ်ထိ ပျံ့နှံ့လျက်ပါပဲ။

သူဟာ

မြန်မာအားလုံးကိုယ်စားပြု

အမျိုးသမီးများအားလုံးကိုယ်စားပြု

အဖိနှိပ်ခံအားလုံးကိုယ်စားပြု

လူသားအားလုံးကိုယ်စားပြု

ငြိမ်းချမ်းရေးအတွက် ကိုယ်စားပြုသူအဖြစ်

ကမ္ဘာတ၀ှမ်းက လေးစားသမှုနဲ့ ချစ်ကြတယ်။

သူမဟာ

ရဲရဲနီစွင့် နှင်းဆီပန်းတပွင့်ဖြစ်သလို

ငြိမ်းချမ်းရေးအတွက် ချိုးငှက်လည်းဖြစ်တယ်။

စိမ်းလန်းမွှေးလွှတဲ့ ရေကြည်ချမ်းမြ လည်းဖြစ်သလို

ပြိုးပြက်ရင့်ရင့် ပြည်တန် စိန်တပွင့်လည်းဖြစ်တယ်။

လူသားအားလုံးရဲ့ စံပြပြု သက်ရှိရုပ်ထုလည်းဖြစ်သလို

သတ္တိရဲ့ကိုယ်ပွားတခု လူသားအကျိုးပြုသူလည်းဖြစ်တယ်။

မေတ္တာရဲ့ ပြယုပ်အဖြစ် လူထုရဲ့အမွေတခုဖြစ်သလို

တော်လှန်ခြင်းရဲ့ ဓါးတလက်လောကရဲ့ အားဆေးတခွက်လည်းဖြစ်တယ်။

သူဟာ တို့အားလုံးရဲ့ မိခင်၊ လောကကို အလှဆင်သူလည်းဖြစ်တယ်။

သူဟာ အာဇာနည်တဦးလည်း ဖြစ်သလို သူရဲကောင်းတဦးလည်းဖြစ်တယ်။

သူဟာ အာဇာနည်တဦးလည်း ဖြစ်သလို သူရဲကောင်းတဦးလည်းဖြစ်တယ်။

ပြီးပါပြီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts