>Aung Myo Tun – New features

>

၈ လေးလုံး (၂၃) နှစ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့  အမှတ်တရတွေ့ ဆုံကြတဲ့အခမ်းအနား
အောင်မျိုးထွန်း

သြဂုတ် ၈၊ ၂၀၁၁

အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေစတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ရတဲ့အခါ စိတ်ထဲမှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်း ကိုရဲလွင်နဲ့အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ်ငြိမ်သက်ခြင်း အစီအစဉ်ကို ဦး ဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့ ပထမပိုင်းကတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့အတွက်ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေး ကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်ရဲဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့ စိတ်နှလုံးတွေ ညှိုးချုံးနေကြမှာ အသေအချာပါဘဲ။ ဒီ အ ချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှားရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ရဲ့ စိတ် အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင်ရောက်နေမှာပါဘဲ။

လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေးလိုက်ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။ ဆရာတော်ကြီးရဲ့ သြ၀ါဒ က “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေကို မတပ်မက်ကြပါနဲ့။ အတွေးဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေတိုင်း မစားကြတဲ့စိတ်၊ ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ်တွေ ပေါ် ပေါက်လာပြီး အဲဒီစိတ်ထားတွေကတစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့ ဟောကြားသွား ပါတယ်။ အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသားဒီမိုကရေစီပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊မျိုးဆက်သစ်လူငယ်များနဲ့ ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အားနှစ်ထောင်ကျော်ခန့် လာရောက်ကြပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့ စာသင်တိုက်ရဲ့အပေါ်ထပ် အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့ရည်မှန်းချက်တွေအလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပ တဲ့ ၈ လေးလုံး (၂၃) နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီး တက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူ ဖွယ်ကောင်းလှပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့ဆောင်ရွက်ချက်တချို့ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျော မှုပေး ခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့ ကျွန်တော်တို့ယူဆပြီး ဒီ့ထက်ပိုတဲ့၊ ဒီ့ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့အနာဂတ်မှာ ဆက် လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့နဲ့အတူ ကျွန်တော်တို့တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ် ယုံကြည်လျက် ….။

ဓမ္မဝေပုလ္လ အသျှင် ဥဂ္ဂံသ၏ မေတ္တာပို့ ကဗျာ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts