>Than Win Hlaing – Poem for SUU

>

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (အပိုင်း – ၁)
သန်းဝင်းလှိုင်
သြဂုတ် ၁၈၊ ၂၀၁၁


လူသားတိုင်းသည် စည်းစိမ်ချမ်သာကို အလိုရှိ၏။ ဆင်းရဲဒုက္ခမှ ကင်းဝေးလို၏။ ချီးမွမ်း မြှောက်ပင့်မှုကိုခံယူလို၏။ ကဲ့ရဲ့ရှုတ်ချခြင်းခံရခြင်းမှ လွတ်ကင်းလို၏။ သူတစ်ထူးအကျိုးထက် မိမိအကျိုးကိုသာ ပိုမို၍လိုလားပေသည်။ ဤသည်မှာ သာမန်လူသားတိုင်းတွင်ရှိတတ်သော သဘောထားပင်ဖြစ်သည်။

သာမန်လူအဆင့်မှ ကျော်လွန်၍ စည်းစိမ်ချမ်းသာကို မမက်မောသူ ဆင်းရဲဒုက္ခကို မမှုသူ၊ မြှောက်၍လည်းမမြောက် ခြောက်၍လည်း မကြောက်သူ၊ ကိုယ်ကျိုးကိုစွန့်၍ အများအကျိုးအတွက် မိမိယုံကြည်ချက်ကို ရင်ဝယ်ပိုက်၍ သတ္တိရှိရှိဆောင်ရွက်နေသော အကြင်ပုဂ္ဂိုလ်တို့ သည် ဤလောက၌ တကယ်ရှိသည်ဆိုအံ့။ စံတင်ထိုက်သူ မော်ကွန်းတင်ထိုက်သူဖြစ်သည်။ အများ၏ ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်အစိုးရကို ဖယ်ရှားနေသူသက်သက်သာမဟုတ်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက် ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိပြည်သူလူထုကြီးနှင့်အတူ တိုက်ပွဲဝင်နေသူဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်ကို အထ္ထုပ္ပတ္တိရေးသူများက ရေးကြသည်။ ဆောင်းပါးရေးသူများက ရေးကြသည်။ ဇာတ်လမ်းဆင်ကာ သူ့ဘ၀တစ်စိတ်တပိုင်းကို ဗီဒီယို မှတ်တမ်းရိုက်သူကရိုက်၍ ရုပ်ရှင်ရိုက်သူက ရိုက်ကြသည်။ ထိုနည်း တူစွာ ကဗျာဆရာများကလည်း ကဗျာစပ်၍မှတ်တမ်းတင်ခဲ့ကြသည်။


ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုရေးဖွဲ့ခဲ့ကြသော ကဗျာဆရာများတွင် မြန်မာစာပေလောက၌ အထူးထင်ရှားကျော်ကြားခဲ့သော စာရေးဆရာကြီးများ၊ ကဗျာဆရာကြီးများအပြင် မျိုးဆက်သစ်လူငယ်ကလောင်သစ်များလည်း ပါဝင်ခဲ့ကြသည်။ ဤသို့ ဒေါ်အောင်ဆန်းစု ကြည်ဘွဲ့ကဗျာများကို လက်လှမ်းမီသရွေ့ လေ့လာကြည်ရှုသောအခါ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခါတော်သမျှ၌ ကွယ်လွန်သူ ကဗျာဆရာကြီးနှင့် စာရေးဆရာကြီးမင်းသုဝဏ်က အောက်ပါအတိုင်း ရေးဖွဲ့ပေးခဲ့သည်။

မွေးနေ့ဆုမွန်
(မင်းသုဝဏ်)

ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင်၊ ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။

ထို့နည်းတူစွာ ဆရာကြီးဒဂုံတာရာကလည်း ဒေါ်စု၏မွေးနေ့တွင် ဤသို့ခံစားရေးဖွဲ့ပေးခဲ့သည်။

မွေးနေ့သ၀ဏ်
(ဒဂုန်တာရာ)

တိုင်းကျိုးပြည်ပြု
ကိုယ်စားပြုရှင်
မှိုင်းသခင်မှန်း
အောင်းဆန်းစုကြည်
စုဧကရီအား
မွေးဖွားရက်တွင်
ကျန်းမာပါစေ
ချမ်းသားပါစေ
ဆုသွင်သွင် လောင်းလိုက်ပါသည်။


ကွယ်လွန်သူဆရာကြီးတင်မိုးကလည်း ၁၉၉၉ မတ်လ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ် ကွန်လွန်ပြီး (၂) ရက်အကြာ ၁၉၉၉ မတ်လ ၂၉ ရက်နေ့တွင် စုရဲ့အလင်းရောင်ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးပုံရိပ်ကို ခံစားရေးဖွဲ့ပေးခဲ့သည်။

“စုရဲ့” အလင်းရောင်
(တင်မိုး)

နှလုံးသားကို တံတားခင်း
မျက်ရည်နဲ့ရင်းရတဲ့
လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ…..။
ချစ်သူရဲ့အလောင်းကို မပိုက်နိုင်ပေမယ့်
မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးကိုစွန့်လွှတ်တဲ့
ခွပ်ဒေါင်းဇာနည်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
တည်ကြည်ရဲရင့်တဲ့ဂုဏ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓါတ်ကို
မှတ်ကျောက်တင်စမ်းသတ်လိုက်တဲ့
ဒီဖြစ်ရပ် ဒီလောကဓံကို
ကြံ့ကြံ့ခံ အနိုင်ယူပြီး
အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်။
သင့်အတွက် ကျွန်ုပ်တို့ကြေကွဲပါရဲ့
ဒါပေမယ့်….
ရဲရင့်တဲ့သင့်စိတ်ဓါတ်ကို
အလေးအမြတ်မပြုဘဲမနေနိုင်။
အောင်ဆန်းသွေး အောင်ဆန်းစိတ်ဓါတ်ရဲ့
မြင့်မြတ်မှုဂုဏ်ရည်ဆုကို
အလေးအမြတ်မပြုဘဲ မနေနိုင်။
သင်ချစ်တဲ့ခင်ပွန်းအတွက်
ကျခဲ့တဲ့မျက်ရည်စက်များဟာ
တလက်လက်ထိန်တောက်နေတဲ့
စိန်ကျောက်ပမာ အရောင်ဖြာပြီး
မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို
အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက်အဖြစ်
ထွန်းလက်တောက်ပမယ်လို့
ကျွန်ုပ်တို့ မုချယုံကြည်ပါတယ်။
မြန်မာပြည်သူတို့ရဲ့ ခံစားမှုကို
ကိုယ်စားပြုဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲက အလင်းရောင်ဟာ
အမှောင်ဟူသမျှ ဖြိုခွင်းပြီး
လွတ်လပ်ခြင်းပန်းတိုင်ရောက်ပါစေ။ ။

(ချစ်စွာသောဒေါ်စုသို့)
၂၉ ၊ မတ်၊ ၁၉၉ (တနင်္လာနေ့နံနက်ခင်း)


ဆရာကြီးဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်အား မီးလျှံထဲကကြာနှင့် ခိုင်းနှိုင်းကာ ဤသို့သီကုံးရေးဖွဲ့ခဲ့သည်။

မီးလျှံထဲကကြာ
(ဦးဝင်းတင်)

ရဲ – ဇွဲ – ဥာဏ် – စည်း – တာ
မကြောက်တရားတေးကဗျာ
မီးလျှံထဲကကြာ။ ။

ရဲဆိုတာ = ရဲရင့်ခြင်း။
ဇွဲဆိုတာ = စွဲမြဲခြင်း။
ဉာဏ်ဆိုတာ = ဉာဏ်ပညာကြီးမာခြင်း။
စည်းဆိုတာ = စည်းကမ်းရှိခြင်း။
တာဆိုတာ =တာဝန်သိခြင်း၊တာဝန်ယူခြင်း၊တာဝန်ခံခြင်း။


၂၀၁၀ပြည့်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပြန်လည်လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် အောင်ပွဲရသည့်တိုင် ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်းရေးဖွဲ့ခဲ့သည်။

အောင်ပွဲရသည့်တိုင်
(ဖျာပုံနီလုံဦး)

လွတ်ပြီတဲ့လွတ်ပြီ
တို့မြန်ပြည်ငြိမ်းချမ်းရေး
အောင်ဆန်းသွေးဇာနည်
အနာဂတ်မြန်မာပြည်
“ဒီမို” နှင့်လူ့အခွင့်အရေး။
ဒေါင်းမိခင် ရဲရဲတောက်
ဖောက်ထွက်မယ်လေး။
ကျွတ်ပြီကွဲ့ကျွတ်ပြီ
တို့ပြည်သူအေးချမ်းရေး
ဒေါင်းသွေးဇာနည်
အနာဂတ်တို့မျှော်ရည်
ကြည်ဖြူစွာ လက်တွဲရေး၊
တိုင်းရင်းသားစုံညီနဲ့
ဒုတိယပင်လုံမှာ ချစ်ကြည်နွေးပါလို့
မြတ်မိခင် ဒေါင်းလံလွှင့်
ကြွားဝင့်ပြီလေ။ ။

၂၇ ၊ ၉ ၊ ၂၀၁၀


ဆက်လက်ဖော်ပြပါမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts