>Suu let Thein Sein to meet her at Nay Pyi Daw Visit

>

 ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအစိုးရသမတဦးသိန်းစိန်ကို တွေ့ဆုံ
မိုးယံမခ၊ သြဂုတ် ၂၀၊ ၂၀၁၁
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နဲ့ ၂ ကြိမ် တွေ့ဆုံပြီး၊ နေပြည်တော်မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် စီးပွားရေးပညာရှင်များ စာတမ်းဖတ်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံတော်သမတဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ အင်န်အယ်ဒီပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ သြဂုတ် ၁၉ ၊ နေ့လည် ၃ နာရီ အချိန်က သမတဦးသိန်းစိန်နဲ့ ၂ ဦး သီးသန့်တွေ့ဆုံခဲ့ကြောင်း သတင်းရပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်သတင်းထုတ်ပြန်မှု မရှိသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် အခုလိုတွေ့ဆုံခြင်းဟာ ကောင်းမွန်တဲ့ အလားအလာတွေ ပေါ်ထွက်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုက ကန့်ကွက်တဲ့ကြားက အဓမ္မအတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ မဲလိမ် မဲခိုးကာ ကြံ့ဖွံ့နဲ့ စစ်တပ်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရသစ်ဆိုသူကို နိုင်ငံတကာက လေးစားယုံကြည်မှုမရှိကြောင်း ပြောဆို ဝေဖန်မှုတွေရှိနေပါတယ်။ အဲသည်လိုအခြေအနေမှာ သူတို့ရဲ့ အနေအထားကို မြှင့်တင်နိုင်ဖို့၊ နိုင်ငံတာကာမှာ အသိအမှတ်ပြုမှု ရဖို့၊ ၀င်ဆန့်နိုင်ဖို့ လူထုတရပ်လုံးနဲ့ တကမ္ဘာလုံးက လက်ခံယုံကြည် ကြည်ညိုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်တွင်း ပြည်ပက နိုင်ငံရေးအသိုင်းအ၀ိုင်းအချို့က သုံးသပ်ကြတယ်။
 
            သမတရဲ့ ရုံးခန်းမှာ မြန်မာလွတ်လပ်ရေးရပြီးနောက် သမိုင်းခေတ်အဆက်ဆက်က အစိုးခေါင်းဆောင်ဓာတ်ပုံတွေ ချိတ်ဆွဲထားတာကို မြန်မာ့ရုပ်မြင်အစီအစဉ်မှာ ပြသသွားပါတယ်။ အဲသည်ထဲမှာ မြန်မာလွတ်လပ်ရေးဖခင်၊ မြန်မာတပ်မတော်ဖခင်၊ လွတ်လပ်ရေးမတိုင်မီ ကျဆုံးခဲ့သူ ဗိုလ်ချူပ်အောင်ဆန်းပုံကိုလည်း ချိတ်ဆွဲထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင်ဓာတ်ပုံကို နောက်ခံထားပြီး သမတသိန်းစိန်နဲ့ အတူ ဓာတ်ပုံအရိုက်ခံထားတာကို တွေ့ရပါတယ်။ 
(ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်စာတမ်းဖတ်ပွဲမှာ တွေ့ရစဉ် (Wire Photo)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts